အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချင်းလက်နက်ကိုင်တပ်ဖွဲ့ CNO နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဆို

အာဏာသိမ်းပြီးနောက်ပေါ်လာသည့် ချင်းပြည်နယ် ဖလမ်းအခြေစိုက် ချင်းလက်နက်ကိုင်တပ် CNO/CNDF ကို ဆွေးနွေးဖက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အသစ်အဖြစ်အသိအမှတ်ပြုကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က နေပြည်တော်လွှတ်တော်တွင် ယနေ့ပြောကြားလိုက်သည်။

နွေဦးတော်လှန်ရေးတွင်ပေါ်ပေါက်လာသည့် ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF)နှင့် အပစ်ရပ်ဆွေးနွေးခဲ့ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် က ယနေ့နံနက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

အဆိုပါဖြစ်ရပ်သည် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့အသစ်များ ပေါ်ပေါက်လာမည်ကို စိုးရိမ်တကြီး ဟန့်တားလေ့ရှိသည့် မြန်မာစစ်တပ်အတွက် အာဏာသိမ်းပြီးနောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အသစ်တစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။ 

ချင်းပြည်နယ် ဖလမ်းအခြေစိုက် ယင်းတော်လှန်ရေးတပ်ကို ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနှစ်လအကြာတွင် ဖွဲ့စည်းခဲ့သည်။ လူသူလက်နက်အင်အား တိတိကျကျ မသိရှိရသည့် ထိုတပ်ဖွဲ့သည့် နိုင်ငံအနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ ရခိုင်- ဧရာဝတီ နယ်စပ်အထိ ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် AA ၏ စစ်ရေးမဟာမိတ်ဖြစ်သည့် ချင်းညီနောင် (Chin Brotherhood) တပ်ဖွဲ့ဝင်လည်းဖြစ်သည်။ 

ပြီးခဲ့သည့်မတ်လကုန်က တပ်ချုပ်ရာထူးကိုစွန့်လွှတ်ပြီး သမ္မတရာထူး ယူထားသော်လည်း စစ်တပ်အပေါ် သြဇာကြီးဆဲဖြစ်သည့် ဦးမင်းအောင်လှိုင်က  ယနေ့နံနက်တွင် စစ်အုပ်စု၏ပြည်ထောင်စုလွှတ်တော်၌  အရပ်သားအရေခြုံအစိုးရ ရက် ၁၀၀ ပြည့် မိန့်ခွန်းပြောကြားသည်။  အဆိုပါ မိန့်ခွန်းတွင် ချင်းလက်နက်ကိုင်တပ်ဖွဲ့ CNO ကို အပစ်ရပ်စာချုပ် NCA လက်မှတ်မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဟု ရည်ညွှန်းခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ချင်းညီနောင် (Chin Brotherhood) သည် အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာသည့် ဒေသန္တရချင်းတပ်များ စုပေါင်းထားသည့် ချင်းတပ်ပေါင်းစုဖြစ်ပြီး ချင်းပြည်နယ်ထဲမှ ကန်ပက်လက်၊ မင်းတပ်၊ မတူပီများကို စစ်တပ်လက်ထဲမှ သိမ်းပိုက်ထားသည်။ ၎င်းတို့၏ မဟာမိတ် အာရက္ခတပ်တော် (အေအေ) က ပလက်ဝ ကိုသိမ်းပိုက်ထိန်းချုပ်ထားသည်။

CNO/ CNDF ဌာနချုပ်တည်ရှိရာ ဖလမ်းမြို့ကို CNO/ CNDF အပါအဝင် ချင်းညီနောင်တပ်များက စစ်တပ် လက်ထဲမှ ၂၀၂၅ ခုနှစ်တွင်သိမ်းပိုက်ခဲ့သော်လည်း ပြီးခဲ့သည့်ဧပြီလတွင် စစ်တပ်ထံပြန်လည် စွန့်လွှတ်ခဲ့ရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ဆွေးနွေးဖက်အဖြစ်သတ်မှတ်ချက်ကို ‘မရှင်းမလင်းဖြစ်နေသေးတဲ့အခြေအနေ’ ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က Myanmar Now ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားပြီး အသေးစိတ်အခြေအနေများကိုရှင်းပြရန် ‘…အမြန်ဆုံးပြန်ဆက်သွယ်…’ မည်ဟုဆိုသည်။

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF)သည် ကြားကာလ ချင်းအမျိုးသားကောင်စီအဖွဲ့ (ICNCC)အဖွဲ့ ဝင်လည်းဖြစ်သည်။ ကြားကာလချင်းအမျိုးသားကောင်စီတွင် ချင်းညီနောင် (Chin Brotherhood) ၊ ၂၀၂၀ လွှတ်တော်အမတ်များ၊ CDM ဝန်ထမ်းများ၊ သပိတ်အဖွဲ့များအပါအဝင် ချင်းပြည်နယ်တဝန်းမှ အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်သူများ ပါဝင်သည်။

စစ်တပ်နှင့် ၎င်းတို့အဖွဲ့ဝင် CNO/CNDF အကြားဆွေးနွေးမှုကို အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ထုတ်မပြောခင်အထိ မသိရကြောင်းI CNCC ဥက္ကဋ္ဌ ဆလိုင်းထန်ချွန်းဖေက Myanmar Now ကိုပြောသည်။ သတင်းအချက်အလက်မရခဲ့သည့် ထိုတွေ့ဆုံမှုအတွက် ‘မှတ်ချက်ပေးစရာမရှိ’ ဟုလည်း ၎င်းကဆိုသည်။

သို့သော် CNO/CNDF အဖွဲ့ဝင်အဖြစ် ပါဝင်နေသည့် ကြားကာလ ချင်းအမျိုးသားကောင်စီအဖွဲ့ (ICNCC) နှင့် ချင်းညီနောင် (Chin Brotherhood) နှစ်ဖွဲ့လုံးသည် စစ်တပ်နှင့်ဆွေးနွေးရန် အဖွဲ့တွင်းသဘောတူ ဆုံးဖြတ်ထားခြင်း မရှိဟုလည်း ၎င်းကဆိုသည်။

စစ်တပ်ကြိုးကိုင်သည့် ရွေးကောက်ပွဲအပြီး စစ်ခေါင်းဆောင်က သမ္မတရာထူးယူပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ထုတ်ဖော်ပြောထားသော်လည်း တစ်ဖက်တွင် လက်လွှတ်လိုက်ရသည့် နယ်မြေများ ပြန်လည်ရရှိရေးအတွက် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် အနောက်မြောက်ပိုင်း ချင်းပြည်နယ်တို့တွင် စစ်ရေးအရအကြီးအကျယ် ဖိအားပေးတိုက်ခိုက်နေသည်။ 

စစ်တပ်၏ ချင်းပြည်နယ်ထိုးစစ်အတွင်း ပြည်နယ်မြောက်ပိုင်းရှိ ဖလမ်း၊ တွန်းဇံ နှင့် ထန်တလန်မြို့တို့ကို တော်လှန်ရေးအင်အားစုများက လက်လွှတ်ခဲ့ရသည်။ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ချင်းပြည်နယ်တောင်ပိုင်းတွင်လည်း နယ်မြေပြန်ရရေးအတွက် စစ်တပ်က မင်းတပ်နှင့် ကန်ပက်လက်ကို အင်အားထောင်ချီပါဝင်သည့် စစ်ကြောင်းနှစ်ခုဖြင့် မကွေးတိုင်းမှတဆင့်ထိုးဖောက်စစ်ဆင်ကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button