ဧပြီလ ၁၀ ရက် သမ္မတအတုခံယူပြီး ခုနစ်ရက်မြောက်နေ့တွင် လွန်ခဲ့သော ငါးနှစ်ကျော်လုံးလုံး တောင်ငူ အကျဉ်း ထောင်နှင့် အတည်ပြု၍မရသော နေပြည်တော် စစ်တပ်ဝင်းတစ်ခုတွင် လျှို့ဝှက်အကျဉ်းချ ဖမ်းဆီးထားခဲ့သော သမ္မတဦးဝင်းမြင့်ကို မင်းအောင်လှိုင်က ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ကန့်သတ်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်ရုံမျှဖြင့် နိုင်ငံတကာအသိုက်အဝန်းက ၎င်းကို အသိအမှတ်ပြု လာမည်ဟု မျှော်လင့်ခဲ့မည်ဆိုလျှင် မင်းအောင်လှိုင် မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်ခဲ့ရပြီ ဖြစ်သည်။
ယခုအခါ နေပြည်တော်တွင် ကုလသမဂ္ဂက လက်ခံထားသော သမ္မတအစစ်နှင့် သမ္မတအတု နှစ်ဦးလုံး ရှိနေကြသည်။ သို့သော် သမ္မတအစစ်ကို နေပြည်တော်သို့ ရောက်ရှိလာကြသော နိုင်ငံတကာသံတမန်များ တရားဝင် တွေ့ဆုံခွင့် မရကြပေ။ တွေ့ဆုံရန် ကြိုးပမ်းမည်ဆိုလျှင် သမ္မတဦးဝင်းမြင့်ကို မင်းအောင်လှိုင် ချက်ချင်း ပြန်လည် ဖမ်းဆီး ချုပ်နှောင်မည်မှာ သေချာသည်။ အခြားတစ်ဖက်တွင် သမ္မတအတု မင်းအောင်လှိုင်ထံ ကုလသမဂ္ဂ နှင့် အာဆီယံနိုင်ငံများမှ သံတမန်များ မြန်မာပြဿနာ အဖြေရှာရန် သွားရောက်တွေ့ဆုံလျက် ရှိသည်။
လာမည့် စက်တင်ဘာလတွင် စတင်ကျင်းပမည့် (၈၁) ကြိမ်မြောက် အထွေထွေညီလာခံတွင် မင်းအောင်လှိုင်က Credential Committee အမြဲတမ်းအဖွဲ့ဝင် တရုတ်နှင့် ရုရှားနိုင်ငံတို့ အားကိုးဖြင့် ကုလသမဂ္ဂအမြဲတမ်း ကိုယ်စားလှယ်နေရာ ပြန်လည်ရရှိရန် Credential စိန်ခေါ်မှုအသစ် ပြုလုပ်လာနိုင်ပြီး၊ Credential Committee သည် မြန်မာအမြဲတမ်းကိုယ်စားလှယ်အရေး လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် မင်းအောင်လှိုင် ခန့်အပ် သော သံအမတ်အသစ် မည်သူ့ကို လက်ခံမည်ဆိုသည့် အဆုံးအဖြတ်ပေးရမည် ဖြစ်သည်။ ထိုအခြေအနေကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရပေလိမ့်မည်။
သို့သော် ဤတစ်ကြိမ် ကုလသမဂ္ဂသည် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော မြန်မာ့ပြဿနာကို အာဆီယံ က ဦးဆောင်ချမှတ်ထားသော “တူညီဆန္ဒ ငါးရပ်” အညီဖြေရှင်းရေး၊ ထိုသို့ဖြေရှင်းရာတွင် အာဆီယံ ဗဟိုပြုမှု (ASEAN Centrality) အရ အာဆီယံဦးဆောင်ဖြေရှင်းရေးကို လက်ခံထားခြင်းကြောင့် အာဆီယံက မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးသို့ ပြန်လည်တက်ရောက်ခွင့်ပေးခြင်း မပေးခြင်း ရပ်တည်ချက်က ကုလသမဂ္ဂ၏ ရပ်တည်ချက်အပေါ်ကို တိုက်ရိုက်အချိုးကျ သက်ရောက်ပါလိမ့်မည်။
ထို့ကြောင့် အာဆီယံအဖွဲ့ဝင်များထဲမှ သဘောထားတင်းမာသော နိုင်ငံများကို ကုလသမဂ္ဂလမ်းကြောင်းမှတဆင့် ဖိအားပေးရန် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ အားကိုးဖြင့် မင်းအောင်လှိုင် ဉာဏ်များမည် ဆိုလျှင်၊ နောက်ဆုံးတွင် ကုလသမဂ္ဂ- အာဆီယံ နှစ်ဖက်ညှပ်ဖိအားကိုသာ ရင်ဆိုင်ရဖွယ် ရှိနေပါကြောင်း ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



