အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြစ်ခြေ စစ်တပ်စခန်း တိုက်ခိုက်ခံရမှု ဗုံးကြဲတုံ့ပြန်၊  ၅ ဦးသေဆုံးပြီး ဒေသခံ ထောင်ချီတိမ်းရှောင်

မြို့အနောက်ဘက်တွင် အခိုင်အမာတပ်စွဲထားသော စစ်တပ်စခန်း တိုက်ခိုက်ခံရမှုကြောင့် အနီးဝန်းကျင်ကို လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်နေရာ ဒေသခံ ငါးဦး သေဆုံးခဲ့သလို ခုနစ်ရွာခန့်မှ ဒေသခံ ၅၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

ဧရာဝတီမြစ်အနောက်ဘက်ကမ်း မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေမြို့တွင် စစ်တပ်၏ အခြေချစခန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်နေ၍ အနီးဝန်းကျင်ရှိ ကျေးရွာ ခုနစ်ရွာခန့်မှ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက် နံနက် ၄ နာရီခန့်က မြစ်ခြေမြို့အနောက်ဘက် တစ်မိုင်ခွဲခန့်အကွာ ညောင်လှရွာအနီး ဆေးဝါးနှင့် မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးစက်ရုံ ဖြစ်သော အမှတ် (၁) မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ် (ဒေသအခေါ် BPI တပ်) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်များက စီးနင်းတိုက်ခိုက်ခဲ့ကြသည်။ 

အင်အား ၅၀၀ ဝန်းကျင်ခန့် အခြေချတပ်စွဲထားသော ထိုစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေးနာရီနီးပါး တိုက်ပွဲဖြစ်ကာ NUG တပ်များ ပြန်လည်ဆုတ်ခွာခဲ့ပြီး စစ်တပ်က ၎င်းတို့စခန်းအနီးမှ ပေါက်တောနှင့် အိုင်ကြီး စသော ကျေးရွာတို့ အပါအဝင် ခုနစ်ရွာခန့်ကို လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်ခဲ့သည်။ 

ထိုနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၃၀ နှင့် ၆၀ နှစ်အကြား ဒေသခံ ငါးဦး သေဆုံးခဲ့ပြီး မြို့အနောက်တောင်ဘက် ငါးမိုင်ကျော်အကွာ ပေါက်တောရွာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ၊ ကပ်လျက် အိုင်ကြီးကျေးရွာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ ဖြစ်သည်ဟု ထိုဒေသတဝိုက် စစ်ရေးလှုပ်ရှားသော တော်လှန်ရေးတပ်ဖွဲ့တစ်ခုနှင့် မြစ်ခြေဒေသခံများထံက သိရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ (ပေါက်တောရွာက) အိမ်ပေါ်ကို (ဗုံး) တည့်တည့်ကျရာမှာ နှစ်ယောက်လုံး ပွဲချင်းပြီးတာလို့ပြောတယ်။ အိုင်ကြီး(ရွာ) ကြတော့ ဘုန်းကြီးကျောင်းထဲကို ပစ်သွားတာ ဘုရားတွေရော ၊ နဂါးရုံဘုရားတွေရော အကုန်ပျက်စီး၊ တော်တော်များများကို ဆုံးရှုံးသွားတာ” ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသား တစ်ဦးက ပြောသည်။

BPI တပ်တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များလည်း အထိအခိုက်ရှိသည်ဟု သိရသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို NUG ဘက်ကလည်း တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။ 

စစ်တပ်ရှိနေသော BPI တပ်ထဲမှ အနီးဝန်းကျင်ကို လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေသည်။ ထို့အပြင် ဒရုန်း၊ လေယာဉ်၊ ဂျိုင်ရိုကော်ပတာစသော လေကြောင်းတိုက်ခိုက်မှုများလည်း ယခုရက်များအတွင်း ပြုလုပ်နေသည်ဟု ဒေသခံများအဆိုအရ သိရသည်။ 

“လက်ရှိအခြေအနေမှာတော့ တပ်အနီး ရွာပေါင်း ခုနစ်ရွာလောက်က အရေးပေါ်ပေါ့။ ရှောင်နေရတယ်။ ဘာလို့ဆိုတော့ (တိုက်ပွဲ) ဖြစ်တဲ့နေ့မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေရှိတယ်။ နောက်ရက်တွေမှာလည်း ဂျိုင်ရိုကော်ပတာနဲ့ လိုက်ပြီး တောက်လျောက်ပစ်ခတ်နေတယ်”ဟု မြစ်ခြေမြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်သွားသော အမျိုးသမီးနှစ်ဦး။ (ဓာတ်ပုံ-ပေးပို့) 

စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် စက်တင်ဘာလ ၇ ရက်က မြစ်ခြေမြို့အနောက်ဘက်အထွက် ကြောင်တန်းခုံရွာ မှ နေအိမ် ၁၈ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်၊ ကျေးရွာ ခုနစ်ရွာမှ လူဦးရေ ၅၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်သည်ဟု ၎င်းက ဆက်ပြောသည်။

တိုက်ပွဲနောက်ဆက်တွဲအနေဖြင့် လက်ရှိတွင် ဒေသခံ ၅၀၀၀ ဝန်းကျင်သည် စစ်ရှောင်နေကြရရာ နေရာ ထိုင်ခင်းထက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်ရိက္ခာများ လိုအပ်လျက်ရှိနေသည်ဟု မြစ်ခြေဒေသ စစ်ဘေးရှောင်များကိုကူညီနေသည့် “အညာတောအိမ်”အဖွဲ့က Myanmar Now ကို ပြောသည်။

စစ်ရှောင်ထောက်ပံ့ရေးပစ္စည်းများသယ်ယူရာတွင် လမ်းပိတ်ဆို့မှုများနှင့်လုံခြုံရေးစိန်ခေါ်မှုများကြောင့် ကုန်ဈေးနှုန်းများမှာလည်း ပုံမှန်ထက် လေးဆငါးဆခန့် မြင့်တက်နေသည်။

ယခုနှစ်ဆန်းမှ စ၍ မြစ်ခြေမြို့တွင် တိုက်ပွဲများစတင်ဖြစ်ပွားကတည်းက ပခုက္ကူမြို့ဘက်မှ လာသော ကုန်စည်လမ်းကြောင်းများကို စစ်တပ်က ပိတ်ဆို့နေသည်မှာ ကိုးလနီးပါးရှိ၍ ဆန်၊ ဆီ နှင့် စက်သုံးဆီ ဈေးနှုန်းများ အဆမတန် မြင့်တက်ကာ ရှားပါးပြတ်လပ်နေပြီး အခက်တွေ့နေကြရသည်ဟု ဆိုသည်။

“ကျွန်မတို့ဘက်ကို သွားတဲ့ကုန်စည်လမ်းကြောင်းတွေကို ပိတ်ထားတယ်။ (မြစ်ခြေမှာ)အရင် တိုက်ပွဲတွေ စဖြစ်ကတည်းကပဲ။ ကိုးလလောက်ရှိပြီ။ ဆန်ဆိုလည်း တစ်အိတ်အပြင် ပိုမသယ်ရဘူးတို့ အဲဒီလိုကြတော့ စစ်ရှောင်တွေမှာ တအားဒုက္ခတွေ မျိုးစုံအောင် ရောက်ကြတယ်”ဟု အညာတောအိမ်အဖွဲ့ မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

လမ်းပိတ်ဆို့မှုများနှင့် တိုက်ပွဲရှောင်ကွင်းရမှုများကြောင့် ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် စစ်ရှောင် နေရာများသို့ တိုက်ရိုက်သွားရောက်ရန် ခက်ခဲလျက်ရှိပြီး အကူအညီများပေးနိုင်ရန် နည်းလမ်းမျိုးစုံကို ကြိုးစားနေရကြောင်း ဆိုသည်။

ပုဂံမြို့ မြစ်တစ်ဖက်ကမ်း၊ ပခုက္ကူမြို့နှင့် မိုင် ၂၀ ကျော် ကွာဝေးသည့် မြစ်ခြေမြို့ရှိ BPI တပ်စခန်းကို ၂၀၂၃ ခုနှစ်အတွင်း တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်အာဏာရှင် တပ်ဖွဲ့ဝင်အချို့ သေဆုံးပြီး အချို့အရှင်ဖမ်းဆီးခံရသည့် ဖြစ်စဉ်ရှိခဲ့သည်။

ယခုနှစ် ဇွန်လအတွင်းမြစ်ခြေမြို့ရဲစခန်းကို NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများက စီးနင်းတိုက်ခိုက် မီးရှို့ခဲ့ရာ မြစ်ခြေမြို့၌ BPI တပ်တစ်ခုသာကျန်ရှိသည်။

မြစ်ခြေတွင် တော်လှန်ရေးတပ်များနှင့်စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေရာ နောက်ဆက်တွဲအနေဖြင့် မေလနှင့် ဇွန်လအတွင်း စစ်တပ်လက်ချက်ဖြင့် ဒေသခံ  ၄၀ ကျော် သတ်ဖြတ်ခံရပြီး  မြစ်ခြေဈေး အပါအဝင် အိမ်ခြေ ၁၀၀၀ ကျော်ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများကို ကိုးကား၍သိရသည်။

မြစ်ခြေတိုက်ခိုက်မှုပြမြေပုံ။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles