မန္တလေးမြို့ အိုးဘိုထောင်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) နိုင်ငံရေးအကျဉ်းသားတစ်ဦးသည် ရင်သားကင်ဆာရောဂါ ခံစားနေရပြီး ထောင်ပြင်ပဆေးရုံ၌ ဆေးကုသနိုင်ရေး ငွေကြေးအခက်အခဲ ကြုံတွေ့နေရကြောင်း မိသားစုနီးစပ်သူများထံက သိရသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က အင်အားပြင်း မြေငလျင်ကြီး မလှုပ်မီ စစ်ကိုင်း-မုံရွာကားလမ်းပေါ်တွင် ခရီးသွားနေသည့် NLD ပါတီဝင်အမျိုးသမီး ငါးဦးကို စစ်တပ်က ဖမ်းဆီးထောင်ချခဲ့ရာ ကင်ဆာရောဂါ ယခု ခံစားနေရသော အသက် ၃၇ နှစ် အရွယ် မအိလည်း ပါဝင်ခဲ့သည်။
NLD ပါတီ၏ မဟာအောင်မြေခရိုင် ခရိုင်လူငယ် မအိသည် စစ်တပ်၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ် ၇ နှစ် ချခံထားရသည်။
ထောင်ကျနေစဉ် ယမန်နှစ် စက်တင်ဘာလပိုင်းခန့်မှ စတင်၍ ရင်သားကင်ဆာဝေဒနာကို စတင်ခံစားခဲ့ရ သော်လည်း ထောင်အာဏာပိုင်များက ၁၀ လခန့်အကြာ ယခုနှစ် ဇွန်လတွင်မှ ထောင်ပြင်ပဆေးရုံ၌ ကုသခွင့် ပြုခဲ့သည်ဟု ၎င်းမိသားစုနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“ထောင်က ဆေးရုံထုတ်ပေးတာ နောက်ကျတော့ (ကင်ဆာ) ဆဲလ်ပျံ့သွားတာ။ ခေါင်းတုံးလည်း တုံးထားရတယ်။ လူက တော်တော်ကျသွားတာ။ အခုမှ ဆေးရုံကို အရေးပေါ်အနေနဲ့ ထုတ်လာတာ”ဟု ထိုသူက ဆိုသည်။
လက်ရှိတွင် မအိသည် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ တက်ရောက်ကုသနေပြီး တစ်လလျှင် ကင်ဆာဆေး သုံးကြိမ် သွင်းရကာ ဆေးတစ်ခါသွင်းလျှင် ခြောက်သိန်းကျော် ကုန်ကျသည်၊ တစ်လလျှင် ၁၈ သိန်းကျော်ကုန်ကျသောကြောင့် မိသားစုက ဆေးကုသစရိတ်အတွက်အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု သိရသည်။
“သူ့အိမ်ကလည်း ဘယ်သူမှမရှိဘူး ။ ညီအစ်မနှစ်ယောက်တည်းရယ်။ သူ့အစ်မကလည်း မတတ်နိုင်ဘူး။ ဆေးကုသဖို့ အတွက်ကတော်တော်ခက်ခဲနေတာ”ဟု အထက်ပါအမျိုးသားက ပြောသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က မန္တလေးမြို့မှ မုံရွာမြို့သို့ ကိုယ်ပိုင်ကားတစ်စီးဖြင့် ခရီးသွားသော NLD ပါတီဝင်များဖြစ်သည့် ဒေါ်ဥမ္မာဝင်း(ခ)ဉုံဉုံ၊ မရီရီဝင်း၊ မခင်ဖြူဖြူအောင်၊ မအိနှင့် မဖွေးသန့်ဖြူတို့သည် စစ်ကိုင်း-မုံရွာကားလမ်း ညောင်ပင်ဝန်းနှင့် နုံးကျေးရွာအကြား စစ်တပ် ဂိတ်တစ်ခုတွင် ဖမ်းဆီးခံရသည်။
ထို့နောက် စစ်ကိုင်းမြို့ရဲစခန်းတွင် ချုပ်နှောင်ခံရပြီး ရက်ပိုင်းအကြာတွင် ၎င်းမြို့အခြေစိုက် အမှတ် (၃၃) ခြေမြန်တပ်မ၌ စစ်ကြောခံခဲ့ရသည်။ ဩဂုတ်လတွင် ၎င်းတို့ငါးဦး အိုးဘိုထောင်သို့ ရောက်ရှိလာကာ အကြမ်းဖက်ပုဒ်မများဖြင့် အမှုဖွင့်ခံရခြင်းဖြစ်သည်။
မအိသည် အိုးဘိုအကျဉ်းထောင်သို့ ရောက်ရှိပြီး တစ်လအကြာ အပြီးသတ်အမိန့်မချမီ ယာယီဆောင်တွင် နေထိုင်ရစဉ်ကတည်းက ရင်သားအကြိတ်ဝေဒနာ စတင်ခံစားခဲ့ရသည်ဟု မိသားစုဝင်များကို ကိုးကား၍ အထက်ပါ နီးစပ်သူထံက သိရသည်။
“အဲဒီတုန်းက သူယာယီဆောင်မှာ။ အဲဒီတုန်းက အကြိတ်ကသေးတယ်။ ရင်သားအကြိတ်ဖြစ်နေတယ် ဆိုပြီးပြောတော့ ထောင်ဆေးရုံက သောက်ဆေးတွေပဲ ပေးတယ်။ နောက်ပိုင်း တဖြည်းဖြည်း လတွေ ကြာလာပြီး တဖြည်းဖြည်း (အကြိတ်) ကြီးပြီး မာခဲလာမှ မနေနိုင်တော့ဘူးဆိုတာတောင် စာတွေက အဆင့်ဆင့်တင်ရတာ။ လအတော်ကြာသေးတယ်”ဟု ထိုသူက ပြောပြသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် စစ်တပ်လက်အောက်ခံ အမရပူရမြို့နယ်တရားရုံးက NLD ပါတီဝင် ငါးဦးထဲမှ ဒေါ်ဥမ္မာဝင်း(ခ)ဉုံဉုံအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၀(ည)၊ ၅၀(က) ၊ ၅၂(က) တို့ဖြင့် ထောင်ဒဏ် ၃၇ နှစ် ၊ မရီရီဝင်းနှင့်မခင်ဖြူဖြူအောင်တို့အား ပုဒ်မ၅၀(ည)၊၅၂(က) တို့ဖြင့် ထောင်ဒဏ် ၂၂ နှစ် ၊ မအိနှင့် မဖွေးသန့်ဖြူတို့အား ပုဒ်မ၅၂(က)ဖြင့် ထောင်ဒဏ် ၇ နှစ်စသည်ဖြင့် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့သည်။
ဖမ်းဆီးထောင်ချခံရသူတစ်ဦးဖြစ်သော အမရပူရမြို့နယ် NLD ပါတီ အတွင်းရေးမှူးဖြစ်သူ ဒေါ်ဥမ္မာဝင်း (ခ) ဥုံဥုံ သည် ကျီးပေါင်းရောဂါရှိ၍ နာတာရှည်ဆေးစွဲသောက်နေရသူဖြစ်ကာ လတ်တလောတွင်လည်း ဆေးဝါးကုသခွင့် လုံလောက်စွာမရကြောင်း သိရသည်။
မန္တလေးတိုင်း NLD ပါတီတာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ဒေါ်ဥမ္မာ၏ ကျန်းမာရေးအတွက် စိတ်ပူသည်ဟု ယမန်နှစ် အောက်တိုဘာလအတွင်း Myanmar Now ကို ပြောထားသည်။
“အစကတည်းက ဆေးကုနေရတာလေ။ ဖမ်းခံရတော့ ဆေးမစားရတာရော အခုကျန်းမာရေးဆိုးနေတယ် ကြားတယ်။ ဆေးကုခွင့်မရဘူး”ဟု ၎င်းက ပြောသည်။
မအိနှင့် ဒေါ်ဥမ္မာမှအပ ကျန်အမျိုးသမီး သုံးဦး၏ လတ်တလောကျန်းမာရေးအခြေအနေများအား Myanmar Now က စုံစမ်းမေးမြန်းမရသေးပေ။
၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွင် ဖော်ပြထားသည့် ပြစ်မှုတစ်ခုခုကို ကျူးလွန်သဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက အနည်းဆုံးထောင်ဒဏ် ၁ နှစ် သို့မဟုတ် ၃နှစ်၊ သို့မဟုတ် ၅နှစ် သို့မဟုတ် ၇နှစ် သို့မဟုတ် ၁၀ နှစ်နှင့် ငွေဒဏ် ချမှတ်နိုင်ပြီး အများဆုံး ထောင်ဒဏ် တစ်သက် သို့မဟုတ် သေဒဏ်ဖြစ်စေ ချမှတ်ခြင်းခံရနိုင်သည်ဟု ပါရှိသည်။
စစ်တပ်ကလည်း အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ဖြည့်စွက်ချက်များ ထပ်ထည့်၍ အနည်းဆုံး နှစ်ကြိမ် ပြင်ဆင်ခဲ့သည်။
အထက်ပါ NLD ပါတီဝင် အမျိုးသမီးငါးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းနှင့်ပတ်သက်၍ စစ်တပ်က ယနေ့အချိန်အထိ သတင်းထုတ်ပြန်ခြင်း မရှိပေ။
စစ်တပ်လက်အောက်ခံ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကမူ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အကျဉ်းထောင် နှစ်ခု၊ အချုပ်ထောင် တစ်ခု၊ အကျဉ်းစခန်း လေးခု၊ ရဲအချုပ်ခန်း ခုနစ်ခု၊ တရားရုံး အချုပ်ခန်း နှစ်ခု၊ လူငယ်သင်တန်းကျောင်း သုံးခုနှင့် ဘိုးဘွားရိပ်သာ သုံးခုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ထိုအတောအတွင်း အကျဉ်းသား၊ အချုပ်သား ၉၈ ဦးကို သီးခြားတွေ့ဆုံခဲ့ကြောင်း ပါရှိသည်။
တိုင်ကြားမှုများကို စိစစ်ပြီး သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများကြောင့် လူ့အခွင့်အရေးဖောက်ဖျက်ခံရမှုများနှင့် နစ်နာမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုသို့ ထုတ်ပြန်နေသော်လည်း စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ နိုင်ငံအနှံ့၎င်းတို့ကို ဆန့်ကျင်သူ မည်သူကိုမဆို လိုက်လံဖမ်းဆီးထောင်ချခဲ့ရာ စစ်ကြောရေးစခန်းများ၌ သေဆုံးသည်အထိ နှိပ်စက်ခံရသည့်ဖြစ်စဉ်များစွာ ရှိနေသည်။
အချို့မှာ စစ်ကြောရေးစခန်းသို့ မရောက်မီ လမ်းတွင်ပင် အသတ်ခံကြရသည်၊ အချို့မှာမူ စစ်ကြောရေး စခန်းမှ ဒဏ်ရာများစွာဖြင့်ထောင်သို့ရောက်လာပြီး ဆေးဝါးကုသခွင့်မရရှိကြဘဲ သေဆုံးခဲ့ကြရသည်။
အာဏာသိမ်းစစ်တပ်လက်ထက် အကျဉ်းထောင်များတွင် အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများမှာ အင်မတန် ဆိုးဝါးခဲ့ကြောင်း ထောင်မှ လွတ်လာသူများက အတည်ပြုထားကြသည်။
ယခုနှစ် ဇူလိုင်လအတွင်းကလည်း ဆေးဝါးကုသခွင့်လုံလောက်စွာမရရှိခဲ့၍ အိုးဘိုထောင်မှ နိုင်ငံရေး အကျဉ်းသား ကိုလှိုင်ဘွား အသည်းခြောက်ရောဂါဖြင့် သေဆုံးခဲ့ရသည်။ ထောင်ဒဏ် ၁၆၄ နှစ် ချခံထားရသည့် NLD ပါတီဝင် ကိုလှိုင်ဘွားသည်လည်း ရောဂါဝေဒနာ အလွန်အမင်း ခံစားခဲ့ရကာ မသေဆုံးမီ တစ်ရက်အလိုမှသာ ထောင်ပြင်ပဆေးရုံ၌ ဆေးကုသခွင့် ရခဲ့သည်။
တော်လှန်ရေးလှုပ်ရှားမှုအားကောင်းသည့် မန္တလေးမြို့တွင်လည်း NLD ပါတီနှင့် ဆက်စပ်သူ အများအပြား ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခံခဲ့ရသော ဖြစ်စဉ်များ ရှိခဲ့သည်။
စစ်တပ် အာဏာသိမ်းထားသည့် ငါးနှစ်ကျော်အတွင်း NLD လွှတ်တော်အမတ် ၁၄၉ ဦးနှင့် ပါတီဝင် ၂၈၈၀ ဦး မတရားဖမ်းဆီးခံရသည်ဟု လူအခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD) ကလည်း ယခုနှစ် မတ်လ ၄ ရက်၌ ထုတ်ပြန်ထားသည်။
စစ်တပ်က NLD ပါတီ၏ မန္တလေးတိုင်း အလုပ်မှုဆောင်ကော်မတီဝင်နှင့် ပါတီအောင်နိုင်ရေး ကော်မတီ အဖွဲ့ဝင်လည်းဖြစ်၊ ပါတီ၏ ဥပဒေအကြံပေးလည်းဖြစ်သည့် လူ့အခွင့်အရေးတက်ကြလှုပ်ရှားသူ ရှေ့နေ ဒေါ်ရွက်နုအောင်ကို အကြမ်းဖက်ပုဒ်မဖြင့် အိုးဘိုထောင်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ထားသည်။



