အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရှမ်းမြောက် ကုန်သွယ်ရေးလမ်းပေါ်ရှိ မြို့များတွင် စစ်တပ်နှင့် MNDAA စစ်ရေးတင်းမာ

မြန်မာ- တရုတ် ကုန်သွယ်ရေးလမ်းမပေါ်ရှိ MNDAA ထိန်းချုပ်မြို့များတွင် ညစဉ်နီးပါး လေကြောင်း ကင်းထောက်မှုနှင့်  နှစ်ဖက်လုံး စစ်ရေးလှုပ်ရှားမှုများ ရှိလာသဖြင့် တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း ရှမ်းပြည်မြောက်ပိုင်း၌ ခြေကုပ်ရယူနိုင်ခဲ့သည့် ကိုးကန့်တပ် (MNDAA)  နယ်မြေများတွင် ယခုလဆန်းမှစတင်၍ စစ်တပ်က လေကြောင်းကင်းထောက်မှုများ ညစဉ် ပြုလုပ်နေပြီး နှစ်ဖက်လုံးက စစ်အင်အား ဖြည့်တင်းမှုများ ရှိနေသည်ဟု  ဒေသခံများထံက သိရသည်။

မန္တလေး- လားရှိုး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ MNDAA ထိန်းချုပ်သည့် လားရှိုးမြို့ အနီးဝန်းကျင်မှ ကျေးရွာများ၊ သိန္နီမြို့နှင့် ကွတ်ခိုင်မြို့များကို လေကြောင်းကင်းထောက်မှုများ ရှိလာခြင်းဖြစ်သည်ဟု ဆိုကြသည်။

ထို့ကြောင့် ဒေသတွင်း တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို ရှမ်းမြောက်ဒေသခံများက စိုးရိမ်နေကြသည်။

“ညတိုင်းပဲ ခုနစ်နာရီနောက်ပိုင်းဆို လေယာဉ်လာပြီး ကင်းထောက်နေတာ။ တခါတလေ နိမ့်နိမ့်လေး ပျံသွားတယ်။ အသံက အကျယ်ကြီးပဲဆိုတော့ အားလုံးက ထိတ်လန့်နေကြတာ” ဟု ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” အပြီး  MNDAA သည် မြို့ပေါင်း ကိုးမြို့ ရရှိခဲ့ပြီး လားရှိုးမြို့ကိုမူ စစ်တပ်ထံပြန်ပေးခဲ့ရသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်တွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် MNDAA နှင့် စစ်တပ်တို့ အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့ ကြသည်။

အဆိုပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များအရ စစ်တပ်အနေဖြင့် MNDAA နယ်မြေများ၌ လေကြောင်းတိုက်ခိုက်မှုများ မလုပ်ရန် သဘောတူခဲ့ရသည့်အပြင် တရုတ်နယ်စပ်ဒေသ တည်ငြိမ်ရေး၊ နှစ်ဖက်အဖွဲ့များကြား တိုက်ခိုက်မှုများ ရပ်တန့်ရေးနှင့် နယ်မြေပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများကို ပြန်လည် ညှိနှိုင်းဆောင်ရွက်သွားရေးတို့လည်း  ပါဝင်သည်။

ထို့နောက် အာဏာသိမ်းစစ်ခေါင်းဆောင်က သမ္မတရာထူး ရယူပြီးနောက် ရက် ၁၀၀ စီမံချက်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။

အင်အားကြီးလက်နက်ကိုင် UWSA “ဝ” တပ်ဖွဲ့အပြင် မိုင်းလားတပ်ဖွဲ့ (NDAA)၊ တအာင်းတပ်ဖွဲ့ (TNLA) တို့က နေပြည်တော်ဆွေးနွေးပွဲ သွားတက်ခဲ့သည်။ သို့သော် ရှမ်းမြောက်ဒေသရှိ မြို့နယ်အများစုနှင့် ကုန်သွယ်ရေးလမ်းမကြီး၏ လမ်းပိုင်းအများစုကို ထိန်းချုပ်ထားနိုင်သည့် MNDAA တပ်ဖွဲ့ကမူ နေပြည်တော် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယနေ့အထိ တက်ရောက်ခြင်း မရှိသေးပေ။

မူလက MNDAA အနေဖြင့်  နေပြည်တော်ဆွေးနွေးပွဲတက်ရန် ပြင်ဆင်မှုများရှိခဲ့သော်လည်း စစ်တပ်က ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက် ညပိုင်းတွင် ကွတ်ခိုင်မြို့နယ် တီးမားကျေးရွာကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ဆွေးနွေးပွဲတက်မည့် အစီအစဉ် ပျက်သွားခဲ့သည်ဟု MNDAA နှင့် နီးစပ်သူများထံက သိရသည်။

ယခုနှစ် မေလက တွေ့ရသော ကွတ်ခိုင်မြို့တွင်းတစ်နေရာ။ (ဓာတ်ပုံ- Myanmar Now)

ယခုရက်ပိုင်း  သိန္နီနှင့် သီပေါမြို့နယ်တို့၌  MNDAA က စစ်အင်အားများ ပိုမိုဖြန့်ကြက်လာသည်ဟု ဒေသခံများက ပြောသည်။

“သိန္နီလမ်းတွေပေါ်မှာလည်း ကိုးကန့်တပ်ဘက်က စစ်သားတွေ ရှေ့တန်း ထွက်တဲ့အတိုင်း လမ်းလျှောက် နေတာကို တွေ့ရတယ်။ စစ်လက်နက် အပြည့်အစုံနဲ့ လေ့ကျင့်နေကြတာ။ အရင်က ဒါမျိုးလုပ်တာ မတွေ့ဖူးဘူး” ဟု သိန္နီမြို့ခံတစ်ဦးက ပြောသည်။

MNDAA ထိန်းချုပ်ဒေသများသို့ စစ်တပ်က လေကြောင်းမှ ကင်းထောက်နေသည်ဟူသည့် ပြောဆိုချက် များနှင့်ပတ်သက်၍ စစ်တပ်ဘက်က တစုံတရာ ထုတ်ပြန်ထားသည်ကိုမတွေ့ရပေ။ စစ်တပ်နှင့် MNDAA တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းမရသေးပေ။ 

ယခုလဆန်းမှစတင်၍ လားရှိုးနှင့် မူဆယ်မြို့များရှိ စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများကို ရဟတ်ယာဉ်ဖြင့် နေရာအပြောင်းအလဲ ပြုလုပ်နေမှုများရှိသည်ဟု မူဆယ်မြို့ ဌာနဆိုင်ရာအသိုင်းအဝိုင်း ထံကလည်း သိရသည်။

အလားတူ သီပေါမြို့နယ်အတွင်း စစ်တပ်နှင့် MNDAAတို့ ကျောင်းများဖွင့်ရေးကိစ္စနှင့် ပတ်သက်၍ ဆက်ဆံရေး တင်းမာနေသည်ဟု ဒေသခံများက ဆိုကြသည်။

ဩဂုတ်လကုန်ပိုင်း၌ စစ်တပ်က သီပေါမြို့နယ်အတွင်း သီပေါ- လားရှိုးလမ်းနှင့် သီပေါ- နမ့်လန်းလမ်းရှိ MNDAA ထိန်းချုပ် ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်း ၁၇ ကျောင်းကို လုံခြုံရေး အကြောင်းပြချက်ဖြင့် ပိတ်လိုက်သည်။

MNDAA နှင့် SSPP တပ်ဖွဲ့များ လှုပ်ရှားကြသည့် သီပေါ- နမ့်လမ်လမ်းပေါ်ရှိ ဆောင်ကြဲရွာ၊ နောင်အန်ရွာ၊ ပန်ခန်းရွာ၊ မခေါ်ရွာ၊ ပန်စောက်မိန်းရွာ၊ မြို့ဟောင်းရပ်ကွက်နှင့် ပန်မိတ်ကျေးရွာရှိ အထက်တန်းကျောင်း နှစ်ကျောင်းအပါအဝင် စာသင်ကျောင်း ၁၇ ကျောင်းကို စစ်တပ်က ပိတ်လိုက်ခြင်းဖြစ်သည်။

ယခုလဆန်းတွင် စစ်တပ်က အဆိုပါစာသင်ကျောင်းများကို ပြန်လည်ဖွင့်ပေးရန် ပြင်ဆင်ခဲ့သော်လည်း MNDAA က လက်မခံဘဲ ၎င်းတို့ဘက်မှ ဦးစီးဖွင့်လှစ်မည်ဆိုသဖြင့် နှစ်ဖက်အကြား တင်းမာမှုများ ဖြစ်ပေါ်နေသည်။

MNDAA က ပြန်ဖွင့်မည့်ကျောင်းများမှာ ဆွတ်လန်း၊ မြို့ဟောင်း၊ နမ့်ပျဉ်၊ ကောင်းလန်း၊ နားညု၊ ပန်ညုနှင့် ဆောင်ကြဲ ကျေးရွာတို့ရှိ စာသင်ကျောင်းများ ဖြစ်သည်။

