ထိုင်းနိုင်ငံ စမုစခွန်ခရိုင်၊ မဟာချိုင်မြို့ ဝေလ ၁၀ လမ်းရှိ မြန်မာ့အလင်းအလုပ်သမားကူညီရေးအဖွဲ့၏ ရုံးခန်းငယ်လေးတစ်ခုအတွင်း အသက် ၂၉ နှစ်အရွယ် ထိုင်းရောက်မြန်မာအလုပ်သမား ကိုသားသားက သူ့ခန္ဓာကိုယ်အနှံ့ အရေပြားပေါ်ရှိ အကွက်လိုက်ထနေသော ဒဏ်ရာများကို ပြသနေသည်။
ရိုက်နှက်ကန်ကျောက်ထားသောဒဏ်ရာများမှာ အညိုအမည်းစွဲနေဆဲဖြစ်သလို ပွက်ပွက်ဆူနေသော ရေနွေးပူလောင်းခံရခြင်းကြောင့် ကိုသားသား၏ ကျောပြင်၊ လက်မောင်း၊ ကုပ်ပိုးနှင့် ခန္ဓာကိုယ်အနှံ့အပြားတွင် အရေပြားတို့ စုတ်ပြတ်သတ်နေသည်။
အသားနုများ အနာဖေးတက်လာ၍ ဖြူဖပ်ဖြူရော် ဖြစ်နေသည့်ဒဏ်ရာများ ကျက်စပြုလာနေပြီ ဖြစ်သော်လည်း ကိုယ်လက်လှုပ်ရှားမှုကောင်းကောင်းမလုပ်နိုင်သေးဘဲ နာကျင်နေသေးသည်ဟု ကိုသားသားက Myanmar Now သတင်းဌာနနှင့် ထိုရုံးခန်းငယ်လေးအတွင်း တွေ့ဆုံစဉ် ပြောသည်။
“စစချင်းတုန်းက အိပ်လို့တော့မရဘူး။ အိပ်လိုက်၊ မှောက်လိုက်၊ ထလိုက် အဲဒီလိုမျိုးပေါ့။ ရင်ဘတ် အောင့်လာပြီဆို ထလာလိုက်။ အဲဒီလိုမျိုးပဲ” ဒဏ်ရာများကို ပြသနေရင်း သူက ပြောသည်။
လွန်ခဲ့သည့် သုံးလဝန်းကျင်က ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး တရုတ်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် စကားပြန်အဖြစ် အလုပ်လုပ်ကိုင်နေရာမှ မြန်မာအလုပ်သမားကို အခြားလုပ်ငန်းခွင်သို့ ခေါ်ထုတ်သည်ဟု စွပ်စွဲကာ တရုတ်အမျိုးသမီးလုပ်ငန်းရှင်အပါအဝင် တရုတ်နိုင်ငံသားခြောက်ဦးက ၎င်းကို အခန်းပိတ်၍ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခဲ့ခြင်းဖြစ်သည်။

ခြေထောက်ဖြင့်ကန်ကျောက်ခြင်း၊ သံတုတ်၊ ဂေါက်ရိုက်တံတို့ဖြင့် အချက်ပေါင်းများစွာရိုက်နှက်ခြင်း၊ ပွက်ပွက်ဆူနေသောရေနွေးဖြင့်လောင်းခြင်း၊ လက်သည်းခွံများကို ပလာရာဖြင့် ဆွဲနုတ်ခြင်း စသည်ဖြင့် လူမဆန်စွာ ထပ်တလဲလဲ အဓမ္မ ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်ဟု ကိုသားသားက ဆိုသည်။
သို့ရာတွင် ကိုသားသားသည် ကံကောင်းထောက်မစွာ ကျောစိမ့်ဖွယ် ထိုငရဲခန်းမှ အသက်လုထွက်ပြေး လွတ်မြောက်ခဲ့သည်။ ထို့နောက် ဒဏ်ရာဗရပွဖြင့် အတိဒုက္ခရောက်နေသော ကိုသားသားသည် ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီနေသည့် မြန်မာ့အလင်းအလုပ်သမားကူညီရေးအဖွဲ့နှင့် ထိုင်းအခြေစိုက် ရှေ့နေအဖွဲ့များဖြင့် အချိတ်အဆက်ရခဲ့သည်။
၎င်းတို့၏ အကူအညီဖြင့် ကျူးလွန်သူများကို အရေးယူနိုင်ရန် ထိုင်းရဲတပ်ဖွဲထံ အမှုဖွင့်တိုင်ကြားပြီး တရားရုံးတွင် စွဲချက်တင်ရန် စီစဉ်ထားပြီဖြစ်သည်။
တုန်လှုပ်ချောက်ချားဖွယ်ရာ ထိုဖြစ်ရပ်သည် ပြီးခဲ့သည့် ရက်များတွင် ထိုင်းနှင့် မြန်မာသတင်းဌာနများတွင် ဟိုလေးတကြော်ကြော် ပျံ့နှံ့ခဲ့သည်။ ထိုင်းနိုင်ငံရှိ ထိုင်းနှင့် မြန်မာအလုပ်သမားများအရေး ကူညီနေသည့် အဖွဲ့အစည်းများကြားတွင် အလေးထားဖွယ်ရာ ကိစ္စရပ်တစ်ခုလည်းဖြစ်လာခဲ့သည်။
ငွေတိုးချေးပြီး ထိုင်းနိုင်ငံရှိ တရုတ်ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်လာခြင်း
ကိုသားသားသည် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း မွေးဖွားကြီးပြင်းခဲ့ပြီး ရှမ်းတိုင်းရင်းသား တစ်ဦးဖြစ်သည်။ တရုတ်စကား ရေရေလည်လည်ပြောနိုင်ပြီး ဝိုင်းမော်မြို့ကို ပတ်လည်ဝိုင်းထားသော တရုတ်ငှက်ပျောခြံများတွင် ၂၀၁၉ ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ တရုတ်- မြန်မာစကားပြန်အဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။
စစ်အာဏာသိမ်းထားသည့် မြန်မာတွင် တိုက်ပွဲများကျယ်ပြန့်လာခြင်းကြောင့် အလုပ်အကိုင်လည်း ပြောင်းလဲလာပြီး မိသားစုစားဝတ်နေရေးအတွက် ကြုံရာကျပန်းနှင့် မြစ်ဆုံတွင် ရွှေတူးဖော်သည့် အလုပ်များကိုလည်း ၂၀၂၂ နောက်ပိုင်းတွင် ကိုသားသား လုပ်ကိုင်ခဲ့သည်။
သို့ရာတွင် စားဝတ်နေရေးကျပ်တည်းလာမှုကြောင့် တစ်ရွာမပြောင်း သူကောင်းမဖြစ်ထုံးကို နှလုံးမူ၍ ဇနီးသည်၊ ၁၂ နှစ်အရွယ်သားနှင့် ငါးနှစ် အရွယ်သမီးလေးတို့ကိုခွဲခွာ၍ တိုင်းတစ်ပါးတွင် အလုပ်ရှာရန် ဆုံးဖြတ်ခဲ့သည်။
တရုတ်လူမှုကွန်ရက် Wechat မှတဆင့် သူငယ်ချင်းနှင့် အဆက်အသွယ်ရခဲ့ပြီး ပါကေးစက်ရုံတွင် တရုတ်- မြန်မာ စကားပြန်အလုပ်အတွက် လစာထိုင်းဘတ်နှစ်သောင်း ရမည်ဟုဆိုသဖြင့် ထိုအလုပ်လုပ်ရန် စိတ်ဝင်စားခဲ့သည်။ ထို့နောက် ကျပ်သိန်း ၃၀ ငွေတိုးယူ၍ ၂၀၂၆ မတ်လတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာလာခဲ့သည်။

နိုင်ငံကူးလက်မှတ်ဖြင့် တာချီလိတ်မြို့ မယ်ဆိုင်နယ်စပ်ဂိတ်ဖြတ်၍ ထိုင်းနိုင်ငံထဲသို့ ရောက်လာချိန် တရုတ်နိုင်ငံသားတစ်ဦးက လာကြိုခဲ့သည်။ အလုပ်နေရာသို့ရောက်ချိန် ပါးကေးစက်ရုံတွင်မဟုတ်ဘဲ ဆောက်လုပ်ရေးဆိုက်ဖြစ်နေသည်ဟု ကိုသားသားက ဆိုသည်။
“လစာက ဘတ်နှစ်သောင်းဆိုတော့ ကျွန်တော်တို့ဘက် နယ်ထက်စာရင်တော့ ပိုအဆင်ပြေတာပေါ့။ နှစ်သောင်းဆိုလည်းနှစ်သောင်းပေါ့။ အဲ့ဒါနဲ့ ကော်စန်း(ဆောက်လုပ်ရေး) မှာပဲလုပ်ဖြစ်တယ်” ဟု သူက ပြောသည်။
ထိုဆောက်လုပ်ရေးလုပ်ငန်းခွင်သည် ထိုင်းနိုင်ငံအရှေ့ပိုင်း နာမည်ကျော် ပတ္တရားကမ်းခြေတည်ရှိရာ ချုံဘူရီခရိုင်အတွင်းရှိ ဘန့်ဘွင်းမြို့နယ်၌ တည်ရှိသည်။ ထိုဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီသည် လုပ်သား ၃၀၀ ကျော်ရှိပြီး မြန်မာလုပ်သားအများအပြားရှိသည်။
ပါကေးစက်ရုံမဟုတ်ဘဲ ပိုပင်ပန်းသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တရုတ်-မြန်မာစကားပြန်အဖြစ် လုပ်ရသော်လည်း ငွေရမည်ကို တွေးဆ၍ ကြိတ်မှိတ်လုပ်ခဲ့သည်ဟု ကိုသားသားက ပြောသည်။
ထိုဆောက်လုပ်ရေးဆိုက်၌ လုပ်သားအများစုသည် မြန်မာဝန်ထမ်းများဖြစ်ပြီး သံချည်သံကွေးမှစ၍ တည်ဆောက်ရေးလုပ်ငန်းအားလုံးနီးပါးကို လုပ်ကိုင်ကြသည်ဟု လွန်ခဲ့သည့် သုံးလဝန်းကျင်က ထိုဆိုက်တွင် အလုပ်လုပ်ကိုင်ခဲ့သည့် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။
တရုတ်ကုမ္ပဏီတစ်ခုက တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ပြီး အလုပ်ကြမ်းသမားတစ်ဦးအနေဖြင့် တစ်လလျှင် ဘတ် ၁၅,၀၀၀ ဝန်းကျင်ရရှိကြောင်း၊ လုပ်ငန်းပေါ်မူတည်၍ လစာကွာခြားကြောင်း ၎င်းက ဆိုသည်။
သို့သော် အဆင်မပြေပေ။ ထိုဆောက်လုပ်ရေးဆိုက်တွင် တရုတ်လုပ်ငန်းရှင်များသည် လစာအပြည့်အဝမပေးဘဲ ကြိုတင်ချေးငွေသာ ထုတ်ချေးပေးပြီး အခြားအလုပ်သမားများသည်လည်း အလားတူလစာ မှန်မှန်မရကြကြောင်း ကိုသားသားက ပြောသည်။
ကုမ္ပဏီတွင် နှစ်လကြာ အလုပ်လုပ်ကိုင်ထားပြီဖြစ်၍ နှစ်လစာ ဘတ် ၄၀,၀၀၀ ရမည်ဖြစ်သော်လည်း ကြိုတင်ထုတ်ပေးငွေအဖြစ် ၂၄,၀၀၀ ဘတ်သာရခဲ့သည်။ ထို့နောက် ဧပြီလမကုန်မီ ရက်ပိုင်းအလိုတွင် ထိုအလုပ်မှ အပြီးထွက်ရန် ဆုံးဖြတ်ခဲ့သည်။ အခြားတစ်ဖက်တွင်လည်း ရရန်ရှိသော လစာကြွေးကျန် ဘတ် ၁၆,၀၀၀ ကို ရရန် မျှော်လင့်စောင့်စားနေခဲ့သည်။ ထိုလစာရလျှင် အိမ်ပြန်တော့မည်ဟု သူက တွေးထားသည်။
အလုပ်ထွက်ပြီးနောက်၊ ဧပြီလ ၂၈ ရက်တွင် အလုပ်သမားခေါင်းဆောင်က အသစ်ခန့်အပ်မည့် အခြားတရုတ်စကားပြန်အသစ်တစ်ဦးကို အလုပ်များလွှဲပြောင်းရန်ဟုဆိုကာ ပြောသဖြင့် အလုပ်သစ်မရမီ လစာကြွေးကျန်စောင့်နေစဉ် တစ်ရက်လုပ်တစ်ရက်စား ထိုအလုပ်ကို လက်ခံလုပ်ကိုင်ခဲ့သည်။
လုပ်အားခအကြွေးအစား ငရဲခန်းသို့ ရောက်ရှိသွား
ဧပြီလ ၃၀ ရက် ညနေပိုင်းတွင် လစာကြွေးကျန်ရှင်းပေးမည်ဆိုသဖြင့် ကားဖြင့်လာခေါ်သည့် တရုတ်သူဌေး၏ စကားကိုယုံပြီး သူတို့ခေါ်ဆောင်ရာသို့ ကိုသားသား လိုက်သွားခဲ့သည်။
သူဌေးဖြစ်သူ တရုတ်နိုင်ငံသား တဟန်(ခေါ်) ရှင်းရန် နှင့် အခြားတရုတ်နိုင်ငံသားများက BMW နှင့် Ford အမျိုးအစားကားနှစ်စီးဖြင့် ကိုသားသားကို ထိုဆောက်လုပ်ရေးဆိုက်ထဲသို့ လာခေါ်ခဲ့ခြင်းဖြစ်သည်။ တဟန်သည် ကိုသားသား ထိုင်းနိုင်ငံသို့ထွက်လာစဉ် ကားဖြင့် ကိုယ်တိုင်လာကြိုခဲ့သူဖြစ်သည်။
သူဌေးဖြစ်သူ တဟန် မောင်းနှင်သည့် BMW ကားနောက်ခန်းတွင် ကိုသားသားက ဝင်ထိုင်ပြီး သူ၏ ဘေးတစ်ဖက်စီတွင် တရုတ်နိုင်ငံသားတစ်ဦးနှင့် တရုတ်စကားပြန် မြန်မာတစ်ဦးတို့ ထိုင်ကြသည်။ အခြားတရုတ်နိုင်ငံသားတစ်ဦးက Ford ကားကို ရှေ့မှမောင်းသည်။ ကိုသားသားတို့ကားက နောက်မှ လိုက်ပါလာခဲ့သည်။
၄၅ မိနစ်ကြာ ကားမောင်းလာပြီးနောက် တရုတ်၊ ဂျပန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စက်မှုဇုန်လုပ်ငန်များ တည်ရှိရာ လရောင်ခရိုင် Amata City ဧရိယာအတွင်း Sawadee Chill Park အမည်ရှိ ပျဉ်ထောင်နှစ်ထပ် ဟော့ပေါပ်ဆိုင်ရှေ့သို့ရောက်ရှိခဲ့သည်။

ထိုဆိုင်သို့ ရောက်ရှိသွားချိန်တွင် ညနေ ၅ နာရီဝန်ကျင်ခန့်ရှိပြီဖြစ်ပြီး ဟော့ပေါ့ပ်လာစားသူများလည်း မရှိသေးပေ။ ထို့နောက် ကားပေါ်ကဆင်းလာပြီး တရုတ်နိုင်ငံသားနှစ်ဦးက သူ့ကို ဘေးတစ်ဖက်စီတွင် ညှပ်ပိတ်ခြံရံပြီး ဆိုင်ရုံးခန်းသဖွယ်အသုံးပြုသော မှန်တံခါးများတပ်ထားရာ အခန်းငယ်တစ်ခုထဲသို့ ခေါ်လာခဲ့သည်။ အခန်းထဲရောက်သည်နှင့် တံခါးကို ချက်ထိုးပိတ်လိုက်ပြီး ခုံတစ်ခုဖြင့် အခန်းတံခါးကို ပိတ်ထားသည်ဟု ကိုသားသားက ပြောသည်။
ထိုအခန်းထဲတွင် တရုတ်နိုင်ငံသား အမျိုးသားလေးဦး၊ အမျိုးသမီးနှစ်ဦးနှင့် ကျောက်ပန်းတောင်းမြို့မှ လာရောက်အလုပ်လုပ်သည့် တရုတ်စကားပြန် မြန်မာနိုင်ငံသားတစ်ဦးကိုလည်း ထိုင်ခိုင်းထားသည်။ ထိုအခန်းထဲဝင်ဝင်ချင်း တဟန်က ခြေထောက်ဖြင့် စကန်သည်ဟု ကိုသားသားက ပြောသည်။
“ဘာဖြစ်လို့ကန်တာလဲမေးတော့ မင်းစကားပိတ်တဲ့။ ဘာမှမပြောနဲ့ဆိုပြီး မှောက်လျက်လုပ်ခိုင်းပြီးတော့ ရိုက်တာ။ သံတုတ်နဲ့ အရင်ထုတာ” ဟု ၎င်းက ဆိုသည်။
“ကျွန်တော်က တောင်းပန်တယ်။ မင်းတောင်းပန်တာမလိုချင်ဘူးပေါ့နော်။ အဲ့ဒါနဲ့ ရိုက်တာ။ ဘာဖြစ်လို့ ရိုက်တာလဲ။ ကျွန်တော်ဘာမှားလို့လဲပြောတယ်။ အဲ့ဒါနဲ့ မင်းဘာဖြစ်လို့ စကားတွေ ဒီလောက်ရစ်နေတာ လဲဆိုပြီးတော့ ခြေထောက်နဲ့ကန်၊ ပြီးရင် ဂေါက်တံတွေ ဆွဲထုတ်လာတာ။ ဂေါက်တံကိုမှ အကြီးကြီးပဲ။ ကျွန်တော်ကို တင်ပါးတွေ၊ ကျောကုန်းတွေ အကုန်ရိုက်တယ်” ဟု ၎င်းက ဆိုသည်။
ရိုက်နှက်ခံရသည့် အချက်ရေပင်မရေတွက်နိုင်ကြောင်း သူက ဆိုသည်။

ထို့နောက် တရုတ်သူဌေးမဟုယူဆရသည့် အမျိုးသမီးကလည်း သူ့ကို ခြေထောက်နှင့်စကန်ကျောက်ပြီး ရေနွေးပူဖြင့်စလောင်းတော့သည်ဟု သူကပြောသည်။ အခြားတရုတ်နိုင်ငံသားများက ထွက်မပြေးနိုင်ရန် အခန်းထဲတွင် ဝိုင်းဝန်းပိတ်ဆို့ထားကြသည်ဟု သိရသည်။
စားပွဲပေါ်တွင် သုံးမိနစ်လျှပ်စစ်ရေနွေးအိုးကို တည်ထားပြီး ရေနွေးကို ငါးကြင်းခွက်ဖြင့် ထည့်၍ ခန္ဓာကိုယ်ပေါ်လောင်းချသည်။ သူ့ကို နှိပ်စက်နေစဉ် မြန်မာစကားပြန်တစ်ဦးကို ထိုင်ကြည့်ခိုင်းပြီး နောက်နောင်မလုပ်ရဲအောင် အကြောက်တရားသွင်းပေးနေပုံရကြောင်း ကိုသားသားက ယူဆသည်။
ထိုအချိန်ထိ ကိုသားသားသည် နှိပ်စက်သည့်အကြောင်းအရင်းကို သေချာမသိသေးဘဲ နောက်ပိုင်းမှသာ အကြောင်းအရင်းကို သဘောက်ပေါက်သွားသည်။
တရုတ်အမျိုးသမီးက လုပ်ငန်းခွင်မှ မြန်မာအလုပ်သမားများကို ကိုသားသားက ခေါ်ထုတ်သွားသဖြင့် မကျေနပ်၍ ယခုကဲ့သို့နှိပ်စက်ကြောင်း စကားပွင့်လာသည်ဟု သူက ဆိုသည်။
“မင်း..ငါ့လူတွေကို ဘယ်ခေါ်ထုတ်သွားတာလဲ။ ကျွန်တော်က အဲ့ဒါနဲ့ မျက်လုံးပြူးသွားတယ်။ ဘာလူတွေလဲပေါ့။ သူ့အလုပ်သမားတွေခေါ်ထုတ်တာတဲ့” တရုတ်နိုင်ငံသားများ၏ ပြောဆိုချက်ကို ၎င်းက ပြန်လည်ပြောပြာသည်။
စင်စစ်အားဖြင့် ထိုဆောက်လုပ်ရေးဆိုက်ထဲသို့ အလုပ်သမားသွင်းပေးသည့် တရုတ်ပွဲစားတစ်ဦးက စကားပြန်ပေးရန် တောင်းဆိုလာ၍ ကူညီခဲ့ကြောင်း၊ ကိုသားသား၏ မိတ်ဆွေနှစ်ဦးမှာလည်း ဆောက်လုပ်ရေးမလုပ်နိုင်၍ အလုပ်ထွက်ခဲ့ကြောင်း ထိုအခြေအနေကို အလုပ်သမားခေါ်ထုတ်သည်ဟု ယူဆချက်ဖြင့် ယခုကဲ့သို့ ရိုက်နှက်ခြင်းဖြစ်သည်ဟု ကိုသားသားက ဆိုသည်။

အဓိကအားဖြင့် တရုတ်သူဌေးတဟန်၊ ကိုယ်ဝန်ဆောင်သည် တရုတ်သူဌေးမနှင့် အခြားလူငယ်တရုတ်နိုင်ငံသားတို့က ကိုသားသားကို ရိုက်နှိက်ကြသည်။
“မနာဘူးတဲ့၊ မျက်ရည်မကျလို့ဆိုပြီးမှ လည်ကုပ်နေရာကို ခြေထောက်နဲ့နင်းပြီး ရေနွေးပူနဲ့လောင်းတယ်” ဟု သူက ဆိုသည်။
တဟန်ဆိုသူက လက်ဖြတ်ခြင်း၊ လက်သည်းကို ပလာရာဖြင့်ဆွဲခွာခြင်းစသဖြင့် နှိပ်စက်သည့် ရုပ်သံမှတ်တမ်းကို ပြသသည်။ ထို့နောက် တရုတ်သူဌေးမက ထိုကဲ့သို့ နှိပ်စက်ရန် ပြောဆိုသည်။ သို့သော် ဘယ်သူမှ မလုပ်သဖြင့် သူကိုယ်တိုင် ပလာရာအသစ်တစ်ချောင်းယူကာ လက်သည်းခွာသည်။ လက်သည်းမရှည်၍ ခွာမရသဖြင့် လက်ထိပ်များကို ပလာရာဖြင့်ညှပ်ကြောင်း ကိုသားသားက ဆိုသည်။
“ခွေးလိုပဲနေခိုင်းထားတယ်။ ရေနွေးပူလောင်းလိုက်၊ ရိုက်လိုက်အဲဒီလိုမျိုးပေါ့။ ခြေထောက်နဲ့ကန်လိုက်၊ ရိုက်လိုက်။ လုံးဝထပိုင်ခွင့်မရှိဘူး။ မတ်တတ်ရပ်ပိုင်ခွင့်မရှိဘူး။ မတ်တတ်ရပ်တာနဲ့ ရိုက်တော့တာပဲ” ဟု ထိတ်လန့်ဖွယ်ရာ ထိုဖြစ်ရပ်ကို သူက ပြန်လည်ပြောပြခဲ့သည်။

ထိုကဲ့သို့ နှိပ်စက်နေသည်မှာ ညနေ ၅ နာရီမှ ည ၉ နာရီထိ ကြာသည်။ နောက်ဆုံးတွင် ရေနွေးအိုး လေးအိုးမြောက်လောင်းပြီးနောက် သူဌေးတဟန်က သူ့ကို အသေသတ်မည်။ စကားမပြောနိုင်ရန်လုပ်မည်ဆိုကာ ရေနွေးကို ပါးစပ်ထဲလောင်းထည့်ရန် နောက်ထပ် ရေနွေးတစ်အိုးထပ်တည်ထားသည်။
“သေအောင်သတ်မယ်တဲ့၊ စကားမပြောနိုင်အောင်လုပ်မယ်တဲ့။ သူဌေးမက ရေးနွေးအိုးကျက်မှ လောင်းထည့်တဲ့။ အဲ့ဒါနဲ့ ရေနွေးအိုးက ကျက်သွားပြီ။ ကျက်တော့ ခွက်ထဲထည့်ပြီး ကျွန်တော့်ကို ပါးစပ်ညှစ်ပေးတယ်။ တစ်ယောက်က ကုပ်ကိုကိုင်ထားတာ။ ပါးစပ်ကို ညှစ်သွားပြီး လောင်းထည့်မယ့် အချိန်မှာပဲ ခေါင်းရမ်းပစ်တယ်။ အဲ့ဒီကနေ ရုန်းထွက်ပြီးပြေးတာ” ဟု သူက ဆိုသည်။
ထွက်ပြေးလွတ်မြောက်ခြင်း
ရေနွေးပူပါးစပ်ထဲလောင်းထည့်ရန် ၎င်းကို ဒူးထောက်ခိုင်းထားချိန် ရုံးတံခါးပေါက်နှစ်ဖက်တွင် တံခါးချက် ချထားခြင်းမရှိဘဲ အတင်းရုန်းထွက်ကာ လူတစ်ကိုယ်စာဝင်ထွက်နိုင်အောင် တံခါးဆွဲဖွင့်၍ တောလမ်းအတိုင်း ထွက်ပြေးခဲ့သည်ဟု ကိုသားသားက ပြောသည်။
သူ့နောက်ကို တရုတ်နိုင်ငံသားများလိုက်ဖမ်းသော်လည်း မျက်ခြည်ပြတ်သည်အထိ ထွက်ပြေးခဲ့ပြီး လမ်းတွင် တွေ့သည့် ထိုင်းနိုင်ငံသားများကို အကူအညီတောင်းခဲ့သည်။ ထိုင်းရဲနှစ်ဦးကို ခေါ်ပေးပြီး အကျိုးအကြောင်းကို ရှင်းပြသည်။ ထိုင်းရဲနှစ်ဦးက သူတို့နေထိုင်ရာ လမ်းဘေးတိုက်ခန်းအနီးတွင် ကိုသားသားကို နေထိုင်ခိုင်းထားသည်။
နံနက်လင်းချိန်တွင် အခင်းဖြစ်ပွားရာ ဟော့ပေါ့ပ်ဆိုင်သို့ လိုက်ပြပြီး ဆိုင်ဝန်ထမ်းများကို မေးသည်။ သို့ရာတွင် သူဌေး မလာသေးဟုဆိုသဖြင့် ထိုင်းရဲနှစ်ဦးက ကိုသားသားကို ပြန်ခေါ်ပြီး လမ်းဘေးတွင် ချပေးခဲ့သည်။
ထို့နောက် လမ်းပေါ်တွင် ငါးနာရီကြာလမ်းလျှောက်ပြီးနောက် မြန်မာအလုပ်သမားများ၏ အကူအညီဖြင့် သူနေထိုင်သည့် အဆောင်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ သူ့ကိုနှိပ်စက်သည့် တရုတ်နိုင်ငံသားများက လိုက်လံရှာဖွေနေသည်ဟု ပြန်ကြားရကြောင်း သိရသည်။ သုံးရက်ကျော်ကြာပြီးနောက် မြန်မာ့အလင်း အလုပ်သမားကူညီရေးအဖွဲ့နှင့် အဆက်အသွယ်ရခဲ့သည်။
ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်သည့် နိုင်ငံခြားသားအလုပ်ရှင်က နိုင်ငံခြားသားအလုပ်သမားကို ညှဉ်းပန်းနှိပ်စက်သည့် ပထမဆုံးဖြစ်စဉ်ဟုဆိုနိုင်ကြောင်း မြန်မာ့အလင်း အလုပ်သမားကူညီရေးအဖွဲ့ ဦးဆောင်သူ ကိုနေလင်းသူက Myanmar Now ကို ပြောသည်။
၎င်းတို့နှင့် စတင်ဆက်သွယ်ချိန်မှစ၍ ထိုင်းရှေ့နေများအဖွဲ့နှင့် ပူးပေါင်းပြီး ဥပဒေအတိုင်း အရေးယူရန် ပူးပေါင်းဆောင်ရွက်နေကြောင်း သူက ဆိုသည်။
“ဒီအမှုက လူမဆန်စွာနဲ့ လူသားချင်းစာနာမှုကင်းမဲ့စွာနဲ့ နှိပ်စက်မှုကြီးက တအားကြီးကို ပြင်းထန်တယ်” ဟု သူက ဆိုသည်။
