ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့ကို ဦးတည်၍ စစ်ကြောင်းထိုးလာသော စစ်တပ်ဘက်တွင် လက်နက်ချသူ တဦးနှင့် တိုက်ပွဲအတွင်းသေဆုံးသူအချို့ရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောသည်။
စစ်တပ်သည် ဖာပွန်မြို့အနီးတွင် KNU တပ်မဟာ ၅ နှင့် ပူးပေါင်းတပ်များ၏ ဝိုင်းပတ်ပိတ်ဆို့ခံနေရသော စစ်တပ်၏ အခြေချစစ်ဗျူဟာ (စဗခ) ကို စစ်ကူနိုင်ရန် ၂၀၂၆ ခုနှစ် မေလ ပထမအပတ်အတွင်းမှစတင်၍ အင်အား နှစ်ထောင်ခန့်ဖြင့် ထိုးစစ်ဆင်လာကြောင်း KNU တပ်မဟာ ၅ ဘက်ကဆိုသည်။
အဆိုပါစစ်ကြောင်းသည် ဖာပွန်မြို့တောင်ဘက် ၅၁ မိုင်အကွာ ကမမောင်းမြို့မှတဆင့် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ လက်ရှိတွင် စစ်ကြောင်းသည် ကတိုင်တိကျေးရွာအုပ်စုထဲရှိ ဖားလုံးလေးရွာဝန်းကျင်တွင်သာရှိနေကြောင်း တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်ကဆိုသည်။
ဖားလုံးလေးရွာသည် ကတိုင်တိရွာမြောက်ဘက် မျဉ်းဖြောင့်တိုင်းလျှင် လေးမိုင်အကွာတွင်ရှိပြီး ဖာပွန်တောင်ဘက် ၂၇ မိုင်ခန့်အကွာတွင်ရှိသည်။
စစ်ကြောင်းရောက်နေသည့်နေရာသည် ဖာပွန်မြို့၏တောင်ဘက် မျဉ်းဖြောင့်တိုင်းလျှင် ၂၇ မိုင်ကွာဝေးသော်လည်း လက်တွေ့ခရီးလမ်းသည် ကြမ်းတမ်းပြီးမတ်စောက်သည့် တောင်တက် တောင်ဆင်း လမ်းများဖြစ်သဖြင့် တကယ့်ခရီးလမ်းသည် ၂၇ မိုင်ထက်ပိုမိုသည့်ခရီးဖြစ်ကြောင်း ဒေသအခြေအနေ သိသူအချို့ထံက သိရသည်။
မကြာသေးသည့် စက်တင်ဘာလ ၁၃ ရက်တွင် စစ်တပ်၏ စစ်ကြောင်းမှ အသက် ၄၀ အရွယ် စစ်သားတဦး လက်နက်များနှင့်အတူ KNU တပ်မဟာ ၅ ထံ လက်နက်ချလာသည်။
လက်နက်ချလာသူမှာ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ အမှတ် (၃၅၇) ခြေမြန်တပ်ရင်းမှ တပ်သားအောင်မျိုးဇော်ဖြစ်ကြောင်း KNU တပ်မဟာ ၅ ၏ အချက်အလက်အရ သိရသည်။

အမှတ် (၃၅၇) ခြေမြန်တပ်ရင်းသည် စစ်တပ်ပြန်လည်သိမ်းပိုက်ထားသည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် သင်္ဃန်းညီနောင်ရွာအခြေစိုက်တပ်ဖြစ်သည်။
လက်နက်ချလာသည့် စစ်သားနှင့်အတူ ၆၀ မမ စိန်ပြောင်း တလက်၊ စိန်ပြောင်း ဗုံးသီးသုံးလုံးနှင့် MA-1 ရိုင်ဖယ် တလက်ပါဝင်ကြောင်း KNU တပ်မဟာ ၅ ၏ အချက်အလက်အရသိရသည်။
စက်တင်ဘာ ၁၄ ရက်တွင် ကတိုင်တိရွာတောင်ဘက် ၁၁ မိုင်အကွာ ဝါးသိုးခိုရွာ ဝန်းကျင်တွင် စစ်တပ်နှင့် KNU တပ်မဟာ ၅ ဦးဆောင်သည့် ပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ရိုင်ဖယ်သေနတ်သုံးလက် သိမ်းဆည်းမိထားကြောင်း KNU တပ်မဟာ ၅ ဘက်က ပြောသည်။
ရိုင်ဖယ် သုံးလက်အနက် နှစ်လက်မှာ စစ်တပ်က ဒီဇိုင်းအသစ်ဖြင့် ပြန်ထုတ်ထားသည့် MA-1 ရိုင်ဖယ် နှစ်လက်ဖြစ်ကြောင်း KNU တပ်မဟာ ၅ ထံက သိရသည်။
တိုက်ပွဲအတွင်း ရိုင်ဖယ် သုံးလက်ရသည့်အခြေအနေနှင့်ပတ်သက်၍ KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က စစ်တပ်ဘက်က သေဆုံးသူ သုံးဦးရှိနိုင်သည်ဟု ယူဆရကြောင်းပြောသည်။
၎င်းက “ရှေ့တန်းမှာက ဘယ်သူမှတော့ သေနတ် သုံးလက်မကိုင်ဘူး။ သေနတ် သုံးလက်ရတဲ့အတွက် စစ်တပ်က သုံးယောက်သေတယ်လို့ ယူဆလို့ရပေမယ့် အတိအကျပြောဖို့လည်းခက်တယ်။ ဒါပေမဲ့ သူတို့စစ်ကြောင်းက လူသစ်တွေလည်းများတယ် လျော့ရိလျော့ရဲ ဆန္ဒမပါဘဲ အတင်းသွင်းခံရတဲ့သူတွေဆိုတော့ ရှေ့တန်းမှာလူက ထွက်ပြေးပြီး သေနတ်ကျန်တာမျိုးလည်း ဖြစ်တတ်တယ်” ဟု ဆိုသည်။

ဖာပွန်မြို့နယ်တွင် စစ်တပ်ဘက်က လက်နက်ချသူအပါအဝင် တိုက်ပွဲကျဆုံးမှုအခြေအနေနှင့် ပတ်သက်၍ ပိုသိနိုင်ရန် စစ်ခေါင်းဆောင်၏ပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးကို Myanmar Now က ဖုန်းဆက်ခဲ့သော်လည်း ဖုန်းမကိုင်ပေ။
KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်ကမူ စစ်တပ်ထိုးစစ်၏ ရည်ရွယ်ချက်မှာ ဖာပွန်မြို့တောင်ဘက်တွင် တော်လှန်ရေးတပ်များ၏ ပိတ်ဆို့ခံနေရသည့် ဖာပွန်ဗျူဟာကို စစ်ကူပေးနိုင်ရေး ဦးတည်ချီတက်နေခြင်းဖြစ်ပြီး စစ်တပ်စစ်ကြောင်း ဖာပွန်ဗျူဟာအထိရောက်လာပါက ဖာပွန်မြို့နယ်တွင် နယ်မြေစိုးမိုးရေး ပြန်လုပ်လာနိုင်ကြောင်း မှတ်ချက်ပေးသည်။
KNU တပ်မဟာ ၅နှင့် ပူးပေါင်းတပ်များသည် ဖာပွန်မြို့ကို ၂၀၂၄ ခုနှစ် မတ်လတွင် ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့၏တောင်ဘက်ရှိ ဖာပွန်ဗျူဟာကို ဆက်လက်ထိုးစစ်ဆင်ခဲ့သည်။
ဖာပွန်ဗျူဟာကို တော်လှန်ရေးတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း လက်ရှိအချိန်အထိ မသိမ်းပိုက်နိုင်သေးသလို စစ်တပ်ဘက်ကလည်း ဖာပွန်ဗျူဟာမှထွက်၍ မြို့ကို တော်လှန်ရေးတပ်လက်ထဲမှ ပြန်မသိမ်းနိုင်သေးပေ။
KNU တပ်မဟာ ၅ နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် ဖာပွန်ဗျူဟာကို ဝိုင်းပတ်ပိတ်ဆို့ထားသည်မှာ လက်ရှိအချိန်အထိဆိုပါက နှစ်နှစ်ခွဲ နီးပါးကြာနေပြီဖြစ်သည်။



