အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထိုင်းဘက်ကျည်ကျရောက်မှု စစ်တပ်နှင့် KNU အပြန်အလှန်အပြစ်တင်

ကရင်ပြည်နယ်နှင့် ထိစပ်နေသည့် ထိုင်း- မြန်မာနယ်စပ်တလျှောက်တွင် မြန်မာဘက်က ပစ်ခတ်သည့်ကျည်များ ထိုင်းနိုင်ငံဘက် ကျရောက်ပေါက်ကွဲမှုနှင့် ပတ်သက်၍ မြန်မာစစ်တပ်နှင့် ဆန့်ကျင်တော်လှန်တိုက်ခိုက်နေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား ထုတ်ပြန်ချက်ထုတ်၍ အပြန်အလှန် စွပ်စွဲပြစ်တင်နေသည်။

ကရင်ပြည်နယ်နှင့် ထိစပ်နေသည့် ထိုင်း- မြန်မာနယ်စပ်တလျှောက်တွင် မြန်မာဘက်က ပစ်ခတ်သည့်ကျည်များ ထိုင်းနိုင်ငံဘက် ကျရောက်ပေါက်ကွဲမှုနှင့် ပတ်သက်၍ မြန်မာ စစ်တပ်နှင့် ဆန့်ကျင်တော်လှန် တိုက်ခိုက်နေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား ထုတ်ပြန်ချက်ထုတ်၍ အပြန်အလှန် စွပ်စွဲပြစ်တင်နေသည်။

ထိုင်း- မြန်မာနယ်စပ်တွင် ဖြစ်ပွားသော တိုက်ပွဲအပါအဝင် လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံဘက် ကျရောက်ပေါက်ကွဲမှုနှင့် ပတ်သက်၍ ထိုင်းတော်ဝင်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥကရစ် ဘွန်တာနွန်က မြန်မာစစ်သံမှူးကို နိုဝင်ဘာလ ၂ရက်တွင် ထိုင်းစစ်တပ်ဌာနချုပ်၌ ခေါ်ယူပြောဆိုခဲ့သည်။

ထိုသို့ ပြောဆိုခဲ့ပြီးနောက် နိုဝင်ဘာလ ၃ ရက်တွင် မြန်မာစစ်တပ်အပါအဝင် KNU ဘက်ကပါ အသီးသီးကြေညာချက်ထုတ်လာခြင်းဖြစ်သည်။

မကြာသေးသည့် အောက်တိုဘာလ ၂၉ ရက်တွင် မြန်မာနိုင်ငံ မြဝတီမြို့၏ အရှေ့ဘက်၊ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မယ့်ကိုးကင်းရွာတွင် မြန်မာနိုင်ငံဘက်က ပစ်ခတ်လိုက်သည့် ပခုံးထမ်းဗုံးပစ်လောင်ချာ (RPG) တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ထိုင်းနိုင်ငံသား အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မြန်မာစစ်တပ်၏ ထုတ်ပြန်ချက်တွင် အောက်တိုဘာလ ၂၉ ရက်ဖြစ်စဉ်သည် ၎င်းတို့ကိုဆန့်ကျင်နေသူများ၏ လုပ်ရပ်ဟုဆိုပြီး ထိုသူများကိုလည်းအကြမ်းဖက်သမားများဟု စစ်တပ်ကရည်ညွှန်းခဲ့သည်။

မြန်မာစစ်တပ်၏ ထုတ်ပြန်ချက်တွင် အောက်တိုဘာလ ၂၉ ရက်ဖြစ်စဉ်သည် ၎င်းတို့ကိုဆန့်ကျင်နေသူများ၏ လုပ်ရပ်ဟုဆိုပြီး ထိုသူများကိုလည်းအကြမ်းဖက်သမားများဟု စစ်တပ်ကရည်ညွှန်းခဲ့သည်။

KNU အပါအဝင် KNU ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် PDF တို့သည် ထိုင်း- မြန်မာနယ်စပ်တွင် နှစ်နိုင်ငံရင်းနှီးမှု ပျက်ပြားအောင် လုပ်ဆောင်နေကြောင်း မြန်မာစစ်တပ်က ရေးသားသည်။

ထို့အပြင် အွန်လိုင်းသတင်းဌာနများက ဖော်ပြနေသော ထိုင်းနိုင်ငံဘက်အခြမ်းရှိ ထိုင်းကုန်သည်များပိုင်သည့် ကုန်လှောင်ရုံများကို မြန်မာစစ်တပ်က ဗုံးကြဲမည်ဆိုသည့်သတင်းများ မမှန်ကန်ကြောင်း မြန်မာစစ်တပ်က ဆိုသည်။

KNU ဗဟိုဘက်ကမူ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း မြန်မာစစ်တပ်က KNU တပ်မဟာ ၅ နှင့် ပူးပေါင်းတပ်များစိုးမိုးထားသည့် ဖာပွန် (မူတြော်) ခရိုင်တွင် လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင်ပါသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုများအနက် အောက်တိုဘာလ ၂၅ ရက်၊ ၂၇ ရက်နှင့် ၃၁ ရက်တို့တွင် ပြုလုပ်သော  လေကြောင်းတိုက်ခိုက်မှုများသည် ထိုင်း- မြန်မာနယ်စပ် သံလွင်မြစ်ကမ်းဘေး မြစ်ကူးဆိပ်နေရာ သုံးနေရာကို ပစ်မှတ်ထားခဲ့ကြောင်း KNU  ထုတ်ပြန်ချက်က ဆိုသည်။

မြစ်ကူးဆိပ် နေရာ သုံးခုမှာ မယ်နူထာ၊ ရာထာနှင့် သော်လဲထ (မယ်ရာထာ) တို့ဖြစ်ပြီး ၎င်းတို့၏ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် စူမွဲမြို့နယ်ရှိသည်။

မြစ်ကူးဆိပ် သုံးနေရာသည် အရွယ်အစားသေးငယ်သော်လည်း လူဦးရေ တစ်သိန်းနှစ်သောင်းကျော်ရှိသည့် မူတြော် (ဖာပွန်) ခရိုင်ရှိ ပြည်သူလူထုအတွက် အသက်သွေးကြောဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင်ရေးသား ဖော်ပြထားသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် စူမွဲ (Sop Moei) မြို့နယ်ရှိ  မယ့်စမ်လဲ့ရွာတွင်လည်း ထိခိုက်ပျက်စီးမှုများကြုံခဲ့ရကြောင်း KNU ကဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် Bangkok Post သတင်းဌာနကလည်း ကရင်လက်နက်ကိုင်များကို ပစ်မှတ်ထားသည့် မြန်မာစစ်တပ်၏ ဗုံးဒဏ်ကြောင့် မယ့်စမ်လဲ့ရွာတွင် နေအိမ်အနည်းဆုံး ၁၇ လုံးထိခိုက်ပျက်စီးရကြောင်း နိုဝင်ဘာလ ၁ ရက်တွင် သတင်းဖော်ပြသည်။

မြန်မာစစ်တပ်၏ အရပ်သားများကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှု အဆုံးသတ်ရန် ထိုင်းနိုင်ငံအပါအဝင် အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ထိရောက်သည့် ဖိအားပေးမှုများလုပ်ရန်တောင်းဆိုကြောင်း KNU ကဆိုသည်။

ထို့အပြင် ထိုင်းနိုင်ငံအနေနှင့် အခြေခံကုန်စည်များကို နယ်စပ်ဖြတ်ကျော်သယ်ဆောင်မှု ဆက်လက်ခွင့်ပြုရန်အပါအဝင် KNUနှင့် နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ (CSOs) အကြားပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေး ပြုလုပ်ပေးရန် တောင်းဆိုကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်နက်ကိုင် နှစ်ဖွဲ့၏ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပိုမိုသိနိုင်ရန် မြန်မာစစ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကို ဖုန်းခေါ်ခဲ့သလို KNU ၏ ပြောရေးဆိုခွင့်ရှိသူ စောနယ်ဒုဒါးအား အွန်လိုင်းမှတဆင့် Myanmar Now က စာပို့မေးမြန်းခဲ့သော်လည်း ယခုသတင်းရေးသားချိန်အထိ အဆက်အသွယ်မရပေ။

လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ဗိုလ်မှူး စွယ်တော်ကလည်း ထိုင်း- မြန်မာနယ်စပ် အနီး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် နယ်စပ်ဒေသကို မထိန်းချုပ်နိုင်သေးသော မြန်မာစစ်တပ်အနေနှင့် ထိုင်းနိုင်ငံဘက်ကိုပါ ဖိအားပေးလာသည့် သဘောဖြစ်ကြောင်း Myanmar Now ကို ပြောသည်။

“သူတို့ဘက်ကစိုးမိုးလို့ ဘယ်လိုမှမဖြစ်နိုင်တဲ့ နယ်စပ်ကုန်သွယ်ရေးနေရာတွေကို မစားရတဲ့အမဲ သဲနဲ့ပက်ဆိုသလို အကြမ်းနည်းနဲ့ လုပ်လာတာမျိုးဖြစ်ပါတယ်။ ကုန်သွယ်ရေးလုပ်ချင်ရင် သူတို့နဲ့လုပ် တခြားအဖွဲ့အစည်းတွေနဲ့ မလုပ်ရဘူးလို့ ထိုင်းကိုကန့်သတ်တာမျိုးလည်းဖြစ်ပါတယ်”ဟု ဗိုလ်မှူးစွယ်တော်က ပြောသည်။

သို့သော် ထိုင်းနိုင်ငံသည်  မြန်မာစစ်အစိုးရ ပြောသမျှ လိုက်လုပ်မည့် နိုင်ငံမဟုတ်ကြောင်း ၎င်းက သုံးသပ်သည်။

