စစ်တပ်အုပ်ချုပ်သည့် နယ်မြေရှိ စာသင်ကျောင်းများတွင် တော်လှန်ရေးဒေသမှ ကျောင်းသားများ ကျောင်းတက်နေပါက ပြန်ခေါ်ရမည်ဖြစ်ပြီး မခေါ်ပါက မိဘများကို ဒဏ်ရိုက်မည့် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့များ၏ အစီအစဉ်သည် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၏ မူဝါဒမဟုတ်ဘဲ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဒေသလုံခြုံရေးရှုထောင့်မှ ကြည့်ကာ လုပ်ဆောင်ခြင်းသာဖြစ်နိုင်ကြောင်း ပညာရေးဝန်ကြီး ဒေါ်ဂျာထွယ်ပန်က Myanmar Now ကို ပြောသည်။
“အုပ်ချုပ်ရေးဘက်က ကန့်သတ်လာတဲ့ကိစ္စတွေက ပညာရေးဝန်ကြီးဌာနရဲ့မူ မဟုတ်ဘူး။ အဓိကက … ဒေသလုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေဖြစ်ပါတယ်။ စာမသင်ခိုင်းဘူး၊ ပညာရေးပိတ်ပင်တယ်ဆိုတဲ့ Issue (ပြဿနာ) ကိုပဲ ကြည့်လို့မရပါဘူး။ တကယ်တော့ လွတ်လပ်စွာသင်ကြားခွင့်ရှိရမှာ ဖြစ်တယ်။ မြေပြင်မှာကျတော့ တကယ်ကိုလုံခြုံရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေ ဒေသအဆင့်မှာ ဖြေရှင်းရတာ ရှိပါတယ်။ အဲဒီလိုဖြေရှင်းတဲ့အခါ နည်းလမ်းမှန်နဲ့ဖြေရှင်းဖို့လိုတယ်” ဟု ၎င်းက ပြောသည်။
မင်းကင်းဒေသ ကန့်သတ်မှုနှင့်ပတ်သက်၍ စစ်ကိုင်းဖက်ဒရယ်ယူနစ်တာဝန်ရှိသူများအပါအဝင် မြေပြင်တာဝန်ရှိသူများနှင့် NUG ပညာရေးဝန်ကြီးဌာနတို့အကြား ညှိနှိုင်းဖြေရှင်းနေသည်ဟုပြောသည်။
“တော်လှန်ရေးကာလမှာမို့ ဖြစ်တဲ့ပြဿနာပါ။ တော်လှန်ရေးမြေပြင်မှာမို့လို့ ဖြစ်တဲ့ပြဿနာဖြစ်ပါတယ်။ ပညာရေးကို … ပိတ်ပင်တားဆီးလိုတာမဟုတ်ဘဲ နယ်မြေလုံခြုံရေး ကိစ္စတွေနဲ့ဆက်စပ်တဲ့ကိစ္စ ဖြစ်ပါတယ်” ဟု ဒေါ်ဂျာထွယ်ပန်က ဆိုသည်။
မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စစ်တပ်စိုးမိုးနယ်မြေ၌ ကျောင်းတက်နေသူများကို ခွင့်မပြုကြောင်း၊ လက်ရှိကျောင်းတက်နေသူများ ကျောင်းထွက်ကာ တော်လှန်ရေး စိုးမိုးနယ်မြေသို့ ပြန်လာရမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၁ ရက်မှ စတင်ကာ ရွာ ၁၀ ရွာမှ ဒေသခံများကို ခေါ်ပြောခဲ့သည်ဟု မင်းကင်းမြို့နယ် ဒေသခံအချို့ကပြောသည်။
ခေါ်ယူတွေ့ဆုံခြင်းခံရသောဒေသခံများမှာ တရာရွာ၊ ရွာဘရွာ၊ အူရွာ၊ တောင်ပတ်ရွာ၊ ယုံထောင်ရွာ၊ ရှားတောရွာ၊ ထမောင်းရွာ၊ အေးကုန်းကြီးရွာ၊ စပ်ဆားရွာ၊ ချောင်းဝရွာ ကျောင်းသားမိဘများဖြစ်သည်ဟု ဒေသခံအချို့ကဆိုသည်။
ဇူလိုင်လအကုန်အထိ ကျောင်းထုတ်၍ ပြန်မခေါ်ပါက ကျပ် ၅ သိန်း၊ ဩဂုတ်လအထိမခေါ်ပါက ၁၀ သိန်း၊ အောက်တိုဘာလကုန်အထိ မခေါ်ပါက သိန်း ၂၀ ဒဏ်ကြေးပေးရမည့်အပြင် မိဘများကိုပါ “အရေးယူ” မည်ဟု ပကဖနှင့် ပအဖ တာဝန်ရှိသူများက ပြောကြောင်း မင်းကင်းမြို့နယ် ကျေးရွာတစ်ရွာမှ အထက်တန်းကျောင်းသားမိဘ တစ်ဦးက ဆိုသည်။ မည်သို့အရေးယူမည်ကိုမူ တိတိကျကျ မသိရဟု ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ Facebook စာမျက်နှာသို့ Myanmar Now က ဇူလိုင်လ ၂၄ ရက်ကတည်းက စာပို့မေးမြန်းခဲ့သော်လည်း ယခုသတင်းရေးသားချိန်အထိ အကြောင်းမပြန်ပါ။
တော်လှန်ရေးနယ်မြေမှ ကျောင်းလာတက်သည့် ကလေးငယ်များအား စစ်တပ်က ချော့မော့၍ တော်လှန်ရေးတပ်၏ တည်နေရာသိရှိရန် မေးမြန်းမည်ကို စိုးရိမ်သောကြောင့် ပကဖ နှင့် ပအဖ တာဝန်ရှိသူများက ယခုလို ကန့်သတ်ရခြင်းဖြစ်သည်ဟု ပြောကြောင်း မင်းကင်းမြို့နယ်ဒေသခံ အထက်တန်းကျောင်းသား မိခင်တစ်ဦးက Myanmar Now ကို ပြောပြသည်။
“ကျောင်းက ဒီ (တော်လှန်ရေးတပ်စိုးမိုးနယ်မြေ) မှာ ထားပြန်တော့လည်း စာကကောင်းကောင်းမသင်ရ ။ လေကြောင်းရန်ကလည်း ကြောက်ရသေးတယ်။ ပိတ်ရက်ကများပြီး ဖွင့်ရက်ကနည်းတယ်။ ဒီမှာလည်း အခမဲ့တော့မဟုတ်ဘူး။ ကျောင်းကို (ကျပ်) ၁၀,၀၀၀၊ ၂၀,၀၀၀ ပေးရသေးတယ်။ အခုက မြို့ကနေ ကျောင်းထုတ်တဲ့သူလည်း ထုတ်တယ်။ ဖြစ်ကာမှဖြစ်ရော မထုတ်သေးဘူးဆိုတဲ့ မိဘတွေလည်းရှိတယ်” ဟု အဆိုပါ ကျောင်းသားမိခင်က ပြောသည်။
ယခု မင်းကင်းပကဖထုတ်ပြန်သည့် အမိန့်နှင့်ပတ်သက်၍ ဝန်ကြီးဌာနဘက်က တစုံတရာ ကြားဝင်ရန် အစီအစဉ်ရှိမရှိ Myanmar Now က မေးသည့်အခါ ဒေါ်ဂျာထွယ်ပန်က –
“ဝင်ရောက်စွက်ဖက်လို့ ရမရဆိုတာထက် ကျွန်မတို့မသိလိုက်ရတာမျိုးတွေ အများကြီးရှိတယ်။ တချို့က ကျွန်မတို့ သိပြီး ဖြေရှင်းလိုက်ပြီးမှ ပြေလည်သွားတာတွေရှိတယ်။ ကျွန်မတို့ကတော့ အတတ်နိုင်ဆုံး လူတွေအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဖြေရှင်းပေးပါတယ်။ ဒဏ်ရိုက်တာတွေ မဖြစ်အောင် case by case (ဖြစ်ရပ်တစ်ခုချင်းအလိုက်) ဖြေရှင်းပေးတာတွေ ရှိတယ်။ ကျွန်မတို့ဆီရောက်လာတဲ့ case တွေကို ဖြေရှင်းပေးတယ်။ တချို့ကျ ကျွန်မတို့ မသိလိုက်ဘဲ ဖြစ်သွားတာပေါ့။ ပိုပြီးကျယ်ပြန့်အောင် တိုက်တွန်းပေးနိုင်ဖို့လည်း လုပ်ဆောင်နေတယ်။ အုပ်ချုပ်ရေးကဏ္ဍကို တိုက်တွန်းပေးတဲ့ ဟာတွေကိုလည်း လုပ်ဆောင်နေတယ်။ Internally (ဌာနတွင်း) လည်း လုပ်နေပါတယ်” ဟု ပြန်လည် ဖြေကြားသည်။
ဒေါ်ဂျာထွယ်ပန်ကမူ နေရာဒေသအလိုက် ပညာရေးနှင့်ပတ်သက်၍ ကန့်သတ်မှုများကွဲပြားခြင်းသည် ဒေသန္တရအဆင့်တွင် ကိုင်တွယ်ပုံမတူညီသောကြောင့်ဟု ပြောသည်။
“ပညာရေးကဏ္ဍကျတော့ ဖက်ဒရယ်ယူနစ်တွေမှာပိုပြီး လုပ်ပိုင်ခွင့်ရှိသွားတဲ့အခြေအနေဖြစ်ပါတယ်။ အထူးသဖြင့် ပြည်နယ်ဖက်ဒရယ်ယူနစ်တွေပေါ့။ ဥပမာ စစ်ကိုင်းဆိုရင်လည်း ပြည်နယ်ဖွဲ့ စည်းပုံအခြေခံဥပဒေထဲမှာလည်း ရေးထားတယ်၊ လုပ်ပိုင်ခွင့်ခွဲဝေယူတဲ့နေရာမှာလည်း ကိုယ့်ရဲ့ ယူနစ်အတွင်းမှာ ပညာရေးမူဝါဒတွေ ပြဋ္ဌာန်းခွင့်ရှိပါတယ်။ ပညာရေးဝန်ကြီးဌာနက ညှိနှိုင်း ဆောင်ရွက်ပေးဖို့ လိုအပ်တဲ့နေရာမှာ ဖြည့်ဆည်းပေးဖို့တွေဖြစ်ပါတယ်” ဟု ပြောသည်။
NUG ၏ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပဲခူးတိုင်းစစ်ဌာန၊ စစ်ဆင်ရေးမှူး ရဲဘော်ဘီဘီက ပဲခူးတိုင်း စစ်တောင်းမြစ်အနောက်ဘက်ခြမ်း PDF စိုးမိုးနယ်မြေအတွင်း နေထိုင်သူများထဲတွင် စစ်တပ်ထိန်းချုပ်ထားသော မြို့များသို့ ၎င်းတို့၏ ကလေးများ စေလွှတ်ကာ ကျောင်းတက်စေသည့် မိဘများရှိသည်ဟု ပြောသည်။
“ဒီဘက်မှာ PDF ပဲခူးတိုင်းစစ်ဌာနအနေနဲ့ရော၊ ပကဖ တွေဘက်ကရော ဘယ်သူမှ ဒီအပေါ် ခြိမ်းခြောက်တာ၊ သွားမထားနဲ့လို့ ပြောတာမရှိပါဘူး။ လိုအပ်ရင် ကျွန်တော်တို့ဘက်က ကူညီပေးတာရှိပါတယ်။ ဒါက ကျွန်တော်တို့ အာမခံပါတယ်” ဟု ပြောသည်။
ထိုကဲ့သို့ ခွင့်ပြုထားခြင်းမှာ PDF စိုးမိုးနယ်မြေ၌ အခြေခံပညာရေးနှင့် အလယ်တန်းပညာရေးသာ ဆောင်ရွက်ပေးနိုင်ပြီး အထက်တန်းပညာရေးကို ဖော်ဆောင်မပေးနိုင်သောကြောင့်ဟု ရဲဘော် ဘီဘီက ပြောသည်။
“အထက်တန်းပညာရေးကျတော့ ကျွန်တော်တို့ဘက်က မပေးနိုင်ဘူး။ မပေးနိုင်တဲ့အခါကျတော့ မြို့ပေါ်ပဲထားရတာပေါ့။ မြို့ပေါ်က Non CDM ဆရာမတွေတောင် ကျွန်တော်တို့ဒေသမှာ စာလာသင်နေတာရှိပါတယ်။ ကျွန်တော်တို့ ဒါတွေလည်း ခွင့်ပြုထားတာပဲ ဘာမှမလုပ်ပါဘူး” ဟု ဆိုသည်။
စစ်တပ်သည် တော်လှန်ရေးတပ်ထိန်းချုပ်နယ်မြေရှိ စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်နေဆဲ ဖြစ်သည်။
NUG လူ့အခွင့်အရေးဝန်ကြီးဌာန၏ ဇူလိုင် ၄ ရက်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်အထိ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းပေါင်း ၅၁၀ ပျက်စီးခဲ့သည်။