ထိုအမှုသည် မြန်မာနိုင်ငံသားများသာမက ထိုင်းနိုင်ငံသားများကိုပါ ခြိမ်းခြောက်နေသည့်အမှုဖြစ်ပြီး ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေကြောင်းအရ မှန်မှန်ကန်ကန်အရေးယူရန် ကိုသားသားအပါအဝင် ယခုဖြစ်စဉ်တွင် လိုက်ပါကူညီနေသည့် အဖွဲ့အစည်းတိုင်းက တိုက်တွန်းထားကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် နှိပ်စက်မှုကျူးလွန်ကြောင်း သံသယဖြင့် တရုတ်နိုင်ငံသားခြောက်ဦးကို လရောင်းခရိုင် Pluak Daeng ရဲစခန်းတွင် စုံစမ်းစစ်ဆေးနေသည်။ သို့ရာတွင် အဓိကနှိပ်စက်သည့် ခေါင်းဆောင် တဟန်(ခေါ်) ရှင်းရန်သည် မေလ ၁၂ ရက်နေ့တွင် ဘန်ကောက်မြို့မှတဆင့် မလေးရှားသို့ လေယာဉ်စီးထွက်ပြေးသွားကြောင်း ထိုအမှုကို လိုက်ပါကူညီနေသည့် ထိုင်းနိုင်ငံသား မစ္စတာတွန်က ဆိုသည်။

ကျန်ငါးဦးအနက် ရေနွေးပူဖြင့်လောင်းသည့် ကိုယ်ဝန်ဆောင်သည်အမျိုးသမီးနှင့် အဟွမ်ဟုခေါ်သည့် တရုတ်နိုင်ငံသားကို အမှုဖွင့်၍ တရားရုံးတွင် စွဲချက်တင်ထားပြီဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် အာမခံဖြင့် အချုပ်ခန်းပြင်ပမှ အမှုရင်ဆိုင်ခွင့်ရမည်ဟု သိရသည်။ အခြား သုံးဦးကိုမူ အချက်အလက်များစစ်ဆေး၍ မှန်ကန်ပါက အမှုဖွင့်ရန် ဆက်လက်ဆောင်ရွက်မည်ဟု သိရသည်။
“ထိုင်းနိုင်ငံမှာ (ရာဇဝတ်မှုနဲ့တိုင်ခံရတဲ့)သူ့ကိုအချုပ်ထဲထည့်တယ်။ တရားရုံးကို ပို့လိုက်တဲ့အချိန်မှာ ပကန်(အာမခံ) နဲ့ထွက်လို့ရတယ်။ အပြင်မှာထွက်ပြီး အမှုကိုရင်ဆိုင်ရတယ်။ နှစ်ယောက်ကတော့ အာမခံပေးပြီး အပြင်မှာအမှုရင်ဆိုင်နေတယ်။ ဒါပေမဲ့ သူပြေးမရဘူး။ ပတ်စ်ပို့က တရားရုံးမှာ သိမ်းထားပြီ” ဟု ၎င်းက ဆိုသည်။

မေလ ၁၃ ရက်တွင် Pluak Daeng ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးအရာရှိများက ကိုသားသားကို ဆင့်ခေါ်၍ ၎င်းကိုနှိပ်စက်ခဲ့သူ တဟန်နှင့်ပတ်သက်သည့် အချက်အလက်များကို အပြီးသတ်စိစစ်အတည်ပြုကာ ဖမ်းဝရမ်းထုတ်လိုက်ပြီး နိုင်ငံတကာရဲတပ်ဖွဲ့၊ သံတမန်လမ်းကြောင်းများမှ ၎င်းကို ဖမ်းမိနိုင်ရန် ဆောင်ရွက်မည်ဟု မစ္စတာတွန်က ဆိုသည်။
“သူ့ကို မလေးမှာ မဖမ်းမိရင်တောင်မှ မလေးတစ်နိုင်ငံပဲရမယ်။ နောက်တစ်နေရာကို လေယာဉ်နဲ့ ဆက်သွားလို့မရတော့ဘူး။ သွားရင် Immigration မှာ မိပြီပေါ့။ အဲ့ဒီအတွက်လည်း စိတ်မပူနဲ့။ နောက်တစ်ချက်က အမှုကိုင်တဲ့အရာရှိတွေက စိတ်မပူနဲ့ ဒီအမှုကို အကောင်းဆုံးနဲ့ အမြန်ဆုံးဖြစ်အောင် လုပ်ဆောင်ပေးမယ်” ဟု ရဲအရာရှိများ၏ ပြောဆိုချက်ကို မစ္စတာတွန်က ဆိုသည်။
သို့ရာတွင် ထိုတရုတ်နိုင်ငံသား ခြောက်ဦးသည် ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဟော့ပေါ့ပ်ဆိုင်များတွင် မည်သည့်တာဝန်များယူထားပြီး အကျိုးစီးပွားမည်သို့ ပါဝင်နေသည်ကို Myanmar Now အနေဖြင့် ရှင်းရှင်းလင်းလင်းမသိရသေးပေ။
၎င်းတို့သည် စပ်တူလုပ်ငန်းရှင်များဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းအတွင်း အလုပ်သမားများ သွင်းပေးသလို ဆောက်လုပ်ရေးလုပ်ငန်းများကို ပုတ်ပြတ်လုပ်ကိုင်ကြောင်း၊ ဟော့ပေါ့ပ်ဆိုင်ကိုမူ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးက ပိုင်ဆိုင်ကြောင်း ၎င်းတို့က ဆိုကြသည်။
ထိုဟော့ပေါ့ပ်ဆိုင်တွင် ထိုင်းဘာသာဖြင့်ရေးသားချိတ်ဆွဲထားသော ကုမ္ပဏီအမည်နှင့် လိပ်စာများကို Data For Thai ဝက်ဘ်ဆိုက်တွင် ရှာဖွေကြည့်ရာ ကုမ္ပဏီအမည် JI HE DI Co., Ltd.(บริษัท จี้เหอดี้ จำกัด) ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဧပြီလတွင် မှတ်ပုံတင်ထားသည်။ ထိုကုမ္ပဏီကို ထိုင်းနှင့် တရုတ်ရှယ်ယာ ၅၀ ရာခိုင်နှုန်းစီ အချိုးတူပိုင်ဆိုင်ကြောင်း ဖော်ပြထားသည်။
မေလ ၁၃ ရက်တွင် ကိုသားသားကို နှိပ်စက်ခဲ့သည့် ဟော့ပေါ့ပ်ဆိုင်သို့ ကာယကံရှင်အပါအဝင် ၎င်းကို ကူညီနေသူများနှင့် Myanmar Now သတင်းထောက်များက သွားရောက်ခဲ့သည်။ လက်ရှိတွင် ဆိုင်ကို ပိတ်ထားသည်။

ရက်ရက်စက်စက်နှိပ်စက်ခံရသည့် နေရာသို့ ကိုသားသားပြန်ရောက်သွားချိန်တွင် ကြောက်လန့်မှုထက် ခံပြင်းဒေါသထွက်မှုက ပိုကြောင်း ထိုဆိုင်ရှေ့တွင် သူက ပြန်ပြောပြသည်။
“အဲ့လိုမျိုးတော့ကျွန်တော်မကြောက်ဘူး။ ကိုယ်မှားတာမှမဟုတ်တာ။ ကြောက်တော့မကြောက်ဘူး။ ဒါပေမဲ့ အဲ့ဒီနေရာကိုတွေ့လိုက်ရင် အဲ့ဒီတရုတ်တွေကို တအားစိတ်တိုမိတယ်” ဟု ၎င်းက ဆိုသည်။
သို့သော် ၎င်းကြုံတွေ့ရသကဲ့သို့ ဘဝတူအလုပ်သမားများကို မခံရရန် ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ရင်ဆိုင်သွားမည်ဖြစ်ပြီး လျော်ကြေးဖြင့် ချွေးသိပ်မှုကို ထည့်သွင်းစဉ်းစားမည်မဟုတ်ဟု သူက ဆိုသည်။ ထို့အပြင် နောက်နောင်မဖြစ်ပွားရန် ၎င်း၏ အမှုကို ဥပဒေနှင့်အညီထိထိရောက်ရောက်အရေးယူပေးရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
အိမ်ပြန်လာရန် မျှော်နေသည့် မိသားစုကိုလည်း အမှုပြီးဆုံးသည်အထိ စိတ်ရှည်စွာစောင့်စားပေးရန် ပြောထားသည်ဟု သူက ဆိုသည်။
ရှမ်းပြည်နယ် မိုးမိတ်မြို့တွင် နေထိုင်နေသည့် ဇနီးဖြစ်သူ အသက် ၂၉ နှစ်အရွယ် ဒေါ်သူဇာနွယ်က အသက်ဘေးမှလွတ်မြောက်ခဲ့သည်ကိုဝမ်းသာရပြီး အမြန်ဆုံးအိမ်ပြန်လာရန်မျှော်လင့်နေသည်ဟု Myanmar Now ကို ပြောသည်။
ကိုသားသား ထိုင်းကိုထွက်သွားစဉ်က လုပ်အားခပြန်ပို့လျှင် လယ်နှင့် နွားဝယ်၍ သီးနှံစိုက်မည်ဟု စိတ်ကူးယဉ်ထားမှုများကို လွှတ်ချလိုက်ပြီဖြစ်ကြောင်း သူက ဆိုသည်။
“အိမ်ပြန်လာဖို့ပဲ။ ဒါပဲမျှော်လင့်တယ်။ ကျန်တာဘာမှမမျှော်လင့်ဘူး”



