အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်က ဖမ်းဆီးအကျဉ်းချထားသူ ဒေါ်အောင်ဆန်းစုကြည်ကို ICRC နှင့် တွေ့ဆုံခွင့်ပေး

စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရသူ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် တွေ့ခွင့်ပေးခဲ့သည်ဟု စစ်တပ်က သတင်းထုတ်ပြန်လာသည်။ 

စစ်တပ် အာဏာသိမ်းပြီးနောက် ဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque က ယနေ့ (ဩဂုတ်လ ၃ ရက်) နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့သည်ဟု  အာဏာသိမ်းစစ်တပ်၏ သမ္မတရုံးက ယနေ့ သတင်းထုတ်ပြန်သည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ် အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားသည်မှာ ငါးနှစ်ကျော်ရှိပြီဖြစ်ပြီး  ICRC နှင့် ယနေ့တွေ့ဆုံမှုကို  စစ်တပ်က သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။ 

ယနေ့နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်သည်၊ အသေးစိတ် အချက်အလက်များကို ဆက်လက်ထုတ်ပြန်သွားမည်ဟု  သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုး က Myanmar Now ကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရရန် တောင်းဆိုနေမှုများနှင့်ပတ်သက်၍ “အဆိုပြုနေတာက အကုန်လုံး အဆိုပြုနေတာပါပဲ။ အာဆီယံဘက်ကလည်း တွေ့ဆုံဖို့ တောင်းဆိုနေတာပဲ။ ICRC ကိုတော့ ပထမဆုံး တွေ့ဆုံခွင့်ပေးတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ နေကောင်းကျန်းမာပါတယ်” ဟု ဒေါ်ခိုင်ခိုင်စိုးက ဆိုသည်။ 

အာဏာသိမ်းစစ်တပ်၏ သမ္မတရုံး ထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque လက်ဆွဲ နှုတ်ဆက်နေသည့် ဓာတ်ပုံ ဖော်ပြထားပြီး ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ကိတ်မုန့်ပေးပို့ထားသည့် ဓာတ်ပုံကိုလည်း တွေ့ရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“နေကောင်းကြောင်း ကျန်းမာကြောင်း ပုံမှာတွေ့နိုင်ပါတယ်။ Birthday ပုံလေးပါ တင်ထားပါတယ် ၊ ၁၉ ရက်နေ့က ဘက်ဒေးကိတ်ခွဲတဲ့ပုံပါ” ဟု ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။ 

စစ်တပ်၏ နှစ်ရှည်ထောင်သွင်းအကျဉ်းချမှုခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်သည်  ၂၀၂၆ ခုနှစ် ဇွန်လ ၁၉ ရက် တွင် အသက် ၈၁ နှစ် ပြည့်ပြီဖြစ်ပြီး မွေးနေ့အထိမ်းအမှတ် “နှင်းဆီ လှုပ်ရှားမှု” ကို ပြည်တွင်းနှင့် ပြည်ပရောက် နိုင်ငံရေးအင်အားစုများက ဆင်နွှဲခဲ့ကြသည်။  

ယခုနှစ် ဇွန်လ ၁၉ ရက်တွင် မွေးနေ့ကိတ်ခွဲနေသည်ဟု ယူဆရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ။ (ဓာတ်ပုံ- စစ်တပ်ထိန်းချုပ် MOI)

စစ်တပ်သည် အာဏာသိမ်းစဉ်ကတည်းက ဖမ်းဆီးထိန်းသိမ်းထားသော ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအပါအဝင် အခြားသူများနှင့် တွေ့ဆုံခွင့် မပေးဘဲ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ထိုစဉ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်သာ တွေ့ဆုံခွင့်ပေးခဲ့သည်။ 

ယခုနှစ် မေလ ၁ ရက် (ကဆုန်လပြည့်နေ့) တွင် စစ်တပ်က အကျဉ်းသားများ လွတ်ငြိမ်းခွင့်ပေးရာ ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးခဲ့ကြောင်း ကြေညာခဲ့ပြီး မည်သည့်နေရာတွင် ထားရှိသည်ကို မထုတ်ပြန်ခဲ့ပေ။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက် ထိုင်းနိုင်ငံ ဘန်ကောက်၌ ပြုလုပ်သည့် အာဆီယံနှင့် တွေ့ဆုံပွဲ၌ စစ်တပ် နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာသည်၊ ဆွေမျိုးတစ်ဦးကဲ့သို့ စောင့်ရှောက်ထားသည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ 

NLD ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို  စစ်တပ်က အမှု ၁၉ မှုဖြင့် ထောင် ၃၃ နှစ် ချထားသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးခဲ့ပြီး ပုဒ်မ ရှစ်ခုဖြင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့သည်၊ ထို့နောက် ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။ 

စစ်အာဏာသိမ်းပြီးနောက်တွင် အရေးကြီးသည့် အလှည့်အပြောင်းကြီးတစ်ခုနှင့် ရင်ဆိုင်နေရပြီး လက်ရှိအခြေအနေများကို သုံးသပ်နိုင်ရန် ပြည်သူလူထု၏ယုံကြည်လေးစားမှုကို ရရှိထားသည့် နိုင်ငံ့ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် အားလုံးတိုင်ပင်ဆွေးနွေးနိုင်မည့် အနေအထားတစ်ခု မဖြစ်မနေ လိုအပ်နေသည်ဟု NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က Myanmar Now ကို ယခုနှစ် မတ်လတွင် ဖြေကြားထားသည်။  

“ပြည်သူတွေမှာလည်း ဒုက္ခတွေကို ခါးစည်းပြီး ခံနေရတယ်။ ဒီကနေပြီးတော့ ပြောင်းလဲ လွတ်မြောက် ဖို့အတွက် အစီအစဉ်တွေချမှတ်ရာမှာ အများပြည်သူ ယုံကြည်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့က အထူး မဖြစ်မနေ လိုအပ်တယ်ဆိုတာကို ထပ်ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ပြုလုပ်ခဲ့သည့် အာဆီယံအဖွဲ့ဝင် နိုင်ငံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များ ပါဝင်သော မြန်မာ့အရေးဆွေးနွေးပွဲတွင် ချမှတ်ခဲ့သော အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို လိုက်နာရန် အာဆီယံက စစ်တပ်ကို တိုက်တွန်းနေသည်။

ထိုငါးချက်မှာ(၁) အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ (၂) သက်ဆိုင်ရာအစုအဖွဲ့အားလုံးကြား အပြုသဘောဆောင်သော ဆွေးနွေးပွဲများစတင်ရန်၊ (၃) ဆွေးနွေးပွဲများ ကြားဝင်ညှိနှိုင်းပေးနိုင်ရေး အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ခန့်ရန်၊ (၄) လူသားချင်းစာနာမှုအကူအညီများပေးရန်နှင့် (၅) အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖွဲ့ သက်ဆိုင်ရာအစုအဖွဲ့အားလုံးနှင့်ဆွေးနွေးနိုင်ရေး မြန်မာနိုင်ငံသို့လာနိုင်ရန်တို့ဖြစ်သည်။

အာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးမှ ထွက်ပေါ်လာသည့် ဘုံသဘောတူညီချက် ငါးရပ်ကို အာဏာသိမ်း မြန်မာစစ်တပ်လိုက်နာခြင်း မရှိခဲ့ပေ။

သို့သော် ယခုနှစ်အတွင်းတွင်မူ နိုင်ငံတော်၏ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးမှု၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်မှ သတ်မှတ်နေအိမ် ပြောင်းရွှေ့မှု၊ ဒေါ်အောင်ဆန်းစုကြည်ကို ICRC နှင့် ပေးတွေ့ဆုံမှုများ ဖြစ်ပေါ်လာသည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံခြင်းပေါ်ပေါက်လာမှုနှင့်ပတ်သက်၍  ပြည်တွင်းပြည်ပနှင့် အာဆီယံ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ စုပေါင်းဖိအားပေးမှုကြောင့် ရရှိလာသည့် အောင်မြင်မှု တစိတ်တပိုင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကလည်း ယနေ့ ထုတ်ပြန်ထားသည်။

ထိုထုတ်ပြန်ချက်၌ မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရမည့်အပြင် နိုင်ငံကို ပြန်လည်ဦးဆောင်ရန် ၎င်း၏အခန်းကဏ္ဍကို တရားဝင်အသိအမှတ်ပြုရမည်ဖြစ်သည်ဟု ပါရှိသည်။ 

ယခုနှစ် မေလ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည်အား သတ်မှတ်ထားသည့်နေအိမ်သို့ ပြောင်းရွှေ့ ကြောင်း ကြေညာခဲ့စဉ်က ထုတ်ပြန်ခဲ့စဉ်။ (ဓာတ်ပုံ- စစ်တပ်ထိန်းချုပ် MOI)

ဖြည့်စွက်ချက်။ ။ ICRC ၏ စံနှုန်းများနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ ၎င်းနှင့်သီးသန့်စကားပြောဆိုခွင့်လည်း ပါဝင်ကြောင်း ICRC က ယနေ့ မွန်းလွဲပိုင်း၌ ထုတ်ပြန်ထားသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button