Myanmar Now ကရရှိသည့် ၂၀၂၁ ခုနှစ်မတိုင်မီဖြစ်မည်ဟု ယူဆရသော ခရီးသွားမှတ်တမ်းတစ်ခုအရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘဝတွင်ရှိစဉ် DM-003939 ဆိုသည့် ၁၀ နှစ်ခံ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားသည်။ လာမည့် ၂၀၂၇ ခုနှစ် စက်တင်ဘာလ ၆ ရက်တွင် စစ်ခေါင်းဆောင်၏ နိုင်ငံကူး လက်မှတ်သက်တမ်းကုန်မည်ဖြစ်သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်ဘဝနှင့် ကိုယ့်ကိုယ်ကိုယ် သမ္မတရာထူးခန့်အပ်ပြီးနောက်ပိုင်း အင်ဒိုနီးရှား၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့ကို သွားလာခဲ့ပြီး ထိုခရီးစဉ်များတလျောက် အဆိုပါနိုင်ငံကူးလက်မှတ်ကို ဆက်လက် အသုံးပြုခြင်း ရှိ မရှိ အတည်မပြုနိုင်သေးပေ။
ဦမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှသည်လည်း အလားတူ DM နှင့်စတင်သည့် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပြီး လာမည့် ၂၀၂၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်တွင် သက်တမ်းကုန်မည်ဖြစ်သည်။
၁၉၈၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်တွင်မွေးဖွားသည့် ဦးမင်းအောင်လှိုင်၏ သမီး ဒေါ်ခင်သီရိသက်မွန်သည် နိုင်ငံကူးလက်မှတ်တွင် ‘၅’ခြောက်လုံး (555555) ကို ရွေးချယ်ခဲ့သည်။ မွေးနေ့ဂဏန်း ‘၅’ ကို အထူးပြုလိုပုံရသည်။ ထို့အပြင် အရွယ်မရောက်သေးသည့် သမီးနှစ်ဦးအတွက် ‘၃’ လေးလုံးနှင့် အဆုံးသတ်သည့်နံပါတ် (××3333) နှင့် ‘၉’ လေးလုံးနှင့် အဆုံးသတ်သည့်နံပါတ် (××9999) တို့ကို ရွေးချယ်ခဲ့သည်။
ဦးမင်းအောင်လှိုင်၏ သမီး ဒေါ်ခင်သီရိသက်မွန်သည် နိုင်ငံကူးလက်မှတ်တွင် ‘၅’ခြောက်လုံး (555555) ဂဏန်းကိုရွေးချယ်ခဲ့သည်။
အလားတူ ဦးမင်းအောင်လှိုင်၏သား အသက် ၄၂ နှစ်အရွယ် ဦးအောင်ပြည့်စုံသည်လည်း သူ၏ နိုင်ငံကူးလက်မှတ်တွင် ‘၂’ လေးလုံးဖြင့်အဆုံးသတ်သည့်နံပါတ် (××2222) ကိုရွေးချယ်ထားသည်။ ၎င်း၏ မွေးနေ့ဂဏန်း ‘၂၄’ ကို အထူးပြုချင်ပုံရသည်။ ဦးအောင်ပြည့်စုံ၏ သမီးနှစ်ဦးအနက် တစ်ဦး၏ နိုင်ငံကူးလက်မှတ်နံပါတ်မှာ ‘၅’ ငါးလုံး(×55555) နှင့် အဆုံးသတ်သည် ကို တွေ့ရသည်။
ထိုနိုင်ငံကူးလက်မှတ်များသည် ဦးမင်းအောင်လှိုင်စစ်တပ်ခေါင်းဆောင်အဖြစ်ရှိနေစဉ် ၂၀၁၅ မှ ၂၀၁၈ အတွင်း စိတ်ကြိုက်နံပါတ်ထုတ်ယူခဲ့ကြခြင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စစ်တပ်ခေါင်းဆောင်ဘဝတွင် ပတ်စပို့စ်ရုံးကိုချုပ်ကိုင်သည့် ပြည်ထဲရေးဝန်ကြီးဌာနကို တိုက်ရိုက်အမိန့်ပေးနိုင်သည့်အခွင့်အရေးကို အသုံးချ၍ ကာကွယ်ရေးဦးစီးချုပ်ဘဝတွင်ရှိစဉ်က သူ၏သား၊ သမီး၊ ချွေးမနှင့် မြေးများအတွက် နိုင်ငံကူးလက်မှတ်နံပါတ်များကို စိတ်ကြိုက်ရွေးချယ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏မိသားစုဝင်များသည် မော်တော်ယာဉ်နံပါတ်၊ ဖုန်းနံပါတ်နှင့် နံပါတ်ပါဝင်သည့် အခြားရုပ်ဝတ္ထုပစ္စည်းများကို အသုံးပြုရာတွင် သာမန်ပြည်သူများ မရနိုင်သည့် နံပါတ်မျိုးကိုသာသုံးစွဲလိုသည့် အလေ့အထသည် စစ်အာဏာရှင်အသိုင်းအဝိုင်းတွင် အမြစ်တွယ် ထွန်းကားနေသည်ဟု Myanmar Now ၏ သတင်းရင်းမြစ်တစ်ဦးက မှတ်ချက်ပြုသည်။
အဆိုပါ နံပါတ်များရရှိရေးအတွက် အာဏာကို အသုံးပြုသည့်အပြင် ငွေကြေးကိုလည်း သိန်းထောင်ဂဏန်းအထိ ပေးကာ ဝယ်ယူသည်ကို တွေ့ကြုံဖူးခဲ့ကြောင်း ၎င်းက ဆိုသည်။