အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်၍ DKBA နှင့် ခေါင်းဆောင် ၅  ဦးကို အီးယူ ဒဏ်ခတ်

ထို ကရင်လက်နက်ကိုင်တပ်ဖွဲ့၏ အကာအကွယ်ပေးမှုအောက်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို လည်ပတ်ခွင့်ပြုထားကာ ထိုစင်တာများတွင် လူကုန်ကူး၍ အဓမ္မလုပ်ဖိအားပေးခိုင်းစေခံရသူများကို ညှဉ်းပန်းနှိပ်စက်ရာတွင် ပါဝင်ပတ်သက်နေသည်ဟု ဥရောပသမဂ္ဂက ထုတ်ပြန်သည်။

ဥရောပသမဂ္ဂ (အီးယူ) က မြန်မာနှင့် ကမ္ဘောဒီးယားတို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှင့် ပတ်သက်နေသော လုပ်ငန်းနှင့်အဖွဲ့အစည်းများကို ဒဏ်ခတ်အရေးယူကြောင်း ယမန်နေ့က ကြေညာပြီး စာရင်းများထုတ်ပြန်လိုက်ရာ ကရင်ပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နှင့် ၎င်း၏ ထိပ်ပိုင်းခေါင်းဆောင် ငါးဦး ပါဝင်နေသည်။

အဆိုပါလက်နက်ကိုင်အဖွဲ့နှင့် ခေါင်းဆောင်ငါးဦးတို့သည် ကရင်ပြည်နယ် မြဝတီမြို့နယ်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များ ကြီးကြပ်လည်ပတ်ခွင့်ပြုကာ ဆိုးရွားပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်ရာတွင် ပါဝင်ပတ်သက်နေသဖြင့် ယင်းသို့ အရေးယူစာရင်းတွင် ထည့်သွင်းရခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

အီးယူ၏ ဒဏ်ခတ်ခံရသူစာရင်းတွင် ကမ္ဘာဒီးယား၌ အခြေစိုက်၍ မြန်မာနှင့် ကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို လည်ပတ်လုပ်ကိုင်နေသော ဒေါ်လာဘီလီယံများစွာတန်ကြေးရှိ Prince Holding Group ၏ ဥက္ကဋ္ဌ Chen Zhi နှင့် ကမ္ဘောဒီးယားတွင် ကာစီနိုနှင့် အွန်လိုင်းငွေလိမ် လုပ်ငန်းများလည်ပတ်လုပ်ကိုင်နေသည့် Bei Group ဥက္ကဋ္ဌ Zhu Zhongbiao ဆိုသူတို့လည်း ပါဝင်သည်။ 

ယင်းသည် DKBA အဖွဲ့ခေါင်းဆောင်များအနေဖြင့် ဒုတိယအကြိမ်မြောက် ဒဏ်ခတ် အရေးယူခံရခြင်းဖြစ်သည်။ ယခု အီးယူ၏ ဒဏ်ခတ်အရေးယူမှုတွင် ပါဝင်သော ခေါင်းဆောင်ငါးဦး အနက် ဗဟိုအကြံပေးအဖွဲ့ ဦးဆောင်နာယက ဗိုလ်ချုပ်ကြီး စောစတီး၊ စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်နှင့် ဗဟိုစီးပွားရေးကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးချုပ် စိုင်းကျော်လှတို့ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက အမေရိကန်အစိုးရ၏ ဒဏ်ခတ်အရေးယူစာရင်းတွင် ထည့်ထားပြီးဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယခု အီးယူက အမေရိကန်အရေးယူထားသည့် အဆိုပါလေးဦးအပြင် မြဝတီမြို့အနီး Deeko Park အွန်လိုင်းငွေလိမ်ခြံဝင်းကို ဦးဆောင်သည့် ဗိုလ်မှူးကြီးစောအီလိထူးကိုပါ ထပ်မံ ဒဏ်ခတ်အရေးယူလိုက်ခြင်းဖြစ်သည်။

ကရင်ပြည်နယ်အတွင်း တန်ခိုးထွားသည့် စစ်တပ်ဩဇာခံ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ၎င်း၏သားနှစ်ဦးနှင့် မိသားစုပိုင် စီးပွားရေးလုပ်ငန်း သုံးခုတို့ကို အမေရိကန်က ယမန်နှစ်ကတည်းက အရေးယူပိတ်ဆို့ထားသည်။ 

ယမန်နေ့ ကြေညာချက်အရ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်ပြီး ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ ပြည်ဝင်ခွင့်နှင့် ခရီးသွားလာခွင့်ကန့်သတ်ကာ အီးယူကုမ္ပဏီများနှင့် နိုင်ငံသားများအား ၎င်းတို့ထံသို့ ငွေကြေးလွှဲပြောင်းမှုများကို တားမြစ်ကြောင်းလည်း ဖော်ပြထားသည်။

ရာဇဝတ်ဂိုဏ်းကွန်ရက်များကို ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း အခြေချလှုပ်ရှားခွင့်ပြုပြီး DKBA တပ်ဖွဲ့၏ အကာအကွယ်ပေးမှုအောက်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို လည်ပတ်ခွင့်ပြုထားကာ ထိုစင်တာများတွင် လူကုန်ကူး၍ အဓမ္မလုပ်ဖိအားပေးခိုင်းစေခံရသူများကို ညှဉ်းပန်းနှိပ်စက်ရာတွင် ပါဝင်ပတ်သက်နေကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ 

ယခုအရေးယူမှုနှင့်ပတ်သက်၍ DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။ 

ယခင်က လူပုဂ္ဂိုလ်နှင့် ၎င်းတို့၏စီးပွားရေးကုမ္ပဏီများကိုသာ အရေးယူခဲ့ရာမှ ယခု လက်နက်ကိုင် အဖွဲ့အစည်းအနေဖြင့်ပါ အရေးယူလာခြင်းနှင့် ပတ်သက်၍ လက်တွေ့တွင် ရှိနိုင်သည့် သက်ရောက်မှုအခြေအနေကို Myanmar Now က ဥရောပသမဂ္ဂထံ အီးမေးလ်ဖြင့် မေးမြန်းသော်လည်း အသေးစိတ်ဖြေကြားရန် ငြင်းဆန်သည်။

မြဝတီမြို့အနီးတဝိုက် DKBA နှင့် ဗိုလ်မှူးကြီးစောချစ်သူ၏ နယ်ခြားစောင့်တပ်တို့ ထိန်းချုပ်နယ်မြေများဖြစ်သည့် ကျောက်ခတ်နှင့် ရွှေကုက္ကိုလ်မြို့သစ်တို့တွင် ကြီးထွားနေသော ကျားဖြန့်စင်တာအများအပြားရှိရာ၊ နိုင်ငံတကာဖိအားများ မြင့်တက်လာပြီးနောက် စစ်တပ်က ပြီးခဲ့သည့်နှစ်အတွင်း ကျားဖြန့်နှိမ်နင်းရေးခေါင်းစဉ်ဖြင့် ထိုနယ်မြေများတွင် ဝင်ရောက်စီးနင်းခဲ့သည်။ 

အခြားတစ်ဖက်တွင် အာဏာသိမ်းစစ်တပ်ကို လက်မခံသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) က မြဝတီမြို့ တောင်ဘက် ရှစ်မိုင်ခန့်အကွာ သောင်ရင်းမြစ်ကမ်းဘေးရှိ DKBA ထိန်းချုပ် မင်းလက်ပံ ကျားဖြန့်စင်တာများကို ဝင်ရောက်စီးနင်းထိန်းချုပ်ထားသဖြင့် ထိုနေရာကို ပြန်သိမ်းပိုက်နိုင်ရန် စစ်တပ်က စစ်ကြောင်းထိုးတိုက်ခိုက်နေ ဆဲဖြစ်သည်။ 

အဖွဲ့အစည်းအသီးသီးက ငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်နေသည်ဟုဆိုသော်လည်း ပပျောက်မသွားဘဲ နေရာအနှံ့ ပျံ့နှံ့သွားရာ ပါဝင်ပတ်သက်သူများကို အိမ်နီးချင်းထိုင်း၊ အမေရိကန်၊ အီးယူနှင့် နိုင်ငံတကာက စောင့်ကြည့်အရေးယူမှုများပြုလုပ်လာသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းအတွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် တပ်နယ် (၄) တပ်မှူး ဒုဗိုလ်မှူးကြီး စောမုတ်သုန်ကို နယ်စပ်ဖြတ်ကျော်လူကုန်ကူးမှုများနှင့်ပတ်သက်၍ အိမ်းနီးချင်း ထိုင်းနိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဖမ်းဝရမ်းထုတ်သည့်အမိန့်စာတစ်စောင် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။

အဆိုပါဖမ်းဝရမ်းနှင့်ပတ်သက်၍ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။ 

တိုက်ဖျက်နေသည်ဟုဆိုသော်လည်း မြန်မာ-ထိုင်းနယ်စပ်တခွင်တွင် ကျားဖြန့်လုပ်ငန်းများသည် ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ဆက်လက်ပျံ့နှံ့နေသည်။  အာဏာသိမ်းစစ်တပ်နှင့် ၎င်း၏ ဩဇာခံများဖြစ်သော DKBA နှင့် BGF တို့က နိုင်ငံတကာကို ကျားဖြန့်များတိုက်ဖျက်နေသည်ဟု လှည့်စားရန် ဟန်ပြစီးနင်း၍ ဦးဆောင်သူမဟုတ်သူများကို ဖမ်းဆီးပြကြောင်း၊ မိမိတို့လူများကို ကြိုတင်ရွှေ့ပြောင်းခိုင်း၍ ကျားဖြန့်အဆောက်အအုံများကို ဖြိုဖျက်ပြနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ယနေ့တွင် ထုတ်ပြန်သည်။ 

အခြားတစ်ဖက်၌ နယ်စပ်နှင့်ဝေးသော အတွင်းပိုင်းနေရာများတွင် ၎င်းတို့၏ အကာအကွယ်ပေးမှုအောက် အဆောက်အအုံသစ်များတည်ဆောက်ကာ လုပ်ငန်းများလည်ပတ်လာနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button