အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တရုတ်အလိုကျ ကိုးကန့်တပ် ထိန်းချုပ်မှုဖြင့် ပြန်စလာနိုင်သော တရုတ်နယ်စပ်ကုန်သွယ်ရေး

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် ဆက်သွယ်ထားသော မိုင်ပေါင်း ၁၈၀ ကျော်ရှည်လျားသော လားရှိုး- မန္တလေး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် တရုတ်ဩဇာခံ ကိုးကန့်တပ်နှင့် စစ်ကော်မရှင်တို့သာ နေရာယူထားပြီဖြစ်သည်။

“ ၁၀၂၇ စစ်ဆင်ရေး” အတွင်း မဟာမိတ် တအာင်းတပ်(TNLA) အဓိက သိမ်းပိုက်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်(MNDAA) အလုံးစုံသိမ်းပိုက်လိုက်ပြီးနောက် တရုတ်ဩဇာညောင်းသည့် ထိုတပ်၏ ထိန်းချုပ်မှုလက်အောက်တွင် မြန်မာနိုင်ငံ၏ အကြီးဆုံးသောတရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြာင်းပြန်ဖွင့်ရန် အစပြုလာနိုင်ကြောင်း သိရသည်။

ကွတ်ခိုင်မြို့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် ဆက်သွယ်ထားသော မန္တလေး- လားရှိုး- မူဆယ် လမ်းမကြီးပေါ်တွင် တည်ရှိပြီး ထိုမြို့ကိုထိန်းချုပ်ထားသော တအာင်းတပ်ကို ယခုနှစ် မတ်လ ၁၅ ရက်နေ့ ညပိုင်းတွင် ကိုးကန့်တပ်က ဖယ်ရှားခဲ့သည်။ 

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအာင်းတပ်သည် အချက်အချာကျသော ကွတ်ခိုင်မြို့ကို လက်လွှတ်ခဲ့ရသလို မဟာမိတ်သုံးဖွဲ့ ပူးပေါင်းထိန်းချုပ်ထားသည့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ တအာင်းတပ် အကောက်ခွန်တာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင်များပါ ဖယ်ရှားခံလိုက်ရသည်။

ထို့နောက် နှစ်စဉ် ဒေါ်လာဘီလီယံချီကုန်သွယ်ခဲ့သည့် မူဆယ် ၁၀၅ မိုင်နယ်စပ်ဂိတ်မှ လားရှိုးမြို့အဝင် အနီးအထိ မိုင်ပေါင်း ၁၀၀ ကျော်(ကီလိုမီတာ ၁၆၀) ကျော်ရှည်လျားသည့် လားရှိုး- မူဆယ်အဝေးပြေးလမ်းမကြီးကို ကိုးကန့်တပ်ကသာ စိုးမိုးနိုင်ခဲ့ပြီး လားရှိုး- သီပေါလမ်းပိုင်းအထိ စိုးမိုးထားသည်။

မိုင်ပေါင်း ၁၈၀ ကျော်ရှည်လျားသော လားရှိုး- မန္တလေး ပြည်ထောင်စုလမ်းမကြီးတွင် မန္တလေး- သီပေါလမ်း အထိသာ စစ်ကော်မရှင်က ထိန်းချုပ်ထားသည်။ 

ထို့ကြောင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် တရုတ်ဩဇာခံ ကိုးကန့်တပ်နှင့် စစ်ကော်မရှင်တို့သာ နေရာယူထားပြီဖြစ်သည်။ 

တိုင်းရင်းသားလက်နက်ကိုင် အနည်းဆုံး လေးဖွဲ့ခန့်လှုပ်ရှားသော ကွတ်ခိုင်မြို့သည် ထိုလမ်းမကြီးပေါ်တွင် အရေးပါသော မြို့ဖြစ်ပြီး ၁၀၅ မိုင်နှင့် မူဆယ်သွားရာ လမ်းကြောင်းပေါ်၌ရှိသည်။ 

လက်ရှိတွင် ကုန်သွယ်ရေးလမ်းကို စိုးမိုးထားသည့် ကိုးကန့်တပ်သည် အခရာအကျဆုံးဖြစ်လာပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအား ပြန်လည် ဖွင့်လှစ်လာနိုင်ကြောင်း ရှမ်းမြောက် စစ်ရေးသတင်းရင်းမြစ်များ၊ နယ်စပ်ကုန်သည်များက ပြောသည်။

သို့ရာတွင် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၏ အနောက်တောင်ဘက် ၂၅ မိုင်အကွာ အဆိုပါကုန်သွယ်ရေးလမ်းပေါ်ရှိ နမ့်ဖက်ကာကျေးရွာကိုမူ ကချင်လွတ်လပ်ရေးတပ်(KIA)က ထိန်းချုပ်ထားဆဲဖြစ်သည်။ 

မတ်လ ၁၆ ရက်က ထိုလမ်းမပေါ်ရှိ KIA ထိန်းချုပ် နမ့်ဖတ်ကာရွာ အဝင်အထွက်ဂိတ်များ၊ နမ့်အွမ်ဂိတ်၊ ခိုမုန်း၊ မန်လွယ်ရွာ(နမ့်ခိုင်တံတားဂိတ်) အစရှိသည့် ဂိတ်စခန်းများကို ဖယ်ရှားပေးရန် ကိုးကန့်တပ်က ဖိအားပေးပြောဆိုမှုများရှိကြောင်း ကချင်သတင်းဌာန Kachin News Group က မတ်လ ၁၇ ရက်နေ့တွင် ရေးသားဖော်ပြသည်။

“ကုန်သွယ်ရေးလမ်းပေါ်မှာ (TNLA) အခန်းကဏ္ဍက အရေးမပါသလောက်ဖြစ်သွားပြီ။ အဆင်ချောဖို့ များတယ်။ ဘာလို့လဲဆိုတော့ မူဆယ်ကလည်း စကစ၊ ၁၀၅ မိုင်ကနေ လားရှိုးနားအထိက ကြားထဲမှာ KIA ဂိတ်နဲ့ SSPP ဂိတ်ပဲ ရှိတော့တယ်။ သူတို့လည်း တရုတ်ကုန်သွယ်ရေးကို မထိရဲဘူး။ လားရှိုးကနေ မန္တလေးအထိက စကစ ပြန်ထိန်းချုပ်သွားပြီဆိုတော့ အဆင်ပြေဖို့များပါတယ်” ဟု  မြောက်ပိုင်းအဖွဲ့များနှင့် နီးစပ်သည့် အမည်မဖော်လိုသူ သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

“တရုတ်ကတော့ သူထိန်းကျောင်းနိုင်တဲ့အဖွဲ့ကို သူထောက်ပံ့မှာပဲလေ လက်နက်ခဲယမ်းကအစပေါ့။ ကိုးကန့်က တရုတ်အလိုကျလုပ်မှာပဲ”

ထိုလမ်းကြောင်းပေါ်တွင် တအာင်းတပ်ကို ဆက်လက်တည်ရှိခွင့်ပြု၍ တရုတ်နယ်စပ်ကုန်သွယ်ရေးကို ဆောင်ရွက်နိုင်သော်လည်း အခွန်ခွဲဝေမှုနှင့် အခြားသောအခြေအနေများကြောင့် တရုတ်က ကိုးကန့်တပ် လက်ထဲသာ ဝကွက်အပ်ထားလိုပုံရကြောင်း ၎င်းက ပြောသည်။ 

 ၂၀၂၅ ခုနှစ် အောက်တိုဘာလက မူဆယ် ၁၀၅မိုင်၊ ကွတ်ခိုင်- ကွမ်လုံလမ်းပိုင်းရှိ TNLA စစ်ဆေး ရေးဂိတ်တစ်ခု။ (ဓာတ်ပုံ- Myanmar Now)

ယမန်နှစ်အောက်တိုဘာလအထိ  စစ်ကော်မရှင်ထိန်းချုပ်သော သီပေါမှ မူဆယ်လမ်းပိုင်းတွင်  ရှမ်းတပ် SSPP/ SSA အပါအဝင် လက်နက်ကိုင်အဖွဲ့ လေးဖွဲ့ထက်မနည်းကို အခွန်အခပေးပြီးမှသာ ကုန်ကားများ ဖြတ်သန်းခွင့်ရကြသည်။

ထိုစဉ်က သီပေါမြို့မှ မူဆယ် ၁၀၅ မိုင်သို့  ပြောင်း တင်ပို့လိုသည့် ကုန်သည်များအနေဖြင့် သီပေါမြို့နယ် နမ့်လမ်မြို့၌ SSPP/ SSA တပ်ဖွဲ့အား ကားတစ်စီးလျှင် ငွေကျပ်သိန်းဂဏန်း အခွန်ပေးဆောင်ရသည်ဟု ကုန်သည်များက ဆိုသည်။

လားရှိုးမြို့အထွက် မယ်ဟန်ဂိတ်တွင် MNDAA တပ်ဖွဲ့အား ပြောင်းတစ်တန်လျှင် ယွမ် ၄၀ အခွန်ပေးရပြီး ကွတ်ခိုင်အရောက်တွင် TNLA တပ်ဖွဲ့အား ပြောင်းတစ်တန်လျှင် ယွမ် ၅၀ ထပ်မံပေးရသည်။ နမ့်ဖတ်ကာ ရွာတွင် KIA တပ်ဖွဲ့အား ထပ်မံအခွန်ပေးရပြီး ၁၀၅ မိုင် အရောက်တွင် AA တပ်ဖွဲ့အား ပြောင်းတစ်တန်လျှင် ယွမ် ၂၀ ဖြင့် ထပ်မံအခွန်ပေးရသည်။

MNDAA တပ်ဖွဲ့ထိန်းချုပ်သည့် လားရှိုးမြို့အထွက်မှ မူဆယ် ၁၀၅ မိုင်အထိ မိုင် ၁၀၀ ကျော် ခရီးအတွင်း TNLA တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ် ခုနစ်ဂိတ်ရှိပြီး MNDAA တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ် သုံးဂိတ်ကို ဖြတ်သန်းရသည်။ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာနှင့် မူဆယ်မြို့နယ် နမ့်အွမ်ရွာများတွင် KIA နှင့် SSPP/ SSA တပ်ဖွဲ့ဂိတ်များရှိသည်။

ထို့ကြောင့် ယခုအခါ လမ်းပိုင်းအများစုကို MNDAA စိုးမိုးလိုက်သဖြင့် အခွန်အခအနေဖြင့် ကိုးကန့်တပ် တစ်ခုတည်းကို ပေးဆောင်ရမည်ဆိုပါက ကုန်သည်များအနေဖြင့် အခွန်စရိတ်ပိုမိုသက်သာမည်ဟု ယူဆရသည်။ 

ကိုးကန့်တပ်သည့် အရေးပါသော တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအခြားတစ်ခုဖြစ်သည့် မိုင်ပေါင်း ၉၅ မိုင်ကျော်ရှိ လားရှိုး- သိန္နီ- ချင်းရွှေဟော်လမ်းကို ထိန်းချုပ်၍ ယမန်နှစ် ဇန်နဝါရီလ ကတည်းက ဒေသတွင်းကုန်သွယ်မှုများ ပြန်လည်စတင်နေသည်။

ထိုလမ်းပိုင်းတွင် ကိုးကန့်တပ်တစ်ခုသာရှိသဖြင့် ကုန်သည်အများစုသည် အခွန်အခသက်သာသော ထိုလမ်းကြောင်းအား ရွေးချယ်မှုများသည်။ 

