ဒေသတွင်း တော်လှန်ရေးအင်အားစုများ၏ ဘဏ္ဍာငွေရလမ်းကိုဖြတ်တောက်ရန်အတွက် မကွေးတိုင်း မြိုင်မြို့နယ် ရေနံမြေကို စစ်ကြောင်းထိုးလာသည့် စစ်တပ်သည် ရေနံမှော်အနီးတွင် ခြေကုပ်ယူကာ ရေနံလုပ်ကွက်များကို မိုင်းခွဲဖျက်ဆီးမှုများ လုပ်နေကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့ကြား Well 2 ရေနံမြေအနီး တဲကြီးကျေးရွာတွင် ဩဂုတ်လကုန် ကတည်းက နေရာယူထားသည့် စစ်တပ်သည် အနီးရှိရေနံမြေကို ဝင်ရောက်ကာ ရေနံတွင်းများ၊ ရေနံတူးစက်များနှင့် ချက်ဖိုများကို မိုင်းခွဲဖျက်ဆီးမှုများ လုပ်ဆောင်နေသည်မှာ နှစ်ပတ်နီးပါး ရှိလာကြောင်း ဒေသတွင်းမှ တော်လှန်ရေးအင်အားစုများက ဆိုသည်။
“ သူတို့ကရေနံမြေမှာရှိတဲ့တချို့ရေနံလုပ်ကွက်တွေကိုဖျက်ဆီးလိုက်၊ သူတို့အခြေပြုထားတဲ့ တဲကြီးရွာထဲကို ပြန်ဝင်လိုက် အဲ့ဒီလိုပုံစံမျိုးနဲ့ပဲ လက်ရှိစစ်ရေးလှုပ်ရှားမှုဒီလောက်အထိရှိပါတယ်။ အဓိက ရေနံကျင်းတွေကို မိုင်းခွဲတယ်။ လုပ်စားလို့မရအောင်ပေါ့။ မိုင်းခွဲဖျက်ဆီးပြီးတော့ အခြေပြုထားတဲ့ ရွာကို ပြန်ဝင်တယ်။ ဒရုန်းသုံးတယ်ဆိုတဲ့ အခြေအနေက ကင်းထောက်လောက်ပဲလုပ်တာ။ လူကိုယ်တိုင်ပဲဆင်းဖျက်ဆီးတာ”ဟု အညာတမာစစ်ဆင်ရေး ပြောရေးဆိုခွင့်ရှိသူ ကိုပြည့်ဖြိုးကျော်က ပြောသည်။
အညာတမာစစ်ဆင်ရေးသည် ရေနံမြေကိုထိုးလာသည့်စစ်ကြောင်းကို တိုက်ခိုက်ရန်အတွက် ဒေသတွင်း တော်လှန်ရေးအင်အားစုများစုဖွဲ့ထားသည့် စစ်ဆင်ရေး၏အမည်ဖြစ်ပြီး မကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်းများ၊ NUG လက်အောက်ခံ တပ်ရင်းများ၊ အနီးဝန်းကျင်မြို့နယ်များမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ ကျောင်းသားတပ် (ABSDF)၊ အညာမြေတပ်ပေါင်းစုစသည့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ ပါဝင်တိုက်ခိုက်နေကြသည်။
တဲကြီးရွာမှာ မြိုင်နယ်နှင့်ပေါက်နယ်စပ်တွင် တည်ရှိပြီး ရေနံမြေနှင့် သုံးမိုင်ခန့်သာကွာဝေးသည်။ ထိုရွာတွင် စစ်တပ်က ခြေကုပ်ယူလိုက်ပြီးကတည်းက ရွာကို မီးရှို့ဖျက်ဆီးထားသလို အနီးဝန်းကျင်ရှိ ရေနံလုပ်ကွက်များကို လူးလာခေါက်တုံ့ကူးကာ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် လုပ်ကွက် ၅၀ နီးပါး ဖျက်ဆီးထားကြောင်း ကိုပြည့်ဖြိုးကျော်က ပြောသည်။
ကုန်းတွင်းရေနံလုပ်ကွက်များရှိရာ Well 2 ရေနံမြေကို တော်လှန်ရေးအင်အားစုများက ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးကာ ထိုနေရာကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်စိုးမိုးထားသည်။ နေ့စဉ် ရေနံစည် ထောင်နှင့်ချီထွက်ရှိသည့် အဆိုပါရေနံမြေသည် တော်လှန်ရေးအင်အားစုများအတွက် အခွန်အကောက်များရရှိပြီး ဘဏ္ဍာရေးအရ အရေးပါသည့်ရင်းမြစ်တစ်ခုဖြစ်သည်။
စစ်တပ် စစ်ကြောင်းက တဲကြီးတွင်လည်းကောင်း၊ ရေနံမှော်တွင်လည်းကောင်း အခြေချတပ်စွဲနိုင်ခြေမရှိကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။
“တဲကြီးဘက်ကိုအခြေမချနိုင်ဘူးလို့ ယူဆပါတယ်။ ပေါက်ဘက် ဝင်မလားတော့မပြောတတ်ဘူး။ တဲကြီးနဲ့မှော်ကိုချည်း ဝင်ချည်ထွက်ချည်လုပ်နေပုံအရ အခြေချနိုင်မယ့်နေရာ ရှာမရပုံပါ။ မှော်ကိုတော့အခြေမချလောက်ဘူး တွေ့ကရာဖျက်ဆီးပစ်နေလို့လေ”ဟု မြိုင်မြို့နယ်မှ ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
လက်လွှတ်ထားရသည့်ရေနံမြေကို ပြန်လည်ထိန်းချုပ်ရန် ယမန်နှစ် နှစ်ကုန်ပိုင်းတွင် စစ်ကြောင်းထိုး ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်။ ယခုနှစ်မေလဆန်းတွင် ပခုက္ကူ အခြေစိုက် တပ်မ ၁၀၁ မှထွက်လာပြီး ပခုက္ကူ၊ မြိုင်၊ ပေါက် သုံးမြို့နယ်စပ်ကို လှည့်လည်စစ်ကြောင်းထိုးရာ ဩဂုတ်လကုန်ပိုင်းတွင် ရေနံမြေအနီးရှိ တဲကြီးရွာတွင် ခြေကုပ်ယူခဲ့သည်။
ဒေသတွင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည့် အချက်အလက်များအရ လမ်းတလျှောက် စစ်ကြောင်းထိုးလာချိန်တွင် စစ်ဘေးရှောင်များအပါအဝင် အရပ်သား နှစ်ဒါဇင်ကျော် သတ်ဖြတ်ခံရ ပြီး ပေါက်မြို့နယ် ထောက်ရှာပင်၊ မြိုင်မြို့နယ် လက်ခုပ်ပင်၊ ကန်နက်၊ ညောင်ကုန်း၊ ကိုင်းတောမ၊ ကွန်လပ်၊ ဘောတုံ၊ ကိုင်းရိုး၊ ဘောင့်ဘင်၊ ယာကြီးပြင်စသည့်ကျေးရွာတို့မှ အိမ်ခြေ ၄၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
စစ်တပ်စစ်ကြောင်းရန်ကြောင့် မြိုင်မြို့နယ် တောင်ရိုး၊ တဲကြီး၊ နယ်သတ်၊ ဆုံကုန်း၊ ကြက်ဆူအိုင့်၊ ကျောက်ခွက်စသည့် ကျေးရွာတို့မှ ထောင်နှင့်ချီသည့် ပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး ကာလကြာမြင့်သည်နှင့်အမျှ စားဝတ်နေရေးအခက်ကြုံနေရကြောင်း မြိုင်မြို့နယ်မှ ဒေသခံ အမျိုးသား တစ်ဦး ကပြောသည်။
“တစ်လခွဲထက်မနည်းရှောင်နေကြရတော့ ပိုက်ဆံပေါတဲ့ တွင်းပိုင်တွေ၊ သူဌေးတွေအတွက် မခက်ခဲပေမယ့် တွင်းလုပ်သားတွေ၊ အခြေခံလူတန်းစားတွေနဲ့ အဝေးကနေ လာရောက်လုပ်ကိုင် သူတွေအတွက်တော့ အတော်ကိုကျပ်တည်းနေကြပါတယ်။ မိုးရွာတယ်။ ကုန်ဈေး၊ ဆိုင်ကယ်ဆီဈေး ဈေးကြီးတယ်။ လေကြောင်းနဲ့ အသေခံဒရုန်းရန်တွေ အင်မတန်ကြောက်ရတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။
မြိုင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းထိုး သတ်ဖြတ်မှုများ၊ မီးရှို့မှုများနှင့်ပတ်သက်ပြီး သိရှိနိုင်ရန် မကွေးတိုင်း စစ်ကောင်စီခန့် ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွန့်အောင်ကို Myanmar Now က ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်သော်လည်း မရခဲ့ပါ။
မကွေးတိုင်းတွင်း စစ်တပ်လှုပ်ရှားမှုများကို စောင့်ကြည့်လေ့လာနေသော အရပ်ဘက်အဖွဲ့ဖြစ်သည့် တမာဖွံ့ဖြိုးရေးအင်စတီကျူက ထုတ်ပြန်သည့်အချက်အလက်အရ မြိုင်မြို့နယ်ရှိ ရေနံမြေများကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးသြဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၉၇ ကြိမ် ရှိခဲ့ကာ နေအိမ် ၃၈၀ ကျော် ပြာကျပျက်စီးခဲ့ရသည်။
စစ်တပ်ကြိုးကိုင်သည့်ရွေးကောက်ပွဲအလွန်တွင် ကာကွယ်ရေးဦးစီးချုပ်အသစ် တက်လာပြီးနောက် နိုင်ငံအလယ်ပိုင်းမကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လက်လွှတ်ထားရသည့် နယ်မြေများ ပြန်ရရန် စစ်တပ်က အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်နေသည်။
ဩဂုတ်လအတွင်း ရေနံမြေတိုက်ပွဲများအပြင် မကွေးတိုင်း ယောဒေသမှတဆင့် ချင်းပြည်နယ်ဘက်သို့ ထိုးဖောက်ရန် ပြင်နေသည့် ဆော၊ ကျောက်ထု၊ ထီးလင်းဘက်တွင် နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မင်းတုန်း မြို့နယ်မှ တဆင့် ရခိုင်ပြည်နယ်သို့ ထိုးဖောက်ရန် ကြိုးပမ်းနေသည့် စစ်တပ်နှင့် တိုက်ပွဲများပိုမိုပြင်းထန်လာသည်ဟု တမာအင်စတီကျူက ထုတ်ပြန်ထားသည်။



