အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အတုအယောင်ရွေးကောက်ပွဲမှတဆင့် သမ္မတတုရာထူး ရယူခဲ့ပြီးနောက် အိမ်နီးချင်းအင်အားကြီး အိန္ဒိယနှင့် တရုတ်နိုင်ငံများသို့ သွားရောက်နိုင်ခဲ့သည်။ ထိုခရီးစဉ်များကို ၎င်း၏ ရက် ၁၀၀ ဆောင်ရွက်ချက်များအထဲမှ အိမ်နီးချင်း သံတမန် ဆက်ဆံရေး အောင်မြင်မှုများအဖြစ် သတ်မှတ်မည်ဖြစ်သည်။ ထိုခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီတို့က မင်းအောင်လှိုင်ကို ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည်ခံပြီး၊ မြန်မာနိုင်ငံရှိ ၎င်းတို့စီမံကိန်းများ၏ လုံခြုံရေးကို အပြည့်အဝ အကာအကွယ်ပေးရန်နှင့် ထိုစီမံကိန်းများ လုံခြုံစိတ်ချစွာ အကောင်အထည်ဖော်နိုင်မည့် ပတ်ဝန်းကျင်ဖန်တီးပေးရန် တောင်းဆိုခဲ့ကြသည်။
ထိုခရီးစဉ်များကအပြန် ကြိုတင်စီစဉ်ထားသော လူအုပ်ကြီးဖြင့် မင်းအောင်လှိုင်ကို လေဆိပ်တွင် ကြိုဆိုခဲ့ သည့် သတင်းဓာတ်ပုံများကို စစ်တပ်ဝါဒဖြန့် သတင်းမီဒီယာများက ဝေဝေဆာဆာဖြန့်ချိခဲ့သော်လည်း၊ ၎င်း၏ အပြုံးမျက်နှာနောက်ကွယ်တွင် သယ်ပိုးခဲ့ရသော ဖိအားများကို အသေအချာ အကဲခတ်နိုင်မှ စစ်ခေါင်းဆောင်၏ အခြေအနေမှန်ကို နားလည်နိုင်မည် ဖြစ်သည်။
မင်းအောင်လှိုင်၏ အဖြစ်က ၁၉ ရာစုခေတ်က အနောက်တိုင်းတွင် ပေါ်ပေါက်ခဲ့သော အသုံးအနှုန်းတစ်ခု ဖြစ်သည့် “အခမဲ့ နေ့လယ်စာဟူ၍ မရှိ” (There is no such thing as a free lunch) ဆိုသည့် စကားကို သတိရစရာ ဖြစ်လာသည်။ ထိုအသုံးအနှုန်းသည် အဖျော်ယမကာဆိုင်တစ်ခု၏ “အခမဲ့ နေ့လယ်စာ” ကြော်ငြာမှ စတင်ခဲ့သည်။ ထိုကြော်ငြာကြောင့် အခမဲ့နေ့လယ်စာ ဝင်စားကြသူ အများအပြားသည် အငန်ဓာတ်ကဲစွာ ပြင်ဆင်ထားသော အစားအစာကို စားသောက်စဉ် ဆိုင်တွင်ရောင်းချသော အဖျော်ယမကာများကို မှာယူသောက်သုံးခဲ့ကြရသဖြင့် ကုန်ကျစရိတ်မှာ နေ့လယ်စာတန်ဖိုးထက် ပို၍များသွားသည်။ အဖျော်ယမကာဆိုင်မှာ အကျိုးအမြတ်ကြီးမားစွာ ရရှိခဲ့သည်။
ထိုဖြစ်ရပ်ကို အကြောင်းပြု၍ မည်သည့်အရာမျှ အလကားမရနိုင်ဘဲ အပေးအယူ အမြဲရှိတတ်သည့်သဘောကို နိုင်ငံတကာဆက်ဆံရေးလောကတွင် သုံးနှုန်းဖော်ညွှန်းလေ့ရှိသည်။ ထိုနည်းတူစွာ ဝန်ကြီးချုပ် မိုဒီနှင့် သမ္မတ ရှီကျင့်ဖျင်တို့ ဖိတ်ခေါ်ကျွေးမွေးခဲ့သော အခမဲ့နေ့လယ်စာကို ဝမ်းသာအားရ စားသုံးနေစဉ် မြန်မာနိုင်ငံရှိ ၎င်းတို့၏ မဟာဗျူဟာစီမံကိန်းများကို အပြည့်အဝ အကာအကွယ်ပေးရန် တောင်းဆိုခြင်းကို မင်းအောင်လှိုင် ခံလိုက်ရသည်။ တနည်းအားဖြင့် အချုပ်အခြာအာဏာဆိုင်ရာ အာမခံချက် (Sovereign Guarantee) ပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ ကုလားတန် မြစ်ဝှမ်းစီမံကိန်း၊ တရုတ်နိုင်ငံ၏ ပိုးလမ်းမရပ်ဝန်းနှင့် လမ်းကြောင်း (Belt and Road Initiative- BRI) စီမံကိန်းအောက်တွင် အကောင်အထည်ဖော်လျက်ရှိသော