MNDAA ထိန်းချုပ်ထားသည့် ကိုးကန့်ဒေသတွင် ချင်းရွှေဟော်နှင့် ရန်လုံကျိုင်းနယ်စပ်ဂိတ်များရှိပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်၊ မိန်းတိန်မြို့နှင့် အဓိက ကုန်သွယ်မှုပြုသည်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းသည် မန္တလေးမြို့မှ ၂၈၂ မိုင် အကွာတွင်ရှိပြီး လားရှိုးမြို့နှင့် ၈၅ မိုင် အကွာတွင်ရှိသည်။

၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ရပ်ဆိုင်းသွားခဲ့သည်။ အထူးသဖြင့် စစ်ကော်မရှင်ထံ အခွန်ဆောင်၍ ပို့ကုန်၊ ကုန်သွယ်ရေးလိုင်စင်ဖြင့် နှစ်ဖက်ကုန်သွယ်မှု ရပ်ဆိုင်သွားရာ နှစ်နိုင်ငံနယ်စပ်ဂိတ်များပြန်ဖွင့်၍ ကုန်သွယ်မှုပြန်လည်စတင်နိုင်ရေး တရုတ်နှင့် စစ်ကော်မရှင်တို့က လိုလားနေသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က ကွတ်ခိုင်မြို့တွင် တွေ့ရသော TNLAနှင့် MNDAA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- မြတ်ပန်း)

နယ်စပ်မတည်ငြိမ်မှုများကြောင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၏ စီးပွားရေးအပေါ်ရိုက်ခတ်မှုရှိနေပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်နိုင်မည်ဆိုပါက ကုန်စည်စီးဆင်းမှု တိုးတက်လာမည့်အပြင် တရုတ်နိုင်ငံ၏ အရှေ့မြောက်ဒေသ၊ ယူနန်၊ စီချွမ်၊ ချုံချင့်၊ ကွမ်ရှီး၊ နန်နင်းမြို့အထိ ကုန်သွယ်ရေးလမ်းကြောင်း ချဲ့ထွင်နိုင်မည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၁ရက် တီယန်ကျင်းမြို့၌ ပြုလုပ်သည့် မြန်မာ- တရုတ် စီးပွားရေးမြှင့်တင်မှုဆွေးနွေးပွဲတွင် တရုတ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။ 

တရုတ်အလိုကျ ကုန်သွယ်ရေးလမ်းမကြီးအဖြစ် ပြန်ဖွင့်မည်

ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်ဝင်ရောက်မသိမ်းပိုက်မီကတည်းက ယခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့ မတိုင်မီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်ဖွင့်မည်ဟူသော သတင်းများလည်း ထွက်ပေါ်နေကြောင်း တရုတ်နယ်စပ်ရှိ စစ်တပ်ထိန်းချုပ်ထားသော မူဆယ်မြို့ခံ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။ 

“ဒီလမ်းကြောင်းကို မရရအောင်ဖွင့်မယ်။ တရုတ်ကလည်း အဲ့ဒီလိုပဲ ရည်ရွယ်ထားတယ်လို့တော့ သတင်းတွေက အမြဲတမ်းကြားနေရတာလေ။ အခုဟာတော့ အဲ့ဒီလိုပဲ ဖြစ်လာပြီလို့ ယူဆတာပေါ့နော်။ မြောက်ပိုင်း တကြောမှာ တော့ အဲ့ဒီလိုပဲပြောနေကြတယ်။ အရင်ရက်တွေတုန်းကတော့ မဖြစ်နိုင်ဘူး ထင်တယ်။ ဒီအဖွဲ့ သုံးဖွဲ့နဲ့ညှိဖို့ အခက်ခဲရှိတာတွေရော ဆိုတော့လေ” ဟု ၎င်းက ဆိုသည်။

“ဒါပေမဲ့ ကွတ်ခိုင်ကို ကိုးကန့်တပ် ထိန်းချုပ်ပြီးနောက် မူဆယ်ကနေ လားရှိုးထိ ပြည်ထောင်စုလမ်းမကြီး က ပွင့်သွားပြီလို့လည်း (မတ်လ ၁၇ ရက်မှာ) သတင်းတက်လာတယ်။ အရင်ကတည်းကလည်း လားရှိုး- မန္တလေးလမ်းမကြီးက ပွင့်နေတာလေ” 

ထို့ကြောင့် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် မူဆယ်- လားရှိုး- မန္တလေးလမ်းမကြီးပေါ်တွင် တရုတ်ဩဇာခံများဖြင့် လမ်းပွင့်လာသည့်သဘောဟု ယူဆရသည်။ 

 ၁၀၂၇ စစ်ဆင်ရေးတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရှိရာ လားရှိုးမြို့ကို ကိုးကန့်တပ်က တိုက်ခိုက်သိမ်းပိုက်ထားရာမှ တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကော်မရှင်ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ 

၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်အနေဖြင့် လားရှိုး- မန္တလေးလမ်းပေါ်ရှိ နောင်ချို၊ သီပေါ၊ ကျောက်မဲမြို့​များကို သိမ်းပိုက်ခဲ့သော်လည်း စစ်တပ်က ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်မှုကြောင့် ထိုမြို့များကို ပြန်လည်လက်လွှတ်ခဲ့ရသည်။

သီပေါမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် တွေ့ရသော စစ်ကော်မရှင်တပ်သားများ။ (ဓာတ်ပုံ- CINCDS)

စစ်တပ်က မန္တလေးမှ လားရှိုးလမ်းပိုင်း ပြန်လည်စိုးမိုးနိုင်ပြီးနောက် ကားများဖြတ်သန်းခွင့်ပြုခဲ့သည်။ သို့ရာတွင် သီပေါတံတားကို ဖြတ်သန်းခွင့်မရသေးဘဲ ကိုယ်ပိုင်ကားများသည် ရှောင်ကွင်းလမ်းမှသွားရပြီး ခရီးသည်တင်ကားများသည်လည်း ဒုဋ္ဌဝတီမြစ်ကို ဇက်ဖြင့်ဖြတ်ကူး၍ သွားလာနေရကြောင်း တရုတ်နယ်စပ်တွင် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

ကိုးကန့်တပ်က ကွတ်ခိုင်ကို တိုက်ခိုက်သိမ်းပိုက်စဉ်က ပိတ်ပင်ထားသည့် လားရှိုး- မူဆယ်လမ်းပိုင်းလည်း ပြန်လည်ဖွင့်ပေးလိုက်၍ မတ်လ ၁၇ ရက်နေ့တွင် အိမ်စီးကားနှင့် ခရီးသည်တင်ကားများ သွားလာခွင့်ရခဲ့ကြောင်း ၎င်းက ပြောသည်။ 

ထိုလမ်းကြောင်းမှ ကုန်သွယ်မှုပြန်စရန် စစ်ကော်မရှင်သည် အဖွဲ့စုံဖြင့်ညှိနှိုင်းနေရာမှ ယခုအခါ ကိုးကန့်တပ်နှင့် အဓိကညှိနှိုင်းရမည်ဖြစ်၍ လမ်းကြောင်းပြန်ပွင့်လာနိုင်ကြောင်း ဆိုသည်။ 

သို့သော် ကုန်သွယ်မှုပုံစံနှင့် ပြန်စမည့်အခြေအနေကို အတိအကျမသိနိုင်သေးဟု သူက ဆက်ပြောသည်။ 

“လမ်းကြောင်းလည်းတိုတယ်။ လုပ်ရတာလည်းအဆင်ပြေတယ်။ အစစအရာပေါ့။ တခြား လမ်းကြောင်းတွေက သွားနေတာက ဘယ်လိုမှ အဆင်မပြေဘူးလေ။ ကုန်ဈေးနှုန်းတွေကြီးနေတာလည်း ဒီဟာပဲလေ။ အားလုံးကတော့ မြန်မြန်ဖွင့်စေချင်တာပေါ့ဗျာ။ အချိန်ကလည်းတော်တော်ကြာသွားပြီ” ဟု ၎င်းက ဆိုသည်။ 

“အခုဟာက ဒီတစ်ဖွဲ့တည်း (ကိုးကန့်) ဆိုရင်တော့ မျှော်လင့်ချက်ရှိတာတော့ လမ်းကြောင်း မြန်မြန်ပွင့်သွားမယ်။ လက်ရှိ (စစ်ကော်မရှင်နဲ့) သူနဲ့စကားပြောနေတယ်။ အဆင်ပြေတယ်ဆိုတော့။ အရပ်ထဲမှာလည်း ဒီသတင်းက ကျော်ကြားနေတာပေါ့” 

 MNDAA ထိန်းချုပ်သော ကုန်သွယ်ရေးလမ်းမပေါ်မှ သိန္နီမြို့အဝင်ကို ယမန်နှစ် အောက်တိုဘာလတွင် တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)
၂၀၂၅ ဇူလိုင်လအတွင်း တွေ့ရသော ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်။ (ဓာတ်ပုံ- Myanmar Now)

လက်ရှိတွင် ရှမ်းမြောက်ရှိ တရုတ်နယ်စပ်ဂိတ်များဖွင့်ထားပြီး ကုန်စည်များတင်သွင်းခွင့်ပြုသော်လည်း စစ်ကော်မရှင်က ထိုလမ်းကြောင်းကို တရားဝင်ကုန်သွယ်ခွင့်မပေးသေး၍ ပြည်တွင်းသို့ နားလည်မှုဖြင့် သယ်ယူနေကြရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ကုန်သွယ်ရေးစစ်ပွဲနှင့် လက်နက်ကိုင်စစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေးမတည်မငြိမ်ဖြစ်လာချိန် တရုတ်က ၎င်း၏ ထုတ်ကုန်များဖြန့်ဖြူးရောင်းချနိုင်သည့် နယ်စပ်လမ်းကြောင်းကို အမြန်ပြန်ပွင့်စေချင်နေကြောင်း မန္တလေးကုန်သည်စက်မှုအသင်းချုပ်နှင့် နီးစပ်သည့် ထိပ်သီးကုန်သည်တစ်ဦးက ပြောသည်။ 

“သူတို့ဆီမှာ တချို့ကုန်ပစ္စည်းတွေက ရောင်းချမှုနည်းလာတယ်။ ဒီဘက်ကလည်း ပိတ်ထားတာကြာပြီ။ ဒါကြောင့် ဒီဘက်ကိုလည်းဖွင့်ချင်ပုံပါမှာပေါ့” ဟု ၎င်းက ဆိုသည်။ 

မြန်မာပို့ကုန်များကိုလည်း မြေစမ်းခရမ်းပျိုး၍ ချင်းရွှေဟော်နယ်စပ်တွင် တင်ပို့မှုအနည်းငယ်ရှိကြောင်း ၎င်းက ဆိုသည်။

“စမ်းသွားနေတာတွေရှိမှာပေါ့နော်။ ကားလေးတွေက စမ်းသွားနေတာရှိတယ်။ ပို့ကုန်သမား တချို့တွေ နှမ်းတို့ဘာတို့ကို ချင်းရွှေဟော်ဘက်မှာ အဲ့ဒီလိုမျိုးသွားနေတာရှိတယ်။ ရှိကြတော့ တဖြည်းဖြည်း သွားရင်းသွားရင်နဲ့ ဖြစ်လာမလားပေါ့။ ရုတ်တရက်ကြီး ဝုန်းခနဲဆို ကားတွေ အများကြီး သွားတာမျိုးတော့ မဖြစ်နိုင်သေးဘူး” ဟု ၎င်းက ဆိုသည်။ 

အခွန်ဆောင်ခြင်း၊ ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားခြင်းကို စစ်တပ်ထိန်းချုပ်မူဆယ်မှတဆင့် ဆောင်ရွက်၍ရနိုင်သော်လည်း အချိန်ယူရဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။ 

ပြည်တွင်း၌ လူသုံးကုန်ပစ္စည်းများပြတ်တောက်လာခြင်းကြောင့် ထိုလမ်းကြောင့်ပြန်ပွင့်လာလျှင် တရုတ် ကုန်စည်များပြန်ဝင်လာကာ ကုန်အရောင်းအဝယ်ပြန်ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

နယ်စပ်လမ်းကြောင်းများပြန်ဖွင့်နိုင်သည့် အခြေအနေနှင့်ပတ်သက်၍ စစ်ကော်မရှင် စီပွားကူးသန်း ဒုဝန်ကြီး ဦးမင်းမင်းနှင့် ရှမ်းပြည်နယ်ပြောခွင့်ရ ဦးခွန်သိန်းမောင်တို့ကို Myanmar Now က ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပေ။ 

စစ်အာဏာမသိမ်းမီ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မူဆယ်နယ်စပ်မှ ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံကျော်ရှိပြီး တိုက်ပွဲများဖြစ်ပွားခဲ့သည့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် နှစ်ဘီလီယံခန့်ထိ ကျဆင်းခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းများတွင် တွေ့ရသည်။

ထို့နောက် ၂၀၂၄ ခုနှစ် ဧပြီလမှ ဇွန်လအထိ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၃၄၉ သန်းရှိကြောင်းဖော်ပြခဲ့ပြီး နောက်ပိုင်းတွင် ထုတ်ပြန်ခြင်းမရှိတော့ပေ။ 

၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းပြည်မြောက်ပိုင်းရှိ စစ်တပ်၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးနှင့် သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ တာမိုးညဲ၊ ကုန်းကြမ်းမြို့များအား MNDAA တပ်ဖွဲ့က သိမ်းပိုက်ခဲ့သည်။

တရုတ်အစိုးရ ကြားဝင်ညှိနှိုင်းမှုကြောင့် MNDAA တပ်က လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုအား စစ်တပ်ထံ ပြန်လွှဲခဲ့ပြီး ကျန်နေသည့် ကျေးရွာများအား သိန္နီခရိုင်အတွင်းသို့ ထည့်သွင်းထားသည်။

MNDAA အနေဖြင့် မဟာမိတ် TNLA ထိန်းချုပ်သည့် ကွတ်ခိုင်အပါအဝင် ၎င်းတို့သိမ်းထားသည့် မြို့များအား ကွတ်ခိုင်ခရိုင်၊ သိန္နီခရိုင်၊ လောက်ကိုင် ခရိုင်၊ မုံးကိုးခရိုင် လေးခု သတ်မှတ်၍ အုပ်ချုပ်မည်ဟု ထုတ်ပြန်ထားသည်။

TNLA တပ်ဖွဲ့က နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုးမိတ်နှင့် မိုးကုတ် မြို့တို့ကို သိမ်းပိုက်ခဲ့သည်။

တရုတ်အစိုးရ ကြားဝင်မှုကြောင့် မိုးကုတ်နှင့် မိုးမိတ်အား TNLA က စစ်ကော်မရှင်ထံ ပြန်လွှဲခဲ့ရပြီး စစ်တပ်ထိုးစစ်ကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းပေါ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များအား လက်လွှတ်ခဲ့ရသည်။

ကိုးကန့်တပ်က တရုတ်နယ်စပ်ရှိ တအာင်းတပ်ထိန်းချုပ် နမ့်ခမ်းမြို့ကို ထိုးစစ်ဆင်သိမ်းပိုက်မည်ဟု သတင်းများလည်းထွက်နေသည်။ သို့ရာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ နှစ်ဖက်ဆွေးနွေးနေကြောင်း တအာင်းတပ်ဘက်က ထုတ်ပြောထားသည်။ 

 နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြမြေပုံ။

Related Articles

Back to top button