မင်းအောင်လှိုင် တရုတ်ကို စိတ်ကောက်နေ
ပြီးခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံ ပျက်စီးစေရန် စီမံအုပ်ချုပ်ခဲ့သူတွင် မည်သို့သော အရည်အချင်းမျိုးသာ ရှိနေသည်ကို တရုတ်သမ္မတရှီကျင့်ဖျင် သဘောပေါက်နိုင်ပြီဖြစ်သည်။
အောက်တိုဘာလ ၁၅ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သော ၁၁ ကြိမ်မြောက် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နှစ်ပတ်လည်အခမ်းအနားကို “ငြိမ်းချမ်းရေးကို အလိုချင်ဆုံး” ဟု ကြွေးကြော်ခဲ့သည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လူကိုယ်တိုင်မတက်ရောက်ဘဲ ကြိုတင်ရိုက်ကူး ထားသော ဗီဒီယိုမိန့်ခွန်းသာ ပေးပို့ခဲ့သည်။
NCA လက်မှတ်ရေးထိုးခဲ့စဉ်က အသိသက်သေများအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသော အိမ်နီးချင်း တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များသည် ယခင်နှစ် ၁၀ ကြိမ်မြောက် နှစ်ပတ်လည်နေ့ ကဲ့သို့ လူကိုယ်တိုင် မတက်ရောက်ကြဘဲ၊ ကြိုတင်ရိုက်ကူးထားသော ဗီဒီယိုမိန့်ခွန်းများကိုသာ ပေးပို့ခဲ့ကြ သည်။
ယခုနှစ်ပွဲကို မင်းအောင်လှိုင် မတက်ရောက်ရခြင်းမှာ ပြည်တွင်းပြည်ပ ခရီးစဉ်တစ်ခုခု ရှိနေခြင်းကြောင့် မဟုတ်ပေ။ ထိုနေ့နံနက်ပိုင်း အခမ်းအနားကို နေပြည်တော်ဟိုတယ်တစ်ခု၌ ကျင်းပခဲ့ပြီး၊ နေ့လယ်ပိုင်းတွင် အခမ်းအနားတက်ရောက်လာကြသော ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌဟောင်း စောမူတူးဆေးဖိုးနှင့် NCA လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
ခေါင်းဆောင်အချို့ကို မင်းအောင်လှိုင် က နေပြည်တော်မှာပင် လက်ခံတွေ့ဆုံခဲ့သည်။ ထိုကြောင့် မင်းအောင်လှိုင်သည် NCA အခမ်းအနားကို မအားလပ်၍ မတက်ရောက်နိုင်ခြင်း မဟုတ်ဘဲ၊ ရည်ရွယ်ချက်ရှိရှိ မတက်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
တရုတ်- မြန်မာဆက်ဆံရေး အလှုပ်အခတ်များလာခြင်း
ယခုနှစ် NCA နှစ်ပတ်လည်အခမ်းအနားသို့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း၏ ဗီဒီယိုမိန့်ခွန်းထဲ “တိုင်းရင်းသား လူနည်းစုများအတွက် အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံများကို ရှာဖွေရန်” ဟု ထည့်သွင်း ပြောကြခဲ့သော အချက်က တရုတ်- မြန်မာဆက်ဆံရေး၊ တနည်းအားဖြင့် သမ္မတရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင်အကြား ဆက်ဆံရေးကို လှစ်ဟပြလိုက်သကဲ့သို့ ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားကြောင်း နေပြည်တော်စစ်အုပ်စုကို တရုတ်အစိုးရ ကြိမ်ဖန်များစွာ ပြောဆိုနေခြင်း၏ နောက်ကွယ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ပေးရန် တောင်းဆိုချက်ကို ထောက်ခံကြောင်း တရားဝင်ရပ်တည်ချက်ကို လူသိရှင်ကြား ကြေညာလိုက်ခြင်း ဖြစ်သည်။ ထိုအချက်သည် ယနေ့အချိန်ထိ တရုတ်အစိုးရ အထူးကိုယ်စားလှယ် ကြားဝင်စေ့စပ်နေသော တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်အုပ်စုအကြား သိသာထင်ရှားသော ရလဒ်များ ထွက်ပေါ်လာခြင်း မရှိသည့် အကြောင်းရင်းတစ်ခုအဖြစ် နားလည်နိုင်ပါသည်။
ထို့အပြင် တရုတ်အစိုးရ အထူးကိုယ်စားလှယ်၏ ပြောကြားချက်သည် သမ္မတရှီကျင့်ဖျင်၏ သဘောထားကို အတိအကျ သယ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး၊ ဇူလိုင်လအတွင်း ဘေကျင်းမြို့တော်သို့ မင်းအောင်လှိုင်ကို ဖိတ်ကြား တွေ့ဆုံခဲ့ခြင်းသည် သမ္မတရှီကျင့်ဖျင်၏ မင်းအောင်လှိုင်ကို အကြွင်းမဲ့ထောက်ခံကြောင်း ပြသခဲ့ခြင်း မဟုတ်ဘဲ၊ အကန့်အသတ်နှင့် အသိအမှတ်ပြုမှု (Conditional Recognition) ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားလာပါသည်။ တိုင်းရင်းသားလူနည်းစုတို့၏ ထောက်ခံမှုကို မင်းအောင်လှိုင် ရရှိမှသာလျှင် နိုင်ငံတည်ငြိမ်ရေး ရရှိနိုင်မည်ဆိုသည့်အချက်ကို သမ္မတရှီ ကောင်းကောင်းသဘောပေါက်လက်ခံထားပြီဟု သုံးသပ်နိုင်ပါသည်။
သို့သော် တရုတ်အထူးကိုယ်စားလှယ်၏ ဗီဒီယိုမိန့်ခွန်းထွက်ပေါ်လာပြီးနောက် စစ်အုပ်စုထောက်ခံသူများ အသိုင်းအဝန်းကြားတွင် တရုတ်အစိုးရသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက် ဩဇာပေးနေပြီဟုဆိုကာ ကျယ်ကျယ်လောင်လောင် ဆန့်ကျင်ကန့်ကွက်မှုများ ပေါ်ထွက်လာကြသည်။ အထူးသဖြင့် မင်းအောင်လှိုင်၏ အထူးအရေးပေးဆက်ဆံမှုကို ရရှိထားသော စစ်အာဏာရှင်ဟောင်း နေဝင်းမိသားစုထဲမှ မြေးဖြစ်သူ အေးနေဝင်း၏ ဆိုရှယ်မီဒီယာပေါ်တွင် တရုတ်ဆန့်ကျင်ရေး ပြင်းထန်သော ပြောဆိုချက်များက သိသိသာသာ ပျံ့နှံ့ခဲ့သည်။
မင်းအောင်လှိုင်သဘောထားနှင့် ဆန့်ကျင်၍ ဆိုရှယ်မီဒီယာပေါ်တွင် ပြောဆိုလျှင် စစ်ထောက်လှမ်းရေးများ၏ ချက်ချင်းဖမ်းဆီးခြင်းခံရနိုင်သော အခြေအနေတွင် ရုတ်တရက် ပေါ်ထွက်လာသော တရုတ်ဆန့်ကျင်ရေး၏ နောက်ကွယ်တွင် မင်းအောင်လှိုင်စစ်အုပ်စုကိုယ်တိုင် သွေးထိုးပေးနေခြင်းဖြစ်သည်ဟု ထင်မြင်ချက်များလည်း ထွက်ပေါ်လျက်ရှိသည်။
တချိန်တည်းမှာပင် မင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်အစိုးရက ရွေးချယ်တာဝန်ပေးအပ် ခဲ့သော တရုတ်နိုင်ငံသား စကားပြန်အမျိုးသမီးနှင့် မင်းအောင်လှိုင်စစ်အုပ်စုကို ထောက်ခံသူများအကြား ဆိုရှယ်မီဒီယာပေါ်တွင် အပြန်အလှန်ပြောဆိုငြင်းခုံကြရာမှ တရုတ်မုန်းတီးရေးကို စစ်အုပ်စုဘက်က သိသိ သာသာ လုပ်ဆောင်လာခဲ့ကြသည်။
အထူးသဖြင့် စကားပြန် တရုတ်အမျိုးသမီးက “စိမ်းပိန်း”( ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ရည်ညွှန်းသော) တွေက “နီပိန်း”(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရည်ညွှန်းသော) တွေထက် ပိုများမှန်း အခုမှ သိသည်ဟု ပြောဆိုချက်နှင့် ပတ်သက်၍ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦး ဖြစ်သူ “ဘူးလက်လှဆွေ” က စကားပြန်အမျိုးသမီးကို တရုတ်အစိုးရအနေဖြင့် အရေးယူပေးရန် တောင်းဆိုသည်အထိ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။
စင်စစ် တရုတ်စကားပြန်အမျိုးသမီး၏ ပြောဆိုချက်များကို စစ်အုပ်စုထောက်ခံသူများက ဆိုရှယ်မီဒီယာပေါ် တုံ့ပြန်ငြင်းခုံပြောဆိုကြခြင်းသည် သာမန်ကိစ္စတစ်ခုမျှသာ ဖြစ်ပြီး၊ မင်းအောင်လှိုင်ကိုယ်တိုင် တရုတ်အပေါ် စိတ်ကောက်နေသည့် အခြေအနေအထိ ဖြစ်လိမ့်မည်ဟု တရုတ်-မြန်မာဆက်ဆံရေးကို စောင့်ကြည့်လေ့လာ နေသည့် စာရေးသူအနေဖြင့် လုံးဝ ထင်မထားခဲ့ပါ။
တရုတ်- မြန်မာဆက်ဆံရေး “ရေချိန်” တိုင်းတာခြင်း
တရုတ်- မြန်မာဆက်ဆံရေးအခြေအနေ လေ့လာရာတွင် နှစ်နိုင်ငံသံတမန်များအကြား ဆက်ဆံရေး “ရေချိန်” ကို တိုင်းတာရသည်မှာ စံနှုန်းတစ်ခု ဖြစ်သည်။ အောက်တိုဘာလ ၁၅ ရက်တွင် ၁၁ ကြိမ်မြောက် NCA နှစ်ပတ်လည်နေ့ ကျင်းပသည်။ ယင်းနောက် ရက်သတ္တပတ် သုံးပတ်ခန့်အကြာ တရုတ်အစိုးရ၏ ဒေသတွင်းခေါင်းဆောင်မှုပြယုဂ်အဖြစ် အရေးပါသော ၁၁ ကြိမ်မြောက် လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဦးဆောင်၍ ဘေကျင်းမြို့တော်တွင် နိုဝင်ဘာလ ၃ရက်နှင့် ၄ ရက်တို့တွင် ကျင်းပရန် စီစဉ်ထားသည်။
စင်စစ် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)က မင်းအောင်လှိုင်နှင့် ၎င်းခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခွင့် မပေးဘဲ အရေးယူထားချိန်၊ အဆိုပါ လန်ချန်း- မဲခေါင် အစည်းအဝေးသည် မင်းအောင်လှိုင်အတွက် တစ်ခုတည်းသော ဒေသတွင်းသံတမန်ဆက်ဆံရေး တံခါးပေါက် ဖြစ်ခဲ့သည်။
လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို တရုတ်နိုင်ငံက ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ မဲခေါင်နိုင်ငံများဖြစ်သော မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။ ထို့ကြောင့် အာဆီယံအစည်းအဝေးများကို တက်ရောက်နိုင်ခြင်းမရှိသော မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီးသည် လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲမှ နိုင်ငံခြားရေးဝန်ကြီးအချို့နှင့် ထိတွေ့ဆက်ဆံနိုင်သော အခွင့်အရေးကို စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ဆက်တိုက်ရရှိခဲ့သည်။
သို့သော် ယခုနှစ် လန်ချန်း- မဲခေါင် အစည်းအဝေးသို့ ၎င်း၏ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေကို စေလွှတ်ခြင်းမရှိဘဲ၊ အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး အောင်ကျော်ဟိုးကို စေလွှတ်ခဲ့သည်။ တင်မောင်ဆွေကိုမူ အဆိုပါ နေ့ရက်များအတွင်း ဘယ်လာရုစ်နိုင်ငံတွင် ကျင်းပလျက်ရှိသော ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ် နိုင်ငံတကာအဆင့်မြင့် ညီလာခံသို့ စေလွှတ်ခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်ကျင်းပသော အစည်းအဝေးနှင့် ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်ကျင်းပသော ညီလာခံ တိုက်တိုက်ဆိုင်ဆိုင် ကျင်းပသည့်နေ့ရက်များ ထပ်တူကျနေသည် ဆိုသော်ငြားလည်း၊ မင်းအောင်လှိုင်၏ ဦးစားပေးရွေးချယ်မှုသည် တရုတ်- မြန်မာဆက်ဆံရေး “ရေချိန်” ကို တိုင်းတာနိုင်သော လုံလောက်သည့် အချက်ပြမှုတစ်ခု ဖြစ်ခဲ့သည်။
မင်းအောင်လှိုင် တရုတ်ကို စိတ်ကောက်နေသည့်အချက်မှာ ပေါ်လွင်ထင်ရှားသည်။ ထိုကောက်ချက်ကို ပံ့ပိုးလျက်ရှိသည့် လုံလောက်သော အချက်ပြမှုများ ရှိပါသည်။ ပထမအချက်မှာ မင်းအောင်လှိုင် စစ်အာဏာသိမ်းခဲ့သော ၂၀၂၁ ခုနှစ် ဇွန်လတွင် ကျင်းပခဲ့သော ၆ ကြိမ်မြောက်မှသည် ၂၀၂၅ ခုနှစ် ၁၀ ကြိမ်မြောက် လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအားလုံးကို တင်မောင်ဆွေ မတိုင်မီ နိုင်ငံခြားရေးဝန်ကြီးများဖြစ်ခဲ့သော၊ ဝဏ္ဏမောင်လွင်နှင့် သန်းဆွေတို့ မပျက်မကွက် တက်ရောက်ခဲ့ကြသည်။
ဒုတိယအချက်မှာ ယခုနှစ် ဧပြီလတွင် မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသူ တင်မောင်ဆွေ အတွက် လန်ချန်း- မဲခေါင် အစည်းအဝေးကို မပျက်မကွက် တတ်ရောက်သင့်သည် မဟုတ်ပါလား။ တတိယအချက်မှာ မင့်စ်ညီလာခံသည် ယူရေးရှာ (Eurasia) ဒေသ လုံခြုံရေးဆိုင်ရာညီလာခံဖြစ်သည့် အတွက် မင်းအောင်လှိုင်သည် ၎င်းကိုအကြံပေးရန် ခန့်အပ်ထားသော အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ရေတပ်ဗိုလ်ချုပ်ကြီးဟောင်း တင်အောင်စန်းကို စေလွှတ်ရမည့်အစား၊ နိုင်ငံခြားရေးနှင့် လုံးဝမသက်ဆိုင်သော၊ အာဆီယံဒေသတွင်းနှင့်လည်း မသက်ဆိုင်သော ညီလာခံသို့ တင်မောင်ဆွေကို စေလွှတ်ခဲ့ခြင်းက တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း၏ ပြောဆိုချက်ကို ဆန့်ကျင်ကြောင်း တရုတ်အစိုးရကို တုံ့ပြန်ပြသခြင်း ဖြစ်နိုင်သည်။
သို့ရာတွင် “တရုတ်ကို ကြောက်ရသည်” ဟု သမ္မတသိန်းစိန်အစိုးရ၏ သမ္မတရုံးဝန်ကြီးဟောင်း အောင်မင်း ပြောခဲ့ဖူးသလို၊ မင်းအောင်လှိုင်လည်း တရုတ်ကိုကြောက်၍ လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ကိုယ်စားလှယ်မစေလွှတ်သည့် နည်းဖြင့် လုံးဝ သပိတ်မှောက်ခြင်းမျိုးကို မပြုလုပ်ရဲ၍ အောင်ကျော်ဟိုးကို စေလွှတ်ခဲ့ခြင်း ဖြစ်နိုင်သည်။
ထိုအချက်ကို ပံ့ပိုးပေးသော ထင်ရှားသည့်လက္ခဏာတစ်ခုမှာ လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပြင်ပ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိနှင့် အောင်ကျော်ဟိုး ဦးဆောင်သော အဖွဲ့တို့ အစည်းအဝေးသတင်းကိုလည်းကောင်း၊ စစ်အုပ်စု ဝါဒဖြန့် သတင်းစာများဖြစ်သော မြန်မာ့အလင်း၊ ကြေးမုံနှင့် အင်္ဂလိပ်သတင်းစာ Global New Light of Myanmar တို့တွင် ဖော်ပြမှု လုံးဝ မရှိခြင်းပင် ဖြစ်သည်။
အထူးခြားဆုံးမှာ တင်မောင်ဆွေက မင့်စ် ညီလာခံကို တက်ရောက်ရန် စီစဉ်ထားပြီးဖြစ်၍ အောင်ကျော်ဟိုးကို အစားထိုး စေလွှတ်လိုက်သည်ဆိုလျှင် အနည်းဆုံး စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာနှင့် Facebook စာမျက်နှာတို့တွင် လန်ချန်း- မဲခေါင်အစည်းအဝေးသတင်း ဖော်ပြသင့်သည်။ သို့သော် ယခု ဆောင်းပါး ရေးသားချိန်အထိ လုံးဝ ဖော်ပြထားခြင်း မရှိပါ။ ထိုအချင်းအရာက ညွှန်ပြနေသည်မှာ လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး သတင်းကို မင်းအောင်လှိုင်၏ ညွှန်ကြားချက်ကြောင့် သတင်းဖော်ပြခြင်းမရှိဘဲ သပိတ်မှောက်ထားခြင်း ဖြစ်ကြောင်း ထင်ရှားသည်။
သို့ရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင်အင်တာနက်စာမျက်နှာ နှင့် ရန်ကုန်မြို့အခြေစိုက် တရုတ်သံရုံး၏ တရားဝင် Facebook စာမျက်နှာများတွင် ဝန်ကြီး ဝမ်ယိနှင့် အောင်ကျော်ဟိုး တွေ့ဆုံမှုကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြခဲ့သည်။ အဆိုပါ တွေ့ဆုံမှုသတင်းကို တရုတ်ဘက်က ဖော်ပြချက်တွင် အောင်ကျော်ဟိုး သုံးနှုန်းခဲ့သည့် သတိပြုစရာကောင်းသော အသုံးအနှုန်းတစ်ခုကို တွေ့ရှိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နှစ်နိုင်ငံဆက်ဆံရေးကို ပုံဖော်ပြောဆိုရာတွင် “တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အစဉ်တစိုက် အားကိုးအားထားရသည့် မဟာဗျူဟာမြောက်မိတ်ဖက် (Strategic Partner) ဖြစ်ကြောင်း” ရည်ညွှန်းပြောဆိုခဲ့သော်လည်း၊ အောင်ကျော်ဟိုး၏ တုံ့ပြန်ပြောဆိုမှုကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနထုတ်ပြန်ချက်တွင် အင်္ဂလိပ်လို “Traditional Relationship” ဟု သုံးနှုန်းပြီး၊ တရုတ်သံရုံး၏ မြန်မာဘာသာပြန် ထုတ်ပြန်ချက်တွင် “သမားရိုးကျချစ်ကြည်ရေး”ဟုသုံးနှုန်း၍ နှစ်နိုင်ငံအကြားဆက်ဆံရေးကို ဆက်လက်ဖော်ဆောင်သွားမည် ဟု ဆိုသည်။
အောင်ကျော်ဟိုး၏ အသုံးအနှုန်းက တရုတ်- မြန်မာဆက်ဆံရေးကို မဟာဗျူဟာမြောက်ဆက်ဆံရေးမှ အဆင့် လျှော့ချလိုက်ခြင်းလား၊ သို့မဟုတ် အောင်ကျော်ဟိုးသည် တင်မောင်ဆွေ တက်ရောက်ရမည့် အစည်းအဝေးကို မင်းအောင်လှိုင်စေလွှတ်သဖြင့် တက်ရောက်ခဲ့ရပြီး၊ သံတမန်အသုံးအနှုန်းများကို နားမလည်ခြင်းကြောင့် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းလား ချိန်ဆရပေလိမ့်မည်။
မည်သို့ပင်ဆိုစေ တရုတ်- မြန်မာဆက်ဆံရေး “ရေချိန်” သည် သိသိသာသာ လှုပ်ခတ်နေပြီး၊ မင်းအောင်လှိုင် တရုတ်ကို စိတ်ကောက်နေကြောင်း အထင်အရှား တွေ့မြင်နေရသည်။ မင်းအောင်လှိုင်သည် နိုင်ငံခေါင်းဆောင် တစ်ဦး၏ အရည်အချင်း (Statesmanship Qualification) မရှိဘဲ၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက် အကျပ်ကိုင်သည့် ဓားပြဗိုလ်တစ်ဦး၏ အရည်အချင်းမျှသာ ရှိကြောင်း၊ လွန်ခဲ့သော ခြောက်နှစ်နီးပါးလုံးလုံး တိုင်းပြည်ကို ဘက်ပေါင်းစုံ ဆင်းရဲမွဲတေသွားရန် ဖျက်ဆီးခဲ့သူမှာ မင်းအောင်လှိုင်ဖြစ်ကြောင်း၊ ၎င်းကို ကော်ဇောနီခင်းပြီး လူကြီးလူကောင်းသဖွယ် ဧည့်ခံခဲ့သော တရုတ်သမ္မတရှီကျင့်ဖျင် အမြင်မှန်ရသင့်ကြောင်း သုံးသပ်တင်ပြလိုက် ရပါသည်။



