ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ တာဝန်ရှိသူတစ်ဦးတို့ တွေ့ဆုံခဲ့ကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်ကို သားဖြစ်သူ ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းက သတိထား၍ ကြိုဆိုလိုက်ပြီး၊ ငါးနှစ်ကျော်ကြာ အထီးကျန်ထိန်းသိမ်းခံထားရပြီးနောက် အရေးပါသော တိုးတက်မှုတရပ် ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
အကျဉ်းချခံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ICRC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ကြောင်း စစ်တပ်ထိန်းချုပ် မီဒီယာက အကျဉ်းဖော်ပြခဲ့သည်။ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ပြောရေးဆိုခွင့် ရှိသူ ဒေါ်ခိုင်ခိုင်စိုးကမူ အဆိုပါ တွေ့ဆုံမှုကို အတည်ပြုခဲ့သော်လည်း အသေးစိတ်ကို ထပ်မံ ထုတ်ပြန်မည်ဟုသာ ပြောသည်။
ကိုထိန်လင်းက ယခုတွေ့ဆုံမှုကို အတည်ပြုနိုင်ပါက မိခင်ဖြစ်သူနှင့် ပတ်သက်၍ ငါးနှစ်ကျော်အတွင်း ပထမဆုံး အပြုသဘောဆောင်သော တိုးတက်မှု ဖြစ်လာမည်ဟု ဆိုသည်။ သို့သော် မိသားစုက နှစ်ပေါင်းများစွာ တောင်းဆိုလာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့်အခြေအနေကို လွတ်လပ်သီးခြားစွာ အတည်ပြုနိုင်ရန်အတွက် တွေ့ဆုံမှုတစ်ကြိမ်တည်းဖြင့် မလုံလောက်ကြောင်းလည်း ၎င်းက ပြောသည်။
“ဒါဟာ ပထမခြေလှမ်းတရပ် ဖြစ်နိုင်ပေမယ့် နောက်ဆုံးခြေလှမ်းတော့ မဖြစ်သင့်ပါဘူး” ဟု ကင်မ်က သတင်းမီဒီယာများသို့ ထုတ်ပြန်ချက်တစ်စောင်ပေးပို့၍ ပြောဆိုခဲ့ရာတွင် ဖော်ပြထားသည်။
၎င်း၏ မိခင် အသက်ရှင်လျက်ရှိပြီး ကျန်းမာရေးကောင်းမွန်ကြောင်း သက်သေအထောက်အထား ရရှိရေးအတွက် ပြုလုပ်ခဲ့သောအသက်ရှင်ကြောင်းပြပေးပါ ဟူသောလှုပ်ရှားမှု (Proof of Life campaign) ကို ထောက်ခံပေးခဲ့ကြသော အစိုးရများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် ထောက်ခံသူများကိုလည်း ကျေးဇူးတင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် အာဆီယံနှင့် ကမ္ဘာတဝန်းရှိ အစိုးရများ၏ နိုင်ငံရေးဖိအားများကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို နိုင်ငံတကာအာရုံစိုက်မှုအောက်တွင် ဆက်လက်ထားရှိနိုင်ခဲ့ကြောင်းလည်း ၎င်းက အသိအမှတ်ပြုခဲ့သည်။
မျှော်လင့်ချက်တစုံတရာ ရရှိခဲ့သော်လည်း မိခင်၏ ကျန်းမာရေးနှင့် အထွေထွေအခြေအနေနှှင့် ပတ်သက်သည့် သီးခြားလွတ်လပ်သော အတည်ပြုချက်ကို မရရှိသေးသကဲ့သို့ မိသားစုနှင့်လည်း တိုက်ရိုက်ဆက်သွယ်ခွင့် မရရှိသေးကြောင်း ကိုထိန်လင်းက ဆိုသည်။
“တွေ့ဆုံမှုတစ်ကြိမ် ရှိခဲ့တယ်ဆိုတဲ့ သတင်းတစ်ခုတည်းက ကျွန်တော်တို့မိသားစု ငါးနှစ်ကျော်ကြာ ရင်ဆိုင်နေခဲ့ရတဲ့ မေးခွန်းတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် မိသားစု တိုက်ရိုက်တွေ့ဆုံခွင့်ရရှိရေး၊ မိသားစုဝင်များ ဝင်ရောက်တွေ့ဆုံခွင့်ရရှိရေး၊ ၎င်း၏ ကျန်းမာရေးနှင့် ပတ်သက်သော ယုံကြည်စိတ်ချရပြီး သီးခြားလွတ်လပ်စွာ အတည်ပြုထားသော အချက်အလက်များရရှိရေးနှင့် နိုင်ငံရေးအကျဉ်းသားအားလုံးနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရေးတို့ကို ဆက်လက်ဆောင်ရွက်ရန်လည်း ကိုထိန်လင်းက တောင်းဆိုခဲ့သည်။
ငါးနှစ်ကျော်ကြာ အထီးကျန်ထိန်းသိမ်းခံထားရသော်လည်း မိခင်ဖြစ်သူသည် မြန်မာပြည်သူများ ဖြတ်ကျော်နေရသော အခက်အခဲ၊ ၎င်းနှင့်အတူ ဒုက္ခခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားများ ဘေးကင်းလုံခြုံစွာ အသက်ရှင်မရှင်တို့ကို သိရှိလိုမည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။