လွန်ခဲ့သည့် နှစ်လကျော်ခန့်တွင် ကရင်ပြည်နယ်  မြဝတီမြို့အခြေစိုက် မြန်မာ- ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ ဥက္ကဋ္ဌက မဲဆောက်မြို့အခြေစိုက် နယ်ခြားကော်မတီ ဥက္ကဋ္ဌထံ ထိုင်း- မြန်မာနယ်စပ်၌ KNU က ထိုင်းကုန်သည်များကို ခေါ်ယူတွေ့ဆုံခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်သည့် စာတစ်စောင်ပေးပို့ခဲ့ကြောင်း ကရင်ပြည်နယ် အခြေစိုက်သတင်းဌာနများက အောက်တိုဘာလ နောက်ဆုံးပတ်တွင် ဖော်ပြကြသည်။

အဆိုပါကန့်ကွက်စာတွင် ထိုင်းနိုင်ငံ  မယ့်စမ်လဲ့ရွာ၏ အနောက်ဘက် သံလွင်မြစ်တစ်ဖက်ကမ်းရှိ မြန်မာနိုင်ငံ  မယ်ရာထာ (သော်လဲထ) နေရာတွင် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲနှင့် KNLA တပ်မဟာ ၅ တပ်မဟာမှူးတို့ဦးဆောင်၍ မူတြော်(ဖာပွန်) ခရိုင် နယ်စပ်လုံခြုံရေးနှင့် ကုန်သွယ်ရေးရုံးဖွင့်ပွဲပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

ရုံးဖွင့်ပွဲတွင် ထိုင်းလုပ်ငန်းရှင် ၅၀ တက်ရောက်ခဲ့ပြီး သစ်တောနှင့် မိုင်းတွင်း (သတ္တုတူးဖော်)လုပ်ငန်းလုပ်လိုသော ထိုင်းလုပ်ငန်းရှင်များသည် ရုံးကို ဆက်သွယ်လုပ်ကိုင်နိုင်သည်ဟု KNU ဘက်က ပြောခဲ့ကြောင်း မြန်မာစစ်အုပ်စုဘက်က ပေးပို့သည့်ကန့်ကွက်စာတွင် ရေးသားသည်။

သော်လဲထသည် တရားဝင် နှစ်နိုင်ငံကြားကုန်သွယ်ရေးနေရာမဟုတ်ကြောင်း၊ KNU အားအထောက်အပံ့ဖြစ်စေမည့် ကုန်သွယ်ရေးကိစ္စတွင် ထိုင်းလုပ်ငန်းရှင်များ ဝင်မပါနိုင်ရန် ထိန်းသိမ်းကြပ်မတ်ပေးစေလိုကြောင်း မြဝတီမြို့အခြေစိုက် မြန်မာ- ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ ဥက္ကဋ္ဌ၏ ကန့်ကွက်စာတွင် ရေးသားသည်။

မြန်မာစစ်တပ်အနေနှင့် တော်လှန်ရေးတပ်များ၏ ထောက်ပံ့ရေးလမ်းကြောင်းများကို လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းများလုပ်ဆောင်နေသည်ဟု ကန့်ကွက်စာတွင်ပါသည်။

ထိုင်းနိုင်ငံ အာဏာပိုင်များဘက်ကမူ KNU နှင့် ထိုင်းကုန်သည်များအကြား ကုန်သွယ်နေမှုနှင့်ပတ်သက်၍ တစုံတရာ ထုတ်ဖော်ပြောလာခြင်းမတွေ့ရသေးပေ။

ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင် (Anutin Charnvirakul) ကမူ မြန်မာနိုင်ငံတွင်း ပဋိပက္ခများတွင် ထိုင်းနိုင်ငံ သို့မဟုတ် ထိုင်းပြည်သူများအနေနှင့် ပါဝင်ပတ်သက်ရန် မရှိကြောင်း နိုဝင်ဘာလ ၂ ရက်၊ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ Nong Khai မြို့ ပြည်သူ့ဆေးရုံတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောသည်။

ထိုင်း- မြန်မာနယ်စပ်တွင် ဖြစ်ပွားသော တိုက်ပွဲများနှင့်ပတ်သက်၍ ထိုင်းအစိုးရသည် စစ်ဘက်ရေးရာနှင့် သံတမန်ရေးရာ လမ်းကြောင်းများသုံး၍ အရေးယူပြောဆိုထားကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးလာသူများကို လူသားချင်းစာနာထောက်ထားသည့်အနေနှင့် ထိုင်းနိုင်ငံဘက်က ခိုလှုံခွင့်ပေးထားပြီး အများစုသည် အခြေအနေတည်ငြိမ်ပါက မြန်မာနိုင်ငံဘက် ပြန်သွားကြကြောင်း ၊ အထောက်အထားမရှိဘဲ ထိုင်းနိုင်ငံအတွင်း ဆက်လက်နေထိုင်သူများသည် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူခံရနိုင်ကြောင်း ဝန်ကြီးချုပ်အနုတင်က ထိုင်းနိုင်ငံအခြေစိုက် သတင်းထောက်များကို ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles