ပြည်နယ်ရရှိရေးနှင့် အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးရေး တောင်းဆိုထားသည့် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ မိုင်းလားတပ်ဖွဲ့ (NDAA) ခေါင်းဆောင်များကို စစ်တပ်၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က ယခုလဆန်းတွင် ထပ်မံတွေ့ဆုံခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်သည့်အဖွဲ့နှင့် စစ်တပ်၏အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့်အဖွဲ့တို့ တွေ့ဆုံခဲ့သည်။
ထိုတွေ့ဆုံမှုအတွင်း မိုင်းလားတပ်ဖွဲ့ဟု လူသိများသည့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) က အစဉ်တစိုက် တောင်းဆိုနေသည့် အထူးဒေသ(၄)ကို အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ပေးရေးကိစ္စကို ထပ်မံဆွေးနွေးခဲ့ကြောင်း သိရသည်။
“အဲဒါက ကျွန်တော်တို့ နှစ်ပေါင်း ၃၀ ကျော်လောက် တောက်လျှောက် ပြောနေတာပဲ။ လာတွေ့တဲ့အခါ တိုင်းလည်း ကျွန်တော်တို့ တောင်းတာပဲ။ အစိုးရက ပေးပေး၊ မပေးပေး ဒါကတော့ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ရှိတယ်ဆိုတာ သူတို့လာလာ၊ လူကြီးတွေလာလာ အဲဒီတောင်းဆိုချက်ကို ကျွန်တော်တို့ တင်ပြတာပါ” ဟု မိုင်းလားတပ်ဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က ပြောသည်။
စစ်တပ်နှင့် စစ်တပ်ကိုထောက်ခံသော မီဒီယာများက ၂၀၂၇ ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လိုအပ်သောဆောင်ရွက်ဖွယ်ရာကိစ္စများအား ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဖော်ပြထားကြသော်လည်း မိုင်းလားဘက်က တုံ့ပြန်ဖြေကြားချက် မရသေးပေ။
မိုင်းလားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်ရေး၊ မိုင်းလား- ကျိုင်းတုံ လမ်းပိုင်း ပြုပြင်ထိန်းသိမ်းရေးနှင့် လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်ရေး စသည့်ကိစ္စများကိုသာ အဓိက ဆွေးနွေးခဲ့ကြောင်းဖော်ပြပြီး ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာကိစ္စများကို ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။
ဦးမင်းအောင်လှိုင် သမ္မတရာထူးရယူပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ စစ်တပ်၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၇ ရက်တွင် အထူးဒေသ (၄) မိုင်းလားနှင့် “ဝ”ဒေသများသို့ ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံခဲ့သည်။
ထို့နောက် မိုင်းလားတပ်ဖွဲ့ခေါင်းဆောင်များက နေပြည်တော်သို့ ရောက်ရှိလာပြီး အထူးဒေသ (၄) ကို အဆင့်မြင့်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ စစ်တပ်ဘက်ကမူ မိုင်းလားတပ်ဖွဲ့၏ တောင်းဆိုချက်များကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီသာ ဖြည့်ဆည်းပေးနိုင်မည်ဟု တုံ့ပြန်ထားသည်။
“အားလုံးက အခြေခံစည်းမျဉ်းဥပဒေတွေနဲ့ ပတ်သက်တဲ့အကြောင်းဆိုတော့ ဥပဒေဆိုင်ရာတွေနဲ့ ပြောရမယ် ဆိုတော့ ကြန့်ကြာနေတယ်”ဟု မိုင်းလားတပ်ဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က ပြောသည်။
မိုင်းလားတပ် (NDAA) လိုလားသည့် အဆင့်မြင့်အထူးဒေသသည် ရှမ်းပြည်နယ်အစိုးရ လက်အောက်မှ မဟုတ်ဘဲ ဗဟိုအစိုးရနှင့် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ခွင့်ရသည့်ဒေသမျိုးကို ဆိုလိုသည်။
ယခုနှစ်ဆန်းတွင် ဦးမင်းအောင်လှိုင် သမ္မတရာထူးရယူပြီးနောက် ဧပြီလ ၂၃ ရက်တွင် တိုင်းနှင့် ပြည်နယ် ကိုးခုရှိ မြို့နယ် ၆၀ ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာ ရှမ်းပြည်နယ်မှ မြို့နယ် ၁၅ ခု ပါဝင်ပြီး စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မိုင်းလားဒေသလည်း ပါဝင်ခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်တွင် ရှမ်းပြည်နယ်အတွင်း စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ် ၁၅ ခုအနက် ကျောက်မဲနှင့် သီပေါမြို့နယ်နှစ်ခုကို စစ်အုပ်ချုပ်ရေးမှ ပယ်ဖျက်ပေးခဲ့သော်လည်း မိုင်းလားဒေသမှာ စစ်အုပ်ချုပ်ရေး ဆက်လက်သက်ရောက်နေဆဲဖြစ်သည်။ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ကိစ္စကို ပယ်ဖျက်ပေးရန် မိုင်းလားတပ်ဖွဲ့ က စစ်တပ်ထံ တောင်းဆိုခဲ့သော်လည်း ယနေ့အထိ ပယ်ဖျက်ပေးခြင်းမရှိ သေးပေ။
အထူးဒေသ (၄) မိုင်းလားတပ်သည် ၁၉၈၉ ခုနှစ်တွင် စစ်တပ်နှင့် ငြိမ်းချမ်း ရေးရယူခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။ မိုင်းလားဒေသသည် တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရွှေတြိဂံဒေသနှင့် ဆက်စပ်နေပြီး UWSA ထိန်းချုပ်နယ်မြေနှင့်လည်း နယ်မြေချင်းထိစပ်နေသည်။
၎င်း၏ ထိန်းချုပ်နယ်မြေတွင် မြေရှားသတ္တုတူးဖော်ထုတ်လုပ်နေမှု ပိုမိုများပြားလာသည်၊ လုပ်ငန်း ၁၉ ခု ထပ်မံတိုးချဲ့တူးဖော်နေသည်ဟု အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သော ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်အဖွဲ့က ၂၀၂၅ ခုနှစ် သြဂုတ်လ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

ပန်ဆန်းလည်း သွားရောက်
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် NSPNC အဖွဲ့သည် နိုဝင်ဘာလ ၃ ရက်တွင် “ဝ” တပ်ဖွဲ့ ထိန်းချုပ်ရာ ပန်ဆန်းမြို့သို့ ဒုတိယအကြိမ်မြောက်သွားရောက်ခဲ့ပြီး UWSP ၏ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် “ဝ” ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် တွေ့ဆုံခဲ့သည်။
စစ်တပ်၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယခုနှစ် ဇွန်လအတွင်း မိုင်းလားဒေသသို့ သွားရောက်ခဲ့သကဲ့သို့ “ဝ” ဒေသသို့လည်း ပထမဆုံးအကြိမ် သွားရောက်ကာ “ဝ” တပ်ဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် ဦးကျောက်ကော်အန်း ဦးဆောင်သည့် “ဝ” တပ်ဖွဲ့ခေါင်းဆောင်များ နေပြည်တော်သို့ လာရောက်ခဲ့ပြီး “ဝ” ပြည်နယ်ရရှိရေးအတွက် ဆက်လက် တောင်းဆိုခဲ့သည်။ စစ်တပ်ဘက်ကမူ “ဝ” တပ်ဖွဲ့၏ တောင်းဆိုချက်များကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်းသာ ခွင့်ပြုနိုင်မည်ဟု တုံ့ပြန်ထားသည်။
စစ်တပ်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း တရုတ်နယ်စပ် ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ်ခြောက်ခုကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ထားသည်။
အဆိုပါမြို့နယ်ခြောက်ခုအနက် ဟိုပန်နှင့် မက်မန်းမြို့နယ်နှစ်ခုကိုသာ နေပြည်တော်ရှိ ဗဟိုအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ထားရှိပြီး ကျန်မြို့နယ်များဖြစ်သည့် မိုင်းမော၊ ပန်ဝိုင်၊ နားဖန်းနှင့် ပန်ဆန်း (ပန်ခမ်း) တို့ကို UWSA က အုပ်ချုပ်လျက်ရှိသည်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း ဟိုပန်နှင့် ပန်လုံမြို့တို့ကို ကိုးကန့်တပ် (MNDAA) က သိမ်းပိုက်ပြီးနောက် “ဝ” တပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ရာ မက်မန်းမြို့နယ်တစ်ခုတည်းသာ စစ်တပ်အုပ်ချုပ်မှုအောက်တွင် ကျန်ရှိတော့သည်။ လက်ရှိတွင် ဟိုပန်နှင့် ပန်လုံမြို့တို့ကို “ဝ” ဒေသရှိ နမ့်တစ်မြို့နှင့် ပေါင်းစည်း၍ ဟိုပန်ခရိုင် အဖြစ် သတ်မှတ်ပြီး “ဝ” တပ်ဖွဲ့က အုပ်ချုပ်လျက်ရှိသည်။
ထို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာ- ထိုင်းနယ်စပ်ရှိ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ ဟွေအော်နှင့် ပုံပါကျင်ဒေသတို့ကိုလည်း “ဝ” တောင်ပိုင်း (၁၇၁) စစ်ဒေသအဖြစ် UWSA က သတ်မှတ်ထားသည်။
“ဝ” တပ်နှင့် မိုင်းလားအဖွဲ့တို့ အစဉ်တစိုက်တောင်းဆိုချက်များကို စစ်တပ်၏ ငြိမ်းချမ်းရေးကော်မတီနှင့် တွေ့ဆုံညှိနှိုင်းနေသည်မှာ ရှမ်းမြောက်နှင့်နေပြည်တော်တို့၌ စုစုပေါင်းတွေ့ဆုံမှု သုံးကြိမ်ရှိပြီဖြစ်သည်။ ရှမ်းပြည် မြောက်ပိုင်းအခြေစိုက် ကိုးကန့်တပ်နှင့်တအာင်းတပ်တို့ကမူ နေပြည်တော်၌ တစ်ကြိမ်သာ တွေ့ဆုံသည်။
ထိုနှစ်ဖွဲ့၏ တောင်းဆိုချက်များ တိုးတက်မှု ရှိမရှိ လတ်တလော မသိရသေးသော်လည်း “ဝ”နှင့် မိုင်းလား ခေါင်းဆောင်များ နေပြည်တော်သို့ လာရောက်စဉ် စစ်ခေါင်းဆောင်က ရင်းရင်းနှီးနှီး လက်ခံတွေ့ဆုံခဲ့ သည်။
ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော TNLA က ပြည်နယ်ရရှိရေးနှင့် MNDAA က ၎င်းတို့အုပ်ချုပ်ရေးအောက်ရှိ နယ်မြေများကို အထူးဒေသ (၁) အဖြစ်သတ်မှတ်ပေးရန် အသီးသီး တောင်းဆိုထားကြသည်။




