မြန်မာ- တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ဒေသများသို့ ကုန်တင်သွင်းခွင့်များကို တရုတ်အစိုးရက အောက်တိုဘာလကုန်မှစတင်၍ ဖြေလျှော့လိုက်ပြီး စစ်လက်နက်ပစ္စည်းများနှင့် ဆက်စပ်သည်များမှအပ ကျန်ကုန်စည်အများစုကို ပြန်လည်ခွင့်ပြုလိုက်သည်ဟု နယ်စပ်ကုန်သည်များနှင့် သက်ဆိုင်ရာအဖွဲ့များထံက သိရသည်။
ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကိုးကန့်တပ် (MNDAA)၊ “ဝ” တပ်ဖွဲ့ (UWSA)နှင့် မိုင်းလား(NDAA) တို့၏ သက်ဆိုင်ရာ နယ်စပ်ဂိတ်အချို့မှနေ၍ စက်ပစ္စည်း၊ ဆေးဝါးနှင့် လျှပ်စစ်ပစ္စည်းများ ပြန်လည်တင်သွင်းခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟု နယ်စပ်ကုန်သည်များက ပြောသည်။
စစ်လက်နက်ပစ္စည်းများနှင့် ဆက်စပ်သည်ဟု ယူဆရသည့် ကုန်ပစ္စည်းများကို ဂိတ်အားလုံးနီးပါးတွင် ပိတ်ပင်ထားပြီး စက်သုံးဆီမှာမူ ကိုးကန့်တပ်ဘက်တွင် ဖြေလျှော့လိုက်သော်လည်း UWSAနှင့် KIA ထိန်းချုပ်ဒေသများတွင် ဆက်လက်ကန့်သတ်ထားသည်ဟု သိရသည်။
“တရုတ်ဘက်က ကုန်စည်တော်တော်များများ ဖြေလျှော့ပေးလိုက်တာတော့ ဟုတ်တယ်။ အရင်က ပိတ်ထားတဲ့ စက်ပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေတော့ ပြန်ခွင့်ပြုပေးထားပြီ” ဟု မူဆယ်မြို့ခံ ကုန်သည် အမျိုးသားတစ်ဦးက ဆိုသည်။
မိုင်ပေါင်း ၁,၃၀၀ ကျော် ထိစပ်နေသည့် တရုတ်- မြန်မာ နယ်စပ်တလျှောက် နယ်စပ်ကုန်သွယ်ရေးဂိတ် အများအပြားတည်ရှိကြရာ အဓိကဂိတ်ကြီးအချို့ကို ဖြေလျှော့လိုက်ခြင်းဖြစ်ပြီး အချို့ဂိတ်များကို ဆက်လက် ကန့်သတ်ထားဆဲ ဖြစ်သည်ဟု သိရသည်။
ယင်းသို့ ကုန်သွယ်မှု ဖြေလျှော့ပေးရာတွင် ပါဝင်သည့် နယ်စပ်ဂိတ်များမှာ တရုတ်နှင့် မြန်မာနိုင်ငံအကြား အဓိက ကုန်သွယ်နေသည့် ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်သည့် လွယ်ဂျယ်နှင့် ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းများ၊ ရှမ်းမြောက်တွင် ကိုးကန့်တပ် ထိန်းချုပ်သည့် ချင်းရွှေဟော်နှင့် မြောက်ပိုင်းသုံးဖွဲ့ ထိန်းချုပ်သည့် ၁၀၅ မိုင်(ကျင်စန်းကျော့ ဂိတ်)၊ USWA နှင့် NDAA ထိန်းချုပ်သည့် ဂိတ်များဖြစ်ကြသည်။
“ကချင်ဘက်မှာဆိုရင် အရင်က လွယ်ဂျယ်၊ ကံပိုင်တည်လို ဂိတ်တွေကနေ အရင်က ကန့်သတ်ထားတဲ့ ကုန်စည်တွေကို ပြန်ခွင့်ပြုတယ်။ မြောက်ပိုင်းမှာဆိုရင် ချင်းရွှေဟော်တို့၊ ကျင်စန်းကျော့တို့ကနေ ပြန် ခွင့်ပြုတယ်”ဟု အထက်ပါကုန်သည်က ဆိုသည်။
သို့ရာတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အတွက် အရေးပါသည့် ဌာနချုပ်တည်ရှိရာ လိုင်ဇာနှင့် မိုင်ဂျာယန်ဂိတ်များ မပါဝင်သလို တအာင်းတပ် (TNLA) အတွက် တစ်ခုတည်းသော နယ်စပ်ဂိတ် ဖြစ်သည့် ရှမ်းမြောက် နမ့်ခမ်းမြို့ နောင်တောင်းနယ်စပ်ဂိတ်တို့မှာလည်း ဖြေလျှော့ရာတွင် မပါဝင်ပေ။
အလားတူ MNDAA ထိန်းချုပ်သည့် မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) စသည့် နယ်စပ်ဂိတ်များမှ ကုန်စည် သယ်ယူခွင့်ကို တရုတ်အစိုးရက ဆက်လက် ကန့်သတ်ထားဆဲဖြစ်ကြောင်း တရုတ်နယ်စပ်အခြေစိုက် ကုန်သည်များထံက သိရသည်။
ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)၊ အာရက္ခတပ်တော် (AA) တို့ပါဝင်သည့် မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့၏ ၂၀၂၃ ခုနှစ် “ ၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် စစ်တပ်က ရှမ်းမြောက် ဒေသမြို့များသို့ ပြည်မဘက်မှ ဆေးဝါး၊ စားသောက်ကုန်၊ စက်သုံးဆီနှင့် လျှပ်စစ်ပစ္စည်းများ သယ်ဆောင်ခွင့် ပိတ်ပင်ခဲ့သည်။
အလားတူ တရုတ်နိုင်ငံဘက်ကလည်း တော်လှန်ရေးတပ်ဖွဲ့များကို စစ်ပွဲရပ်ရန် ဖိအားပေးသည့်အနေဖြင့် ၂၀၂၄ ခုနှစ် ဩဂုတ်လမှစတင်၍ ရှမ်းနှင့် ကချင်ဒေသရှိ တရုတ်နယ်စပ်ဂိတ်များမှ စားသောက်ကုန်၊ ဆေးဝါး၊ လျှပ်စစ်၊ စက်သုံးဆီနှင့် လူဝင်/ထွက်ခွင့်ကို ပိတ်ပင်ခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ်တွင် MNDAA နှင့် စစ်တပ်တို့ အပစ်ရပ်စဲရေး သဘောတူညီပြီးနောက်ပိုင်း တရုတ်နိုင်ငံမှ MNDAA၊ UWSA၊ NDAA၊ KIA ထိန်းချုပ်ဒေသများသို့ စားသောက်ကုန်၊ စက်သုံးဆီနှင့် ဆေးဝါး သယ်ဆောင်ခွင့် အကန့်အသတ်ဖြင့် ပြန်လည်ခွင့်ပြုခဲ့သည်။

ဆန်၊ ပဲ၊ ပြောင်း စသည့် လယ်ယာထွက်ကုန်များနှင့် သတ္တုများကို မြန်မာဘက်မှ တရုတ်နိုင်ငံသို့ အဓိကတင်ပို့ပြီး တရုတ်နိုင်ငံမှ လျှပ်စစ်ပစ္စည်း၊ သံ၊ သွပ်၊ လယ်ယာသုံးပစ္စည်း၊ အထည်အလိပ်၊ စားသောက်ကုန်များ အဓိက တင်သွင်းသည်။ သို့သော် အများစုမှာ အကန့်အသတ်ဖြင့် ဖြစ်ပြီး ယခုတွင်မူသတ်မှတ်ဂိတ်များမှတဆင့် တရုတ်ဘက်က အများအပြားသယ်ယူခွင့် ပြုလိုက်ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်အတွင်း နမ့်ခမ်း၊ မူဆယ်၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ “ဝ” ဒေသနှင့် မိုင်းလားဒေသတို့တွင်လည်း တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်ဂိတ် ၁၁ ခုအထိ ရှိသည်။
အဆိုပါနယ်စပ်ဂိတ်များအနက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်နယ်စပ်မှ (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၊ မန့်ဝိန်းဂိတ်၊ ကျင်စန်းကျော့နယ်ဂိတ်နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်တို့သည် တရုတ်နှင့် မြန်မာနိုင်ငံကြား အဓိက ကုန်သွယ်မှုပြုနေသည့် နယ်စပ်ကုန်သွယ်ရေးစခန်းကြီးများဖြစ်သည်။
လက်ရှိတွင် မူဆယ်မြို့ပေါ်ရှိ မန့်ဝိန်းနယ်စပ်ဂိတ်ကို စစ်တပ်က ထိန်းချုပ်ထားပြီး မူဆယ်မြို့နှင့် ခုနစ်မိုင်အကွာ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နှင့် ကျင်စန်းကျော့နယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို ယနေ့ အထိ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထိန်းချုပ်ထားသည်။ ထို့အပြင် ကိုးကန့်ဒေသရှိ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းနှင့် လောက်ကိုင်မြို့ရှိ ရန်လုံကျိုင်း ကုန်သွယ်ရေးဂိတ်တို့မှာလည်း MNDAA တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး တရုတ်ကုန်သွယ်ရေးအများစုကို ထိန်းချုပ်ထားသည်။
MNDAA ထိန်းချုပ်ရာ မူဆယ် (ကျင်စန်းကျော့) နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်များမှ ကုန်စည်သယ်ယူခွင့် ကို တရုတ်အစိုးရက ဖြေလျှော့ပေးခဲ့ပြီး ကုန်သွယ်မှုများ ပုံမှန်ပြန်ဖြစ်နေကြောင်း ချင်းရွှေဟော်နယ်စပ် အခြေစိုက် ကုန်သည်များထံက သိရသည်။
“ဒီဘက်မှာတော့ တရုတ်က အကုန်ဖွင့်ပေးထားပါတယ်။ စစ်အသုံးအဆောင်လိုမျိုးတော့ မရဘူးပေါ့။ စားသောက်ကုန်တွေ၊ အထည်အလိပ်တွေ၊ စက်ပစ္စည်းတွေကတော့ ပုံမှန်ဝင်နေတာပါပဲ” ဟု ချင်းရွှေဟော် ဒေသခံ ကုန်သည် အမျိုးသားတစ်ဦးက ပြောသည်။
စက်သုံးဆီတင်ဆောင်လာသည့် ယာဉ်များလည်း ပုံမှန်အဝင်အထွက်ရှိနေပြီဖြစ်ပြီး မြန်မာဘက်မှ သတ္တုနှင့် ဒေသထွက်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရနေကြောင်း သိရသည်။
သို့သော် စစ်တပ်ထိန်းချုပ်သည့် မူဆယ်မြို့ပေါ်ရှိ မန့်ဝိန်းနယ်စပ်ဂိတ်နှင့် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်အတွင်းရှိ နောင်တောင်းနယ်စပ်ဂိတ်များမှ ကုန်စည်သယ်ယူခွင့်ကို တရုတ်အစိုးရဘက်က ဆက်လက်ကန့်သတ်ထားသည်။
“တခြားဂိတ်တွေမှာတော့ ဖြေလျှော့တယ်ဆိုပြီး သတင်းတွေ ကြားနေရတာပဲ။ ဒီဘက်မှာတော့ တပိုင် တနိုင်လောက်ပဲ သယ်လို့ရတယ်။ အရင်ကလိုတော့ ခွင့်ပြုတာ မရှိသေးပါဘူး”ဟု နမ့်ခမ်းမြို့ခံတစ်ဦး က ပြောသည်။
TNLA ထိန်းချုပ်သည့် နောင်တောင်းနယ်စပ်ဂိတ်သည် အဓိကနယ်စပ်ဂိတ်ကြီးတစ်ခု မဟုတ်သော်လည်း နာမည်ကျော် နမ္မတူသတ္တုတွင်းမှ ထွက်ရှိသည့် သတ္တုရိုင်းများ၊ နမ့်ခမ်းမြို့နယ်မှ ထွက်ရှိသည့် တန်ဖိုးကြီး ဆီလီကွန်ကျောက်များ၊ ကျွန်းသစ်နှင့် ဒေသတွင်းထုတ်လုပ်သည့် မီးသွေးတို့ကို တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ဒေသနယ်စပ်ဂိတ်တစ်ခုဖြစ်သည်။

အလားတူ MNDAA ထိန်းချုပ်ထားသည့် မုံးကိုးနှင့် ကြူကုတ် (ပန်ဆိုင်း) နယ်စပ်ဂိတ်များတွင်လည်း ယခင်ကဲ့သို့ ကုန်စည်များကို လွတ်လပ်စွာ သယ်ယူခွင့်မရသေးကြောင်း ဒေသခံများထံက သိရသည်။
“ဝ” တပ်ဖွဲ့ ထိန်းချုပ်ဒေသအတွင်းပန်ဆန်း- မုံးအနယ်စပ်ဂိတ်၊၊ နမ့်တစ်- မန်ခါး နယ်စပ်ဂိတ်၊ ပန်ဝိုင်- ယုံဟော်နယ်စပ်ဂိတ်နှင့် ဟိုတောင်- မန်ရှီးနယ်စပ် ဂိတ်တို့သည် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်ဂိတ်များဖြစ်သည်။
UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်ရာဒေသများတွင်မူ ကုန်စည်သယ်ယူခွင့်ကို တရုတ်အစိုးရက ဖြေလျှော့ပေးထားပြီး စစ်အသုံးအဆောင်နှင့် ဆက်စပ်သည့် ပစ္စည်းအချို့ကိုသာ ဆက်လက်ကန့်သတ်ထားကြောင်း “ဝ” တပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
“တော်တော်များများတော့ ခွင့်ပြုပြီပဲ။ စစ်သုံးနဲ့ သက်ဆိုင်တဲ့ ကုန်ပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတချို့လောက်ပဲ ကန့်သတ်မှုရှိတယ်” ဟု “ဝ” တပ်ဖွဲ့နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
အလားတူ NDAA မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်ထားသည့် မိုင်းလားဒေသတွင်လည်း မိုင်းလား- ဒါလော့ နယ်စပ်ဂိတ်မှတဆင့် ကုန်စည်သယ်ယူခွင့်ကို တရုတ်အစိုးရက ဖြေလျှော့ပေးထားပြီး “ဝ” ဒေသကဲ့သို့ပင် စစ်အသုံးအဆောင်နှင့် လျှပ်စစ်ပစ္စည်းအချို့ကို ဆက်လက်ကန့်သတ်ထားကြောင်း မိုင်းလား ဒေသခံများထံက သိရသည်။
ကချင်နယ်စပ် ကံပိုင်တည်နှင့် လွယ်ဂျယ်ကုန်သွယ်ရေး ဖြေလျှော့
တရုတ်- မြန်မာနယ်စပ်သည် မိုင်ပေါင်း ၁,၃၀၀ ကျော်ရှည်လျားပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့နှင့် ထိစပ်လျက်ရှိသည်။
ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံနှင့် ဆက်စပ်နေသည့် နယ်စပ်ဂိတ် ကိုးခုရှိပြီး ယင်းဂိတ်များအနက် မံစီမြို့နယ်ရှိ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းနှင့် ဝိုင်းမော်မြို့နယ်ရှိ ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေး စခန်း တို့သည် တရုတ်နိုင်ငံနှင့် အဓိကကုန်သွယ်မှုပြုနေသည့် စခန်းများဖြစ်ကာ အများစုကို KIA က ထိန်းချုပ်ထားသည်။
အဆိုပါတရုတ်နယ်စပ်ဂိတ်များ ထိန်းချုပ်နိုင်ရေး KIA ကြိုးပမ်းနေစဉ်အတွင်း တရုတ်ဘက်က KIA နှင့် ထိစပ်နေသော နယ်စပ်ဂိတ်များမှ ကုန်စည်သယ်ယူမှုကို ပိတ်ပင်ခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ဂိတ်များမှ ကုန်စည်သယ်ယူခွင့်ကို တရုတ်အစိုးရက ပြန်လည် ဖွင့်ပေးခဲ့သော်လည်း ကုန်ပစ္စည်းအချို့ကို ဆက်လက်ကန့်သတ်ထားခဲ့သည်။

ယခုနှစ် အောက်တိုဘာလကုန်ပိုင်းမှစ၍ တရုတ်အစိုးရက ကန့်သတ်ထားသည့်ကုန်ပစ္စည်းများကို လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ဂိတ်များမှ ထပ်မံဖြေလျှော့ပေးခဲ့ကြောင်း ကချင်ဒေသ ကုန်သည်များထံက သိရသည်။
“အရင်က စက်ပစ္စည်းတွေဆိုရင် တရုတ်အစိုးရကို တင်ပြပြီး ခွင့်ပြုမှ ရတာ။ အခုတော့ တင်ပြစရာ မလိုတော့ဘူး။ ပုံမှန်ပြန်ဖြစ်သွားပြီ”ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နီးစပ်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေးအခြေအနေကိုသိရှိသူ အမျိုးသားတစ်ဦးကလည်း ပြောသည်။
သို့သော် စက်သုံးဆီ၊ စစ်လက်နက်ပစ္စည်းများနှင့် သက်ဆိုင်သည့် ကုန်ပစ္စည်းများဝယ်ယူရေးမှာ လိုအပ်သလောက် ဝယ်ယူခွင့်မရဘဲ ဆက်လက်ကန့်သတ်ခံထားရဆဲဖြစ်သည်ဟု ကချင်နှင့် ရှမ်းမြောက် ကုန်သည်များက ဆိုကြ သည်။
တရုတ်ဘက်က လွယ်ဂျယ်နှင့် ကံပိုင်တည်ဂိတ်များကို ဖြေလျှော့သော်လည်း KIA ဌာနချုပ်ရှိပြီး အရေးပါသည့် လိုင်ဇာနှင့် မိုင်ဂျာယန်ဂိတ်များ မပါဝင်သေးပေ။
တရုတ်အစိုးရအနေဖြင့် လိုင်ဇာနှင့် မိုင်ဂျာယန်ဂိတ်များမှ ကုန်သွယ်မှုများကို ဖြေလျှော့ပေးမည်ဟု ပြောထားသော်လည်း ယနေ့အထိ ဖြေလျှော့ပေးခြင်း မရှိသေးကြောင်း KIA ဘက်က ပြောသည်။
“လိုင်ဇာဘက်မှာဆိုရင် အရင်က ကန့်သတ်ထားတဲ့ စားသောက်ကုန်ခြောက်ပစ္စည်းတွေ၊ စက်သုံးဆီတွေ အခုချိန်အထိ ခွင့်ပြုပြီး ဝင်လာတာ မရှိသေးပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။
အဆိုပါဂိတ်များတွင် ဟင်းသီးဟင်းရွက်နှင့် စားသောက်ကုန်များကို ယခင်ကဲ့သို့ မော်တော်ယာဉ်များဖြင့် သယ်ဆောင်ခွင့်မပြုသေးသဖြင့် လူဖြင့်သာ တပိုင်တနိုင် ထမ်းပိုးသယ်ယူနေရဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း လွယ်ဂျယ်နှင့် ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခု၏ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၆ သန်းကျော်ရှိခဲ့ကြောင်း စစ်တပ် လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။
တရုတ်အစိုးရက မြန်မာနယ်စပ်ဂိတ်အချို့မှ ကုန်စည်သယ်ယူခွင့်ကို ဆက်လက်ကန့်သတ်ထားသည့် ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို ဆက်သွယ်မေးမြန်းထားသော်လည်း ယခုသတင်းဖော်ပြချိန်အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
တရုတ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် တရုတ်နယ်စပ်ဂိတ်အချို့မှ ကုန်စည်များ လွတ်လပ်စွာ သယ်ယူခွင့်ပြုလိုက်သော်လည်း အာဏာသိမ်းစစ်တပ်ဘက်ကမူ တရုတ်မှဝင် ရောက်လာသည့် ကုန်စည်များကို တရားမဝင်ကုန်စည်များအဖြစ် သတ်မှတ်ကာ သီပေါမြို့အဝင်မှစ၍ ဖမ်းဆီးလျက်ရှိသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တရုတ်နယ်စပ်မှ ဝင်ရောက်လာသည့် ကုန်စည်များမှ ရရှိသည့် အခွန်ဝင်ငွေများကြောင့် အင်အားတောင့်တင်းနေကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ၎င်း၏ အစိုးရအဖွဲ့အစည်းအဝေးများတွင် မကြာခဏ ပြောကြားလေ့ရှိပြီး အဆိုပါကုန်စည်များကို ဖမ်းဆီးရန်လည်း ညွှန်ကြားထားသည်။