တရုတ်- မြန်မာ စီးပွားရေး စင်္ကြံလမ်းမ (China-Myanmar Economic Corridor- CMEC) စီမံကိန်းများကို အပြည့်အဝ အကာအကွယ် ပေးပါမည်ဟု မင်းအောင်လှိုင် ကတိကဝတ် ပြန်ပေးခဲ့ရခြင်းက အခမဲ့နေ့လယ်စာတန်ဖိုးနှင့် မမျှသော်လည်း၊ ၎င်း အလွန်လိုအပ်နေသော သမ္မတတု အသိအမှတ်ပြုလွှာရရှိရေးက အရာအားလုံးထက် ပို၍အရေးကြီးနေသည် မဟုတ်ပါလား။
အာဏာသိမ်းပြီးနောက် နိုင်ငံတော်သမ္မတ လုပ်ချင်စိတ်သာများနေပြီး၊ နိုင်ငံကိုဂုဏ်သိက္ခာရှိရှိ အုပ်ချုပ်နိုင်စွမ်း မရှိဖြစ်နေချိန်၊ သမ္မတရှီနှင့် ဝန်ကြီးချုပ်မိုဒီတို့၏ အသိအမှတ်ပြုမှု အလွန်လိုအပ်နေချိန်တွင် ထိုခေါင်းဆောင် နှစ်ဦး တောင်းဆိုသော ၎င်းတို့၏ မဟာဗျူဟာစီမံကိန်းများကို လက်တွေ့အကာအကွယ်ပေး နိုင်စွမ်းမရှိသော ပကတိ အရှိတရားကို ဖုံးကွယ်လျက် အပြုံးမျက်နှာဆောင်၍ မင်းအောင်လှိုင် ကတိကဝတ်ပေးခဲ့ခြင်းက ရှက်ဖွယ် ကောင်းလှပေသည်။
ရှီနှင့်မိုဒီတို့၏ နေ့လယ်စာကို အချုပ်အခြာအာဏာဆိုင်ရာ အာမခံချက်ဖြင့် လဲလှယ်စားသုံးခဲ့သူ
စင်စစ် နေပြည်တော်အာဏာကို ချုပ်ကိုင်ထားနိုင်သော မင်းအောင်လှိုင်သည် တရုတ်နှင့် အိန္ဒိယတို့၏ မဟာဗျူဟာ စီမံကိန်းနယ်မြေများကို မြေပြင်တွင် အမှန်တကယ် ချုပ်ကိုင်ထားသူ မဟုတ်ပါ။ ထိုအချက်ကို ၎င်းကိုယ်တိုင် ကောင်းစွာ သိရှိထားပြီး၊ သမ္မတရှီနှင့် ဝန်ကြီးချုပ်မိုဒီတို့လည်း သိရှိနေပါလိမ့်မည်။ သို့သော် နေပြည်တော်၏အာဏာ သက်ရောက်မှုမရှိသည့် နယ်မြေများရှိ ၎င်းတို့၏ စီမံကိန်းများကို အကာအကွယ်ပေးရန် တရုတ်နှင့် အိန္ဒိယ ခေါင်းဆောင်များသည် အဘယ်ကြောင့် မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ သမ္မတအဖြစ် လက်ခံကြိုဆို၍ နေ့လယ်စာကျွေးမွေးပြီး တောင်းဆိုနေသနည်း။
အဖြေက ရိုးရှင်းပါသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံ၏မြို့တော် သို့မဟုတ် အစိုးရအဖွဲ့၏ အာဏာဗဟိုချက်အဖြစ် နိုင်ငံတကာက သတ်မှတ်ထားသော နေပြည်တော်ရှိ အစိုးရအဖွဲ့ယန္တရားများ အားလုံးကို မင်းအောင်လှိုင်က ထိန်းချုပ်ထားနိုင်ခဲ့ပြီး၊ ယခင် အစိုးရအဆက်ဆက် နှစ်နိုင်ငံအစိုးရအချင်းချင်းအကြား ချုပ်ဆိုထားခဲ့ကြသော စာချုပ်များကို ၎င်း၏လက်ဝယ် ချုပ်ကိုင်ထားနိုင်ခဲ့သည်။ ဗဟိုဘဏ်အပါအဝင် နိုင်ငံ၏ ငွေကြေးစနစ်တစ်ခုလုံးကိုလည်း မင်းအောင်လှိုင် ချုပ်ကိုင်ထားနိုင်ခဲ့သည်။ ထို့ကြောင့် သမ္မတရှီနှင့် ဝန်ကြီးချုပ် မိုဒီတို့က မင်းအောင်လှိုင်အား နိုင်ငံတော်ကို ချုပ်ကိုင်ထားသူ (State Actor) အဖြစ် သတ်မှတ်ကြသည်။
မြန်မာနိုင်ငံရှိ ကုလားတန်မြစ်ဝှမ်းစီမံကိန်းနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ လမ်းမစီမံကိန်းများသည် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် သဘောတူစာချုပ်များ (Bilateral Agreements) ချုပ်ဆိုပြီး အကောင်အထည်ဖော်ထားသည့် စီမံကိန်းများဖြစ်ပြီး၊ ယခင် မြန်မာအစိုးရအဆက်ဆက်သည် စီမံကိန်းတွင် အချိုးကျ ရင်းနှီးမြှုပ်နှံ ထည့်ဝင်ရန် တရုတ်နှင့် အိန္ဒိယ အစိုးရများထံမှ ချေးငွေများ ရယူထားခဲ့ကြသည်။
နိုင်ငံတကာဥပဒေများအရ အချုပ်အခြာအာဏာပိုင်နိုင်ငံ နှစ်နိုင်ငံအကြား ချုပ်ဆိုထားခဲ့ကြသော စာချုပ်များ အတွက် မြန်မာနိုင်ငံက တာဝန်ခံရမည့် အစိုးရတရပ်ရှိမှသာလျှင် တရုတ်နှင့် အိန္ဒိယတို့အတွက် ၎င်းတို့၏ ဒေါ်လာဘီလီယံနှင့်ချီပြီး ရင်းနှီးမြှုပ်နှံထားသော စီမံကိန်းများအရေးကိစ္စ နိုင်ငံတကာဥပဒေအရ စကားပြောနိုင်ပေလိမ့်မည်။ ဤနေရာတွင် စီမံကိန်းနယ်မြေများကို ထိန်းချုပ်ထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို နိုင်ငံတော်အဆင့်မဟုတ်သော အဖွဲ့အစည်းများ (Non-state Actors) ဖြစ်ပြီး၊ ထိုအဖွဲ့များထံမှ Sovereign Guarantee တောင်းခံ၍ မရနိုင်ဟု တရုတ်နှင့် အိန္ဒိယအစိုးရများက သတ်မှတ်ထားကြသည်။
ထို့ကြောင့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့က မင်းအောင်လှိုင်ကို အသိအမှတ်ပြု ဖိတ်ခေါ်မှသာလျှင် နှစ်နိုင်ငံအစိုးရအချင်းချင်းအကြား ချုပ်ဆိုထားခဲ့ကြသော စာချုပ်များအရ မြန်မာနိုင်ငံရှိ ၎င်းတို့၏ မဟာဗျူဟာစီမံကိန်းများကို အကာအကွယ်ပေးရန် အချုပ်အခြာအာဏာဆိုင်ရာ အာမခံချက် (Sovereign Guarantee) ပေးရန် တောင်းဆိုနိုင်မည် ဖြစ်သည်။
စင်စစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်ကတည်းက ကျောက်ဖြူ ရေနက်ဆိပ်ကမ်း နှင့် အထူးစီးပွားရေးဇုန်စီမံကိန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို Sovereign Guarantee ပေးရန် တရုတ်အစိုးရက တောင်းဆိုခဲ့ဖူးပြီး၊ ဒေါ်အောင်ဆန်းစုကြည်အစိုးရက ငြင်းဆန်ခဲ့ရုံမျှမက၊ စီမံကိန်းအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံငွေကို တရုတ်ဘဏ်များမှသာ ချေးယူရမည်ဆိုသည့် စည်းကမ်းချက်အစား၊ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများထံမှ ချေးယူခွင့်ရှိရမည် ဆိုသည့်အချက်ကို တရုတ်အစိုးရနှင့် ပြန်လည်ညှိနှိုင်း ရယူခဲ့သည်။ ယခုအခါ သမ္မတရှီနှင့် ဝန်ကြီးချုပ်မိုဒီတို့က မင်းအောင်လှိုင်လိုချင်သော အသိအမှတ်ပြုမှုနှင့် Sovereign Guarantee ကို အပေးအယူ လုပ်နိုင်ခဲ့ကြပြီဟု သုံးသပ်နိုင်ပါသည်။
အဓိပ္ပာယ်မှာ ထိုစီမံကိန်းများသည် ရွေးကောက်ခံ အရပ်သားအစိုးရများလက်ထက်တွင် တည်ငြိမ်အေးချမ်းစွာ အကောင်အထည်ဖော်နေခဲ့ရာမှ မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားလာသော စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား လက်နက်ကိုင်ပဋိပက္ခကြောင့် ရပ်တန့်သွားခဲ့ရပြီး၊ စီးပွားရေးအကျိုးအမြတ် မရှိဘဲ ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်ပေါ်လျက်ရှိသည်။
နှစ်နိုင်ငံစီမံကိန်းစာချုပ်များတွင် ရှောင်လွှဲ၍မရသော သဘာဝဘေးအန္တရာယ်မျိုး ကြုံတွေ့ရပါက အိမ်ရှင်နိုင်ငံက လျော်ကြေးပေးရန်တာဝန်မရှိကြောင်း ထည့်သွင်းချုပ်ဆိုတတ်ကြသော်လည်း၊ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်ခဲ့သော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခသည် မင်းအောင်လှိုင်ကိုယ်တိုင် ဖန်တီးခဲ့သည့်အတွက် ဆုံးရှုံးနစ်နာမှုများကို ပေးဆပ်ရန် သမ္မတရှီနှင့် ဝန်ကြီးချုပ်မိုဒီတို့က မင်းအောင်လှိုင်ထံက တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ထို့အတွက် အချုပ်အခြာအာဏာဆိုင်ရာ အာမခံချက်ပေးခြင်းသည် လက်ရှိကာလအတွက်သာမက၊ မည်သည့် အစိုးရလက်ထက်ဖြစ်စေ “နိုင်ငံတော်” က ပေးဆပ်ရန် သဘောတူညီလိုက်ခြင်း ဖြစ်သည်။
ထိုအချက်ကို မင်းအောင်လှိုင်သည် ၎င်းအား မြန်မာနိုင်ငံ၏ သမ္မတအဖြစ် အသိအမှတ်ပြုမှုနှင့် အလဲအလှယ်ပြုခဲ့ကြောင်း ထင်ရှားပါသည်။ အကျိုးဆက်အနေဖြင့် အနာဂတ်မြန်မာနိုင်ငံတွင် မည်သည့်အစိုးရ ပေါ်ပေါက်လာသည်ဖြစ်စေ ၎င်းပေးခဲ့သော ကတိကဝတ်ကြောင့် တောင်းဆိုသမျှ နစ်နာကြေးကို ပေးဆပ်ရမည့် အကြွေးထောင်ချောက် (Debt Trap) တစ်ခုပင် ဖြစ်သည်။ မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်စတင်ရန် သဘောတူညီမှုတွင်လည်း ရပ်ဆိုင်းခဲ့ရသည့်ကာလတစ်လျှောက် နစ်နာကြေးကို တရုတ်အစိုးရဘက်က မည်မျှတောင်းဆို၍ မင်းအောင်လှိုင် မည်သို့သဘောတူလိုက်ကြောင်း ကိုလည်း မသိနိုင်ပါ။
အကယ်၍ နိုင်ငံတွင် မထင်မှတ်သော အပြောင်းအလဲများ ထပ်မံဖြစ်ပေါ်လာပြီး မင်းအောင်လှိုင် အာဏာ လက်လွှတ်ခဲ့ရပါက၊ နောက်တက်လာမည့် ခေါင်းဆောင်သစ်ကို လက်ကမ်းကြိုဆို၍ မင်းအောင်လှိုင်ပေးခဲ့ သော ကတိကဝတ်အတိုင်း မြန်မာနိုင်ငံမှ ရရန်ရှိသောကြွေးမြီများကို တောင်းဆိုကြမည်မှာ တရုတ်နှင့် အိန္ဒိယ တို့၏ သဘောထားအစစ်အမှန်ပင် ဖြစ်သည်။ ထို့ကြောင့် “အခမဲ့နေ့လယ်စာ ဟူ၍ မရှိ” ဆိုသည့် စကားရပ်ကို မင်းအောင်လှိုင်နှင့် စစ်အုပ်စု သိထားရန် လိုအပ်သည်။
တရုတ်နှင့် အိန္ဒိယအကျိုးစီးပွားအတွက် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်
စင်စစ် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်ခဲ့သော နိုင်ငံအနှံ့ ပြည်သူများ၏ လက်နက်ကိုင် တော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (EROs) ၏ ထိုးစစ်များအောက် စစ်တပ် မရှုမလှ စစ်ရှုံးနိမ့်ခဲ့ရပြီး၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ မဟာဗျူဟာစီမံကိန်းကြီးများ အကောင်အထည်ဖော်မှု ရပ်ဆိုင်းသွားခဲ့ခြင်းသည် မင်းအောင်လှိုင်တွင် လုံးဝတာဝန်ရှိနေသည် မဟုတ်ပါလား။
ယခုအခါ တရုတ်နိုင်ငံ BRI စီမံကိန်းများ၏ ဗဟိုချက်ဖြစ်သော ရေနံစိမ်းသိုလှောင်စခန်းများ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်စခန်းများ၊ ရပ်တန့်ထားရသော ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ရှိရာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် အိန္ဒိယနိုင်ငံ၏ ကုလားတန်မြစ်ဝှမ်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ ဗဟိုချက်ဖြစ်သော စစ်တွေမြို့တို့သည် အာရက္ခတပ်တော် (AA) ၏ ဝိုင်းပတ်ပိတ်ဆို့ ထိုးစစ်ဆင် တိုက်ခိုက်နေသော စစ်ရေးဖိအားများကို မင်းအောင်လှိုင် ရင်ဆိုင်နေရသည်။
အကယ်၍ စစ်တွေနှင့် ကျောက်ဖြူမြို့တို့ကို ထပ်မံလက်လွှတ် ဆုံးရှုံးခဲ့ရမည်ဆိုလျှင် မင်းအောင်လှိုင်- မိုဒီ နှင့် မင်းအောင်လှိုင်- ရှီကျင့်ဖျင် ဆက်ဆံရေး အကြီးအကျယ် အနုတ်လက္ခဏာ ပြပေလိမ့်မည်။ တရုတ်ခရီးစဉ်အပြီး ဇွန်လ ၁၉ ရက်တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာသော မင်းအောင်လှိုင်သည် တစ်ပတ်အကြာ ဇွန်လ ၂၆ ရက်တွင် ၎င်းကိုယ်တိုင် ဥက္ကဋ္ဌတာဝန်ယူထားသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေးကို ခေါ်ယူခဲ့ပြီး၊ အစည်းအဝေးအတွင်း ၎င်းခံစားနေရသော ဖိအားများ မထိန်းချုပ်နိုင်ဘဲ ပွင့်အံထွက်ကျလာခဲ့သည်။
အစည်းအဝေးအတွင်း မင်းအောင်လှိုင်က “ကျွန်တော်တို့မှာ ခြေလှမ်းရှေ့တိုးတယ်ဆိုမှ အချုပ်အနှောင်နဲ့ ချုပ်နှောင်ထားတဲ့ ခြေလှမ်းနဲ့ ရှေ့တိုးနေရတာ။ တကယ်တော့ မရောက်ဘူး။ ခုန အချုပ်အနှောင်ဆိုတာ ပြဿနာတွေနဲ့ ချုပ်နှောင်ထားတာ။ အခက်အခဲတွေနဲ့ ချုပ်နှောင်ထားတာ။ ကျွန်တော်တို့မှာ လွတ်လွတ် လပ်လပ် မရှိဘူး။ ပြောရရင်တော့ဗျာ မြင်းဇောင်းထဲက ထွက်လာတဲ့ မြင်းလို တခါတည်း ဝုန်း ဝုန်း ဝုန်း ဆိုပြီး ထွက်သွားချင်တာ။ ဒီလိုသွားချင်တာ။ အခုက မသွားနိုင်ဘူး။ အတားအဆီးတွေ ရှိနေတယ်။ အဲ့ဒီအတားအဆီး တွေက ပဋိပက္ခတွေပါ။ နိုင်ငံရေးပဋိပက္ခ၊ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတယ်။ ကျွန်တော်တို့က ဒါကို ပြတ်အောင် ရှင်းအောင် လုပ်ဖို့လိုတယ်။ ဒါကြောင့် ဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကျွန်တော်တို့ ပြောချင်ပါတယ်။ EAO တွေကို ကျွန်တော် ပြောချင်တယ်။ တကယ်ငြိမ်းချမ်းရေးလိုချင်ရင် လာခဲ့ပါ။ ဘာကြိုတင် သတ်မှတ်ချက်မှမရှိဘဲ ကျွန်တော်တို့ ဆွေးနွေးမယ်” ဟု ၎င်းရင်ဆိုင်နေရသော ဖိအားများကို စိတ်ပျက် လက်ပျက်၊ စိတ်လွတ်လက်လွတ် ပြောဆိုခဲ့သည်။
သို့သော် ယနေ့အချိန်ထိ မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို နိုင်ငံ၏ အနောက်ပိုင်းရှိ တရုတ်နှင့် အိန္ဒိယတို့၏ မဟာဗျူဟာစီမံကိန်းကြီးများရှိရာ စစ်တွေနှင့် ကျောက်ဖြူမြို့များကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေသော AA က လက်မခံပေ။ အရပ်သားပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေပြီး ငြိမ်းချမ်းရေးကမ်းလှမ်းနေလျှင် ကျည်ဆန်ပဲ ပြန်ရလိမ့်မည်ဟု တုံ့ပြန်ခဲ့သည်။ နိုင်ငံမြောက်ပိုင်းရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ကလည်း စစ်အုပ်စုကို အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်လျှင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ (PDFs) အပါအဝင် သက်ဆိုင်သူအားလုံးနှင့် စကားပြောရန် အဆင်သင့်ဖြစ်ပြီလား ဟု ပြန်မေးထားသည်။
နိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိ “၁၀၂၇ စစ်ဆင်ရေး” ကို အကောင်အထည်ဖော်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း တခွင်လုံးနီးပါး သိမ်းပိုက်ခဲ့ပြီး၊ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ယာယီအပစ်အခတ်ရပ်စဲထားသော ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) တို့က မင်းအောင်လှိုင်၏ ကမ်းလှမ်းချက်နှင့် ပတ်သက်၍ နှုတ်ဆိတ်နေကြသည်၊ ၎င်းတို့၏ ရပ်တည်ချက်ကို စောင့်ကြည့်ရပေလိမ့်မည်။ နိုင်ငံ အရှေ့တောင်ပိုင်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင်နီတပ်မတော် (KA) အပါအဝင် ကရင်နီတိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များကလည်း မင်းအောင်လှိုင်၏ အကြိမ်ကြိမ် ဖိတ်ခေါ်မှုကို လက်မခံကြောင်း ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ကြသည်။
မင်းအောင်လှိုင်သည် တရုတ်နိုင်ငံခရီးစဉ်နှင့်အချိန်ကိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ညှိနှိုင်းမှုအတွက် ၎င်းယုံကြည်အားထားရသော ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်ကို “ဝ” နှင့် မိုင်းလား ဒေသများသို့ စေလွှတ်ညှိနှိုင်းစေခဲ့သော်လည်း သဘောတူညီမှုရလဒ် ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ပါ။ နေပြည်တော် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ယခင်ကာလက တက်ရောက်လေ့ရှိသော “ဝ” နှင့် မိုင်းလားအဖွဲ့များသည် ယခုတစ်ကြိမ်လည်း တက်ရောက်ကြလိမ့်မည်ဟု ခန့်မှန်းရသည်။ သို့သော် ၎င်းတို့လိုလားသော ကိုယ်ပိုင် အုပ်ချုပ်ရေးကို မင်းအောင်လှိုင်တို့ စစ်အုပ်စုထံက မရရှိနိုင်ကြောင်း ထိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များ ကောင်းစွာသိရှိထားကြသည်။
လေကြောင်းမှဗုံးကြဲပြီး ငြိမ်းချမ်းရေးကမ်းလှမ်းနေသောကြောင့် ယုံကြည်မှုလုံးဝဆိတ်သုဉ်းနေသော ပကတိ အခြေအနေကို သဘောမပေါက်ဘဲ၊ စိတ်မရှည် ဒေါသထွက်နေသော မင်းအောင်လှိုင် က “ငြိမ်းချမ်းရေးအတွက် လာပြီး ဆွေးနွေးဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ဒါကို ထပ်ပြီးတော့ ကျွန်တော်ပြောချင်တယ်။ ကျွန်တော်တို့က ရက်ပေါင်း ၁၀၀ စီမံချက်ထဲမှာ ထည့်ထားတာ။ ရက်ပေါင်း ၁၀၀ အတွင်းမှာ ကျွန်တော်တို့ အကောင်အထည်ဖော်ဖို့ ပြောထားတာ။ သို့သော်လည်းပဲ တချို့ကျတော့လည်း ဒါကို ကြိုတင်ကန့်သတ်ချက် မရှိဘူး ဆိုပြီးတော့ ရက် ၁၀၀ လို့ ပြောထားတယ် ဆိုပြီးတော့ ပြောကြတာ… စကားကို ပေါက်ပေါက်ရှာရှာ ပြောတယ်။ ဒါ ကပ်ပြီးတော့ လုပ်တာ။ တကယ်ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ရောက်လာလိမ့်မယ်။ ငြိမ်းချမ်းရေး မလိုချင်ရင် အကြောင်းပြပြီးတော့ အချိန်ဆွဲမှာ” ဟု အဆိုပါ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
မည်သည့်အဖွဲ့က စကားကို ပေါက်ပေါက်ရှာရှာ ကပ်ပြီးပြောသည် ဟု မင်းအောင်လှိုင် ရည်ညွန်းထားခြင်း မရှိ ပါ။ သို့သော် ထိုစကားများကို ၎င်းကိုယ်တိုင် ဥက္ကဋ္ဌရာထူး ယူထားသော ဗဟိုကော်မတီအစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းနှင့် စစ်တပ်၏ ဝါဒဖြန့်သတင်းစာများက ဖော်ပြခဲ့မှုကို ကြည့်ခြင်းအားဖြင့် ရက်ပေါင်း ၁၀၀ စီမံချက် ပြည့်ရန် အချိန်နီးကပ်လာသော်လည်း၊ ၎င်း၏ဖိတ်ခေါ်မှုကို အားရဝမ်းသာ ကြိုဆိုထောက်ခံမှုမရှိ ဖြစ်နေခြင်း၊ စိတ်ကူးယဉ်ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်းစုံ စုံစုံညီညီတက်ရောက်ကြမည့် နေပြည်တော် ငြိမ်းချမ်းရေးညီလာခံကြီး ခမ်းနားစွာကျင်းပရေး မရေမရာဖြစ်နေခြင်းကြောင့် မင်းအောင်လှိုင် ဂနာမငြိမ်ဖြစ်နေပုံက ပို၍ ထင်ရှားလာသည်။
ငြိမ်းချမ်းရေးညီလာခံ ဖြစ်မြောက်မှ တရုတ်နှင် အိန္ဒိယနိုင်ငံ ခရီးစဉ်များအတွင်း သမ္မတရှီနှင့် ဝန်ကြီးချုပ်မိုဒီ တို့ကို ပေးခဲ့သော ၎င်းတို့၏ မဟာဗျူဟာစီမံကိန်းများကို အပြည့်အဝ အကာအကွယ်ပေးပါမည်၊ နယ်မြေ လုံခြုံ အေးချမ်းစွာဖြင့် စီမံကိန်းများဆက်လက်အကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်ပါမည်ဆိုသည့် ကတိကဝတ်များကို လက်တွေ့ အကောင်အထည်ဖော်နေကြောင်း ပြသနိုင်မည် မဟုတ်ပါလား။ ထိုကတိကဝတ်ပေးခဲ့ရခြင်း အတွက် မင်းအောင်လှိုင်တွင် အလွန်ကြီးမားသော ဖိအားများ သယ်ပိုးနေရသည်ကို အထက်ပါ အစည်းအဝေးအတွင်း ပြောဆိုချက်များက သက်သေခံနေပါသည်။
စစ်တပ်က နိုင်ငံရေးအာဏာကို လက်မလွှတ်တန်းချုပ်ကိုင်ထားသရွေ့ ငြိမ်းချမ်းရေး မရနိုင်
တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးမည်ဟု အကြိမ်ကြိမ်ဖိတ်ခေါ်နေ သော်လည်း၊ စစ်တပ်က နိုင်ငံရေးအာဏာကို ဗိုလ်ကျစိုးမိုးထိန်းချုပ်ထားသရွေ့ ငြိမ်းချမ်းရေး မတည်ဆောက် နိုင်ကြောင်း ယခုအခါ တိုင်းရင်းသားခေါင်းဆောင်များအားလုံး ကောင်းစွာသဘောပေါက်နေကြပြီ ဖြစ်သည်။
ထို့ကြောင့် နိုင်ငံရေးအရ စစ်မှန်သော တိုင်းရင်းသား တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက မင်းအောင်လှိုင်၏ ဖိတ်ခေါ်မှုကို အယုံအကြည်မရှိ၊ စိတ်မဝင်စားကြခြင်း ဖြစ်သည်။ လတ်တလော မင်းအောင်လှိုင်စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေပြီး ဆွေးနွေးပြောဆိုနေကြသော အဖွဲ့များမှာ တိုင်းရင်းသားအားလုံးနှင့်ဆိုင်သော နိုင်ငံရေး မျှော်မှန်းချက်များထက် အဖွဲ့အစည်းရပ်တည်မှု၊ ထိန်းချုပ်နယ်မြေအတွင်း အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ပိုင်ခွင့်များ အပါအဝင် ကိုယ်ကျိုးစီးပွားများအတွက် ဆွေးနွေးညှိနှိုင်းနေကြခြင်း ဖြစ်သည်။
မင်းအောင်လှိုင်သည် နိုင်ငံအကြီးအကဲတစ်ဦး၏အရည်အသွေး (Statesmanship Quality) ပိုင်ဆိုင်ထားသူ ဆိုလျှင် နိုင်ငံ၏ အနာဂတ်မျိုးဆက်များ ငြိမ်းချမ်းလုံခြုံစွာ နေထိုင်၊ ဖွံ့ဖြိုးတိုးတက်နိုင်ရေး ဦးစားပေး စဉ်းစား ရမည် ဖြစ်သည်။ ထိုသို့ မစဉ်းစားနိုင်ဘဲ စစ်အုပ်စုကသာလျှင် နိုင်ငံကိုဦးဆောင်မည်၊ နိုင်ငံအာဏာကို စစ်အုပ်စုလက်ထဲတွင်သာ ထားရှိမည် ဆိုသည့် ကျဉ်းမြောင်းသော၊ စစ်ဝါဒထွန်းကားသော နိုင်ငံတော် (Militarization State) ဖြစ်ပေါ်ရေး ကြိုးပမ်းလျက်ရှိသည်။ အဆိုပါ စစ်ဝါဒကို ပိုမိုအားကောင်းခိုင်မာစေရန် ဒီမိုကရေစီအရေခြုံထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်ဗိုလ်ချုပ်ဟောင်းများ ကြိုးကိုင်ခြယ်လှယ်နေ သည့် လွှတ်တော်အတုမှ တဆင့် ပြင်ဆင်ရန် မင်းအောင်လှိုင် ခြေလှမ်းပြင်ဆင်နေပြီ ဖြစ်သည်။
ခြုံငုံသုံးသပ်ရလျှင် စစ်ယူနီဖောင်းချွတ်ပြီး အရပ်သားသမ္မတအတု၊ အရပ်သားအစိုးရအတုနှင့် လွှတ်တော်အတုတို့ကို ပြောင်းလဲဖွဲ့စည်းခဲ့သော်လည်း၊ စစ်အာဏာသိမ်းမှုကြောင့် ပျောက်ဆုံးသွားခဲ့သော စစ်တပ်နှင့် ပြည်သူ အကြား “ယုံကြည်မှု” (Trust) ကို ပြန်လည်တည်ဆောက်ရန် မင်းအောင်လှိုင်နှင့် စစ်အုပ်စုတွင် အစီအစဉ်မရှိသည်မှာ ထင်ရှားလှပါသည်။ အကြောင်းမှာ ပြည်သူတရပ်လုံး လေးစားကြည်ညိုလှသော နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်မပြောနှင့် ၎င်း၏ ပကတိအခြေအနေကို သက်သေအထောက်အထားဖြင့် ထုတ်ပြန်ပေးရန် ငြင်းဆန်လျက်ရှိသည်။
နိုင်ငံတကာအသိုက်အဝန်းကို ကိုယ်စားပြုသော အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ပေးရန် တောင်းဆိုကြသော်လည်း ပယ်ချခဲ့ခြင်းသည် တိုင်းပြည်ငြိမ်းချမ်းရေးကို အမှန်တကယ် မလိုလားကြောင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကို မလိုလားကြောင်း၊ စစ်အုပ်စုအာဏာတည်မြဲရေးကိုသာ လုပ်ဆောင်လိုကြောင်း နိုင်ငံတကာ အသိုက်အဝန်းသို့ ရှင်းလင်းစွာအချက်ပြလိုက်သော မင်းအောင်လှိုင်၏ သဘောထား အစစ်အမှန် ဖြစ်သည်။ မင်းအောင်လှိုင်လိုအပ်သော နိုင်ငံတကာအသိုက်အဝန်းမှာ တရုတ်နှင့် ရုရှားတို့ဦးဆောင်သော အာဏာရှင်နိုင်ငံများအုပ်စုသာလျှင် ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။