“ကိုးကန့်ဘက်ကပဲ ဖွင့်မယ်ဆိုလို့ စစ်တပ်က ပြန်ဖွင့်ဖို့လုပ်နေတဲ့ စာသင်ကျောင်းတွေ ပြန်ပိတ်လိုက်ပြီ။ အဲဒီနေရာတွေမှာက SSPP လည်းရှိတော့ (အခြေအနေ) တော်တော်ရှုပ်နေတယ်” ဟု သီပေါမြို့ခံ အမျိုးသား တစ်ဦးက ပြောသည်။

ရှမ်းလက်နက်ကိုင်တပ် SSPP သည်လည်း MNDAA နှင့် စစ်ရေးနိုင်ငံရေးအရ မဟာမိတ်များဖြစ်ကြ သော်လည်း “၁၀၂၇ စစ်ဆင်ရေး”တွင် ပါဝင်ခြင်းမရှိဘဲ စစ်တပ်၏ နေပြည်တော်ဆွေးနွေးပွဲ တက်ရောက်ထားသည်။ 

ကိုးကန့်တပ်ဘက်မှ ပြန်ဖွင့်လှစ်မည့် သီပေါမြို့နယ်မှ စာသင်ကျောင်းတစ်ခု။ (ဓာတ်ပုံ-The Kokang)

ကျောင်းပြန်ဖွင့်မည့် အဆိုပါကျေးရွာတို့တွင်လည်း ယခုရက်ပိုင်း  MNDAA က တပ်ဖွဲ့ဝင်အင်အားများ ထပ်မံဖြည့်တင်းထားသည်ကို တွေ့ရသည်ဟုလည်း ဒေသခံများက ပြောသည်။

“ကိုးကန့်ဘက်က အရင်ဆို သုံးလတစ်ခါ လူချိန်းနေကြပဲ။ အခု အဲဒီဘက်မှာ လူသစ်တွေ ထပ်ဖြည့်ထားတယ်။ လူဟောင်းတွေလည်း ပြန်တာမတွေ့ရဘူး။ ဒီရက်ပိုင်း ကားလေး၊ ငါးစီးနဲ့ ရောက်လာတာ တွေ့တယ်” ဟု သီပေါမြို့ ဟောင်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။

နိုင်ငံအလယ်ပိုင်းကို ရှမ်းမြောက်ဘက်မှ ဝင်ရောက်နိုင်သော လမ်းကြောင်းတစ်ခုဖြစ်သည့် နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့များကို  စစ်တပ်က ပြန်လည်သိမ်းပိုက်ခဲ့ပြီး  သီပေါတံတားထိပ်တွင် အထိုင်ချတပ်စွဲထားသည်။ 

သီပေါတံတား၏ အခြားတစ်ဖက် လားရှိုးမြို့သို့ သွားသည့်လမ်းပိုင်းတွင် MNDAA က တပ်စွဲထားရာ စစ်တပ်နှင့် MNDAA တို့သည် နှစ်ဖာလုံခန့်အကွာ တပ်ဆိုင်ထားသည်ကို တွေ့ရသည်ဟု ဒေသခံများက ပြောသည်။

MNDAA ကုန်သွယ်ရေးလမ်းကြောင်းနှင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်ပြီး တရုတ်အစိုးရနှင့် ပုံမှန်ကုန်သွယ်မှုများ ရှိနေသော်လည်း စစ်တပ်က သီပေါတံတားအား ပိတ်၍ MNDAA ထိန်းချုပ်ဒေသဘက်မှ လာသည့် ကုန်စည်များကို နိုင်ငံအတွင်းပိုင်းသို့ မစီးဆင်းနိုင်ရန် ပိတ်ဆို့ထားသည်။

ကုန်စည်ကူးသန်းမှု ဖြတ်တောက်သည့် ထိုနည်းလမ်းဖြင့် MNDAA ကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေပြီး ကုန်သွယ်ရေးလမ်းမကိုလည်း ပြန်လည်စိုးမိုးလိုသည့်  စစ်တပ်ကြောင့် နိုင်ငံအတွင်း တရုတ်ကုန်စည်များ ရှားပါးကာ ကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။ 

စစ်တပ်နှင့် MNDAA ထိန်းချုပ်သည့် တရုတ်ကုန်သွယ်ရေးလမ်းပြမြေပုံ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles