၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီမှ အနိုင်ရ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကို ပယ်ဖျက်ပြီး ကြံ့ခိုင်ရေးပါတီမှ ဒုတိယအနိုင်ရရှိထားသည့် ကိုယ်စားလှယ်နှစ်ဦးကို အစားထိုးခန့်အပ်လိုက်ကြောင်း စစ်တပ်ခန့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့တွင် ကြေညာခဲ့သည်။
တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော်မှ (မဲအများဆုံးရသူ အနိုင်ယူစနစ်) မြိတ်မြို့နယ်မှ ရွေးချယ်ခံထားရသည့် ကိုယ်စားလှယ် အမှတ်(၁) ဦးခိုင်ဦးနှင့် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးချယ်ခံထားရသည့် လောင်းလုံးမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးတင်စိုးတို့ကို စက်တင်ဘာလ ၇ ရက်မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်ရပ်တည်ခွင့်မရှိတော့ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။
မြိတ်မြို့နယ်မှ ရွေးချယ်ခံထားရသူ ပြည်သူ့ပါတီမှ ဦးခိုင်ဦးကို ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သည့် ဦးဝင်းကြူက ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခဲ့၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြားနာစစ်ဆေးပြီး ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဦးဝင်းကြူသည် ဦးခိုင်ဦးအား ရွေးကောက်ပွဲ မသမာမှုအဖြစ် ရွေးကောက်ပွဲ ကော်မရှင်က တားမြစ်ပိတ်ပင်ထားသည့် ကားတန်းဖြင့် လှည့်လည်ခွင့်မရှိသည့် အချက်ကိုထောက်ပြ၍ ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ပါတီမှ အမည်မဖော်လိုသူ ထိပ်သီးတာဝန်ရှိသူတစ်ဦးက ပြောသည်။
“ပြည်ခိုင်ဖြိုးက ဒီလောက်မဲတွေ အများကြီးရနေတာကို ဘာလို့ ဒီတစ်ယောက်တည်းကို လာပြီးတော့ ကုတ်ကတ်ပြီး လုပ်နေတာလဲပေါ့” ဟု ၎င်းက ဆိုသည်။
အသက် ၃၀ ကျော်အရွယ် ဦးခိုင်ဦးသည် ဗိုလ်မှူးအငြိမ်းစားဖြစ်ပြီး ပြည်သူပါတီကိုယ်စားပြုကာ မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြင့် တိုင်းလွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူ ဖြစ်သည်။ ၎င်းကို ကန့်ကွက်သော ကြံ့ခိုင်ရေးပါတီမှ ဦးဝင်းကြူသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။
တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်တွင် ပြည်သူ့ပါတီမှ ဦးခိုင်ဦးသည် ရွေးကောက်ပွဲ ကန့်ကွက်လွှာတွင် အနိုင်ရရှိခဲ့သည်။ နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ဦးဝင်းကြူဘက်မှ အယူခံလွှာ ရောက်ရှိချိန်တွင် ရှုံးမည်ဟု မျှော်လင့်ခဲ့ပြီး စိတ်မကောင်း ဖြစ်ကြောင်း ပြည်သူ့ပါတီ တာဝန်ရှိသူက ဆိုသည်။
“ဝန်ကြီး(ဦးဝင်းကြူ)လုပ်ခဲ့ပြီး ရှုံးလို့ အဲဒီဒီနေရာကို မရရအောင် ကုတ်တက်ပြီး ကန်ချဖို့ ကြိုစားတာလား” ဟု ၎င်းက မေးခွန်းထုတ်သည်။
ထို့ကြောင့် ရွေးကောက်ပွဲ စနစ်အရ ကန့်ကွက်လွှာ ရှုံးနိမ့်ခဲ့သည့် မြိတ်မြို့နယ်မှ ပြည်သူ့ပါတီကိုယ်စားပြု ကိုယ်စားလှယ် ဦးခိုင်ဦး ရရှိထားသည့် ဆန္ဒမဲရလဒ်များကို နုတ်ပယ်၍ ကျန်ရှိသော ခိုင်လုံမဲများကို ပြန်လည်တွက်ချက်ခဲ့ရာမှ ပြည်သူ့ပါတီကိုယ်စားပြု လောင်းလုံးမြို့နယ်မှ ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည့် ဦးတင်စိုးလည်း လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရပ်တည်ခွင့်မရှိတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်တွင် ပါရှိသည်။
တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် အချို့းကျကိုယ်စားပြုစနစ် (PR )နေရာများကို ဝေခွဲရာတွင် တိုင်းဒေသကြီးတစ်ခုလုံး (သို့မဟုတ်) မဲဆန္ဒနယ်အစုအဝေးတစ်ခုလုံးမှ ပါတီများ ရရှိထားသော စုစုပေါင်းမဲ (Total Party Votes) ကို အခြေခံ၍ နေရာများကို တွက်ချက်ရ၍ ဦးတင်စိုး၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်ရပ်တည်ခွင့် ပယ်ဖျက်ခံရသည့် အထဲ ပါဝင်ခဲ့ခြင်း ဖြစ်သည်။
ထိုကြောင့် နိုင်ငံရေးပါတီများက တင်ပြထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်းအရ ပြည်သူ့ပါတီ ကိုယ်စားလှယ် ဦးတင်စိုး တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် (အချိုးကျ ကိုယ်စားပြုစနစ် ) မဲဆန္ဒနယ် အမှတ်(၁) လောင်းလုံးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ကိုယ်စားလှယ်နေရာတွင် ကြံ့ခိုင်ရေးပါတီမှ ဒေါ်မြမြစိမ်း ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာခဲ့သည်။
ပြည်သူ့ပါတီမှ တိုင်းဒေသကြီး ကိုယ်စားလှယ်နှစ်ဦး ပယ်ဖျက်ခံရမှုနှင့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအခြေအနေတို့နှင့်ပတ်သက်၍ မေးမြန်းရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC ) ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးထံ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဖုန်းပိတ်ထား၍ အဆက်အသွယ်မရရှိခဲ့ပေ။
ပြည်သူ့ပါတီသည် အာဏာသိမ်းစစ်တပ်က ဦးဆောင်ကျင်းပသည့် ၂၀၂၅ ရွေးကောက်ပွဲတွင် စုစုပေါင်း နေရာ ၃၀ အနို်င်ရရှိခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးမှ ကိုယ်စားလှယ်နှစ်ဦးပယ်ဖျက်ခံရ၍၂၈ နေရာသာကျန်ရှိတော့ကြောင်း ပြည်သူ့ပါတီမှ တာဝန်ရှိသူက ဆိုသည်။
ထိုစဉ်ကပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးသည် ယခုနှစ် ဇန်နဝါရီလ ၂၅ ရက် က ကျင်းပခဲ့သည့် စစ်တပ် ရွေးကောက်ပွဲ အပိုင်း(၃)တွင် ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။
ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် ဦးကိုကိုကြီးသည် စစ်တပ်က ဖွဲ့စည်းထားသော ဒုတပ်ချုပ်ဟောင်း ဦးဆောင်နေသည့် ပြည်ထောင်စု အတိုင်ပင်ခံကောင်စီတွင် ကောင်စီအဖွဲ့ဝင် အဖြစ် နေပြည်တော်၌ ရုံးထိုင်နေသည်။
အာဏာသိမ်းစစ်တပ် ဦးဆောင်ကျင်းပခဲ့သည့် ၂၀၂၅ ရွေးကောက်ပွဲကို ၂၆၃ မြို့နယ်၌ အပိုင်းသုံးပိုင်းခွဲ ကျင်းပခဲ့ပြီး စစ်တပ်ကျောထောက်နောက်ခံရှိသည့် ကြံ့ခိုင်ရေးပါတီသာ အများဆုံး အနိုင်ရရှိခဲ့သော်လည်း သမ္မတနေရာကို ပါတီဥက္ကဋ္ဌ ဦးခင်ရီ မရရှိဘဲ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က အရပ်သားအရေခြုံ၍သမ္မတနေရာရယူခဲ့သည်။



