အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကောလင်းအရှေ့ခြမ်းဆေးရုံ တိုက်ခိုက်ခံရမှု ဆရာဝန်နှင့် ဆေးကျောင်းသားသေဆုံး

ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အရပ်ဘက်ဆေးရုံကို ဗုံးကြဲခံရပြီး ဆေးကုသပေးနေသည့် ဆရာဝန်နှင့် ဆေးကျောင်းသားတစ်ဦးတို့ သေဆုံးသွားကြသည်၊ စစ်တပ်ဝါဒဖြန့်သူများကမူ PDF ဆေးရုံအဖြစ် စွပ်စွဲ ဖော်ပြနေကြသည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ရှိ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆေးရုံကို ယမန်နေ့ (နိုဝင်ဘာလ ၄ ရက်) က လေကြောင်းတိုက်ခိုက်ခံရသဖြင့်  မြို့နယ်တာဝန်ခံဆရာဝန်နှင့် ဆေးကျောင်းသားတစ်ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံက သိရသည်။

ယမန်နေ့ ည ၇ နာရီဝန်းကျင်ခန့်တွင် ကောလင်းမြို့နယ်အရှေ့ခြမ်း လျှော်ဖြူကုန်းရွာရှိ အထက်ပါဆေးရုံအနီး တိုက်ရိုက်ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ထိုသို့ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

“ဆရာဝန်နေတဲ့နေရာကို တည့်တည်ပစ်သွားတာ။ ဗုံးခိုကျင်းတည့်တည့်ကျတာ”ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ဗုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မြို့နယ်တာဝန်ခံ ဒေါက်တာဇာနည်ထွန်းနှင့် ဆေးကျောင်းသားတစ်ဦးတို့ သေဆုံးသည်သာ သိရပြီး အခြေအနေအသေးစိတ် သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။ 

“မနေ့ညက ကောလင်းမြို့နယ်ဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ကောလင်းမြို့နယ် ကျန်းမာရေးတာဝန်ခံ ဆရာဝန်ကြီးနဲ့ ဆေးကျောင်းသား တစ်ဦး ကျဆုံးခဲ့တာ ရှိပါတယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယမန်နေ့ လေကြောင်းတိုက်ခိုက်ခံရသည့်နေရာမှာ စစ်ဘက်ဆိုင်ရာဆေးရုံမဟုတ်ဘဲ အရပ်ဘက်ဆေးရုံဖြစ်ပြီး၊  ဒေသခံပြည်သူလူထုကျန်းမာရေးစောင့်ရှာက်မှုအတွက် များစွာထိခိုက်နစ်နာရကြောင်း ဒေသခံများက ပြောသည်။ 

“အဲ့ဒီကြဲသွားတဲ့နေရာက စစ်ဘက်ဆေးရုံမဟုတ်ဘူး။ အရပ်သားတွေကို ကုသမှုပေးနေတဲ့နေရာပါ။ ဒီဘက်က စစ်ရှောင်တွေ နယ်မြေခံတွေတော်တော်များများက မြို့ပေါ်တွေမှာ ဆေးသွားကုသနိုင်တဲ့ အခြေအနေ မရှိဘူး။ ဒီဘက်မှာ NUG က ဖွင့်ထားတဲ့ အရပ်ဘက်ဆေးရုံတွေမှာအားထားနေရတာ။ အဲ့ဒီ ဆေးရုံဆိုရင်လည်း ကောလင်းအရှေ့ခြမ်းတနယ်လုံးကပဲ အားကိုးနေရတဲ့ဆေးရုံလို့ပြောလို့ရတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ ဆေးရုံတစ်ခုတွင် ၂၀၂၅ ခုနှစ် ဧပြီလက  ခွဲစိတ်ကုသမှု လုပ်ဆောင်နေစဉ်။ (ဓာတ်ပုံ – NUG ကျန်းမာရေးဝန်ကြီးဌာန) 

ဆေးရုံဗုံးကြဲမှုနှင့်ပတ်သက်၍ စစ်တပ်ဘက်က သီးခြားသတင်းထုတ်ပြန်ခြင်းမရှိသေးသလို စစ်တပ် သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ်စံညိုဝင်းနှင့် စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို Myanamr Now က ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။ 

ယမန်နေ့ ညပိုင်းက ကောလင်းမြို့နယ် အရှေ့ခြမ်းရွှေဘို- မြစ်ကြီးနား ဗျူဟာလမ်းမကြီးဘေးရှိ ပေပင်ချောင်နှင့် လျှော်ဖြူကုန်းကျေးရွာအကြားရှိ NUG ဆေးရုံကို တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စစ်တပ် ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင် ဖော်ပြထားသည်။ ထိုဆေးရုံမှာ ဆေးရုံငယ် သုံးခု၊ PDF နားနေဆောင်များ၊ အခိုင်အမာဆောက်လုပ်ထားသည့် ဆေးရုံဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။  

လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့် ကောလင်းမြို့နယ်သို့ နိုဝင်ဘာလဆန်းမှစ၍ စစ်တပ်က အင်းတော်မြို့နယ် မဲဇာကျေးရွာဘက်မှတဆင့် အင်အား၂၅၀ နီးပါးဖြင့် စစ်ကြောင်း ထိုးနေသည်ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများထံက သိရသည်။  

စစ်ကိုင်း၊ မကွေးနှင့် ရခိုင်တို့ကို စစ်ရေးအရှိန်မြှင့်နေသည့် စစ်တပ်သည် ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းစသည့် အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်က အာရက္ခတပ်တော် ထိန်းချုပ်ထားရာ ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ်ရှိ  ယာယီဆေးခန်းတစ်ခုကို ဗုံးကြဲခဲ့ရာ မွေးကင်းစ ကလေးတစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး ဆေးဝန်ထမ်းများ အပါအဝင် ကိုးဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၃၁ ရက်ကလည်း နိုင်ငံတောင်ဘက်ပိုင်း တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကရင်အမျိုးသားစာသင်ကျောင်းအနီးကို ဗုံးကြဲခဲ့ရာ အသက် ၁၀ နှစ်အရွယ် မိန်းကလေးအပါအဝင် လေးဦး သေဆုံးပြီး  သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုနေ့တစ်ရက်တည်းမှာပင် ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့နယ် အရှေ့ခြမ်းတောထဲတွင် လျို့ဝှက်ဖွင့်ထားသည့်စာသင်ကျောင်းကို ဗုံးကြဲမှုကြောင့် ကျောင်းသား သုံးဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

ပဋိပက္ခတွင်ပါဝင်နေသည့်အဖွဲ့များအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာရန်၊ ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် လိုအပ်သည့် အစီအမံများ ဆောင်ရွက်ရန်၊ စာသင်ကျောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ဌာနများနှင့် အရပ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ကာကွယ်စောင့်ရှောက်ကြရန် ကုလသမဂ္ဂ အပြည်ပြည် ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က တိုက်တွန်းထားသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဌာနက ထုတ်ပြန်ထားသည့် လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ အချက်အလက်များအရ အောက်တိုဘာလအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၁၂ ဦး သေဆုံး၊ ၃၄၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘာသာရေးအဆောက်အအုံ ၂၃ ခု၊ စာသင်ကျောင်း ကိုးခုနှင့် ဆေးဘက်ဆိုင်ရာနေရာ ခြောက်ခုပျက်စီးခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles