အာဏာသိမ်းစစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း တောင်သာမြို့မှ ပြည်သူ့စစ်(ပျူစောထီး)တပ်ဖွဲ့ ခေါင်းဆောင် ဦးပြည့်ဖြိုးမောင် (ခေါ်) ငပြည့်နှင့် ဇနီးဖြစ်သူတို့သည် ယမန်နေ့ နိုဝင်ဘာလ ၃ ရက် ညနေပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည်။
ထိုလုပ်ကြံသတ်ဖြတ်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TTA- PDF) တာဝန်ခံ ကိုသံလွင်က Myanmar Now ကိုပြောသည်။ အဆိုပါပျူစောထီးခေါင်းဆောင်သည် အာဏာသိမ်းစစ်တပ် ဆန့်ကျင်သူများကို ဖမ်းဆီးနှိပ်စက်ရာတွင် စစ်တပ်နှင့် ပူးပေါင်းပါဝင်ခဲ့သည် ဟုလည်း ၎င်းကဆိုသည်။
“တောင်သာရဲစခန်းနဲ့ ပေ ၁၇၀ အနီးက ဘီယာဆိုင်မှာ ဘီယာထိုင်သောက်နေတာပါ။ အဲ့ဒါကို ကျွန်တော်တို့ အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့တာပေါ့။ သူ့ကို ပစ်ခတ်ဖို့ ကျွန်တော်တို့ အချိန် ၁၀ ရက်လောက်ယူခဲ့ရတယ်။ ခါတိုင်းမှာဆိုရင် ဒီကောင်က လုံခြုံရေးအမြဲတမ်းပါတယ်။ ဒီနေ့ကျမှ သူက လုံခြုံရေးမပါဘဲ အခွင့်ကောင်းကို အချိန်ယူပြီးတော့ လုပ်ခဲ့ရတာပေါ့”ဟု ၎င်းက ပြောသည်။
ရဲစခန်းနှင့်နီးကပ်သော စားသောက်ဆိုင်ဖြစ်၍ အခြားသောပျူစောထီးတပ်ဖွဲ့ဝင်များ မပါဘဲ လာရောက်စဉ် လုံခြုံရေးပေါ့ဆမှုကို အခွင့်ကောင်းယူ၍ အချိန်သုံးမိနစ်အတွင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ဇနီးဖြစ်သူကလည်း တောင်သာကာကွယ်ရေးတပ်ဖွဲ့ဝင်ကို ဝင်ဆွဲ၍လက်နက်လုရန် ကြိုးစားသဖြင့် ပစ်ခတ်ခဲ့ရကြောင်း ကိုသံလွင်က ဆိုသည်။
ပျူစောထီးခေါင်းဆောင်သည် ပစ္စတိုနှင့် မောင်းပြန်ရိုင်ဖယ်နှစ်လက်အမြဲဆောင်လေ့ရှိပြီး ထိုနေ့တွင် ၎င်း၏ ကားအတွင်း ချန်ထားခဲ့ရာ အချိန်မရသဖြင့် လက်နက်မယူနိုင်ခဲ့ကြောင်း ကိုသံလွင်က ပြောသည်။
ထိုပစ်ခတ်မှုအပြီး တောင်သာမြိုအခြေစိုက် စစ်အုပ်စုတပ်ဖွဲ့ဝင်များက မြို့အဝင်/အထွက်လမ်းများကို ပိတ်ဆို့ရှာဖွေခဲ့ကြောင်း ၎င်းက ဆိုသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှစ၍ တောင်သာမှ နိုင်ငံရေးလှုပ်ရှားမှုဖြင့် ဖမ်းဆီးခံရသူများကို လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ ရက်ရက်စက်စက်ညှဉ်းပန်း နှိပ်စက်စစ်ဆေးရာတွင် ပါဝင်ခဲ့သလို တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးမှုများတွင် ဦးဆောင်ပါဝင်သူဖြစ်ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့တွင် ထုတ်ပြန်ထားသည်။
ထို့တပ်ဖွဲ့အနေဖြင့် မြို့ပေါ်ပြောက်ကျားစစ်ဆင်ရေးကို အရှိန်မြှင့်သွားမည်ဖြစ်ပြီး စစ်တပ်ဩဇာခံ ပျူစောထီးတပ်ဖွဲ့ဝင်များအနေဖြင့် လူထုကို လူ့အခွင့်အရေးချိုးဖောက်မှု၊ ဖမ်းဆီးငွေညှစ်မှုများ မပြုလုပ်ရန် သတိပေးကြောင်း ကိုသံလွင်က ဆိုသည်။
စစ်အုပ်စု၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဦးပြည့်ဖြိုးမောင်သည် တောင်သာမြို့နာရီစင်အနီး ပစ်ခတ်ခံရမှုကြောင့် နှစ်ဦးလုံးသေဆုံးခဲ့ကြောင်း ရေးသားထားသည်။
မန္တလေးတိုင်း မြင်းခြံခရိုင်သည် စစ်တပ်ဩဇာခံ ပျူစောထီးများအားကောင်းသော ဒေသတစ်ခုဖြစ်ပြီး စစ်တပ်နှင့် ပေါင်း၍ တော်လှန်ရေးတပ်များကို ထိုးစစ်ဆင်ရုံသာမက သွေးသောက်အဖွဲ့များ ဖွဲ့စည်း၍ တော်လှန်ရေးထောက်ခံသူနှင့်အရပ်သားများကို သတ်ဖြတ်မှုများရှိသည်။
ဒေသအခြေစိုက် တော်လှန်ရေးတပ်များကလည်း ပျူစောထီးများနှင့် စစ်တပ်အမာခံသတင်းပေးများကို တန်ပြန်ပစ်မှတ်ထားတိုက်ခိုက်မှုများရှိသည်။
၂၀၂၆ ခုနှစ် နှစ်ဆန်းက နာမည်ကြီး ပြည်သူ့စစ် (ပျူစောထီး) ခေါင်းဆောင် ဒေါ်သီတာယုမွန်၏ ခင်ပွန်း ဒုပျူခေါင်းဆောင် ဦးစိန်လွင်ကို မူးယစ်ဆေးများနှင့်အတူ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက ဖမ်းဆီးခဲ့သည်။



