မြန်မာ- ထိုင်းနယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို စစ်တပ်နှင့် စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်(BGF)တို့က၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တနှစ်ကျော်အကြာ နှိမ်နင်းခဲ့ကြသည်။ သို့သော်၎င်းငွေလိမ်ဂိုဏ်းများသည် နေရာသစ်များတွင် အခြေချလာကြပြီး၊ လုပ်ငန်းလည်ပတ်မှုပုံစံ ပြောင်းလဲကာ ဆက်လက်ရှင်သန် ကြီးထွားနေသည်ကို တွေ့ရှိရသည်။ ကရင်ပြည်နယ်အတွင်း BGF ထိန်းချုပ်ထားသော ရွှေကုက္ကို၊ KK Park စသည့်နယ်မြေများရှိ ငွေလိမ်ဂိုဏ်းများ အသုံးပြုသော အဆောက်အအုံ ၆၀၀ ထက်မနည်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အတွင်း ဖြိုချဖျက်ဆီးခဲ့သည်ဟု စစ်တပ်က ထုတ်ပြန်ထားသည်။ သို့ရာတွင် ယင်းကြောင့် ငွေလိမ်ဂိုဏ်းများ ပျောက်ကွယ်မသွားဘဲ နိုင်ငံတဝန်း အထူးသဖြင့် ရန်ကုန်၊ မန္တလေးစသော မြို့ကြီးများသို့သာ ပိုမိုပြန့်ကျဲသွားစေခဲ့သည်ဟု ငွေလိမ်ဂိုဏ်းများကို စောင့်ကြည့်လေ့လာသူများက ပြောသည်။
ပုံစံအသစ် ပြောင်းလဲနေသော ကျားဖြန့်
ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများသည် မည်သည့်နေရာတွင်မဆို အင်တာနက်၊ မိုဘိုင်းဖုန်း သို့မဟုတ် ကွန်ပျူတာရှိရုံဖြင့် သားကောင်ဖမ်းသည့် လုပ်ငန်းကို အလွယ်တကူ လုပ်ကိုင်နေနိုင်သည်။ အွန်လိုင်း ငွေလိမ်လုပ်ငန်းအချို့သည် Work From Home ဟု ခေါ်သည့် ကိုယ့်အိမ်ကိုယ်နေပြီး အလုပ်လုပ်သည့် ပုံစံသို့ပြောင်းလဲလာနေသည်ကို အွန်လိုင်းငွေလိမ်ဂိုဏ်းတခု၏ Online Telegram Chat group နှစ်ခုအား နှစ်လအကြာ ဝင်ရောက်လေ့လာခြင်းအပြင် အခြားစုံစမ်းရရှိထားသော အချက်အလက်များအရ သိရသည်။ ထိုဂိုဏ်းတွင် လုပ်ငန်းအတွေ့အကြုံရှိသူ ၁၅၀ ဦးထက်မနည်းက အိမ်တွင် လုပ်ကိုင်ကြသည်၊ ငွေလိမ်ရန် သားကောင်ရှာပေးရသည်။ သားကောင်ရှာခြင်းကို “Finding” ဟု ၎င်းတို့က ခေါ်ကြသည်။ အိမ်တွင် လုပ်ကိုင်သူများထဲမှ ၉၀ ရာခိုင်နှုန်းကျော်သည် အသက် ၁၈ နှစ်မှ ၃၀ အရွယ်ရှိသော မြန်မာ နိုင်ငံသားဖြစ်သည်။ ထိုသူတို့သည် ထိုင်း- မြန်မာ နယ်စပ် မြဝတီမြို့နယ်အတွင်း ရွေကုက္ကို၊ ဖလူး၊ ကျောက်ခက်၊ KK Park တို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ငန်းအတွေ့အကြုံ တနှစ်မှ နှစ်နှစ်အထိရှိသော လူငယ်များဖြစ်သည်ကို စုံစမ်းသိရှိရသည်။ ၎င်းတို့ထဲမှ ၁၀ ဦးခန့်မျှသာလျှင် ထိုဒေသတွင် နေထိုင်ကြသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့ ကျားဖြန့်လုပ်ငန်းများမှ ပြန်လွတ်မြောက်လာသော တရုတ်နိုင်ငံသားအချို့ကို နယ်ခြားစောင့်တပ် ထိန်းသိမ်းထားစဉ်။ (ဓာတ်ပုံ- Myanmar Now)
ဂိုဏ်းတာဝန်ရှိသူတို့က လုပ်ငန်းပြန်လည်လည်ပတ်ရန် ဝန်ထမ်းဟောင်းများကို ဆက်သွယ်ခဲ့သည်ဟု အိမ်တွင် နေထိုင်လုပ်ကိုင်သူ အမျိုးသားတဦးက ပြောသည်။ “အရင်တုန်းက ပိုက်ဆံပေါက်ဖူးတဲ့ (ငွေလိမ်ဖူးတဲ့) အလုပ်သမားဟောင်းတွေကို ပြန်စုပြီးတော့ ဟိုနေရာတစု၊ ဒီနေရာတစု ဖွဲ့တယ်။ အဓိက ကတော့ လူဟောင်းတွေကို ပြန်စုတယ်။ အင်တာဗျူးမရှိဘူး။ အလုပ်တန်းဝင်ရုံပဲ၊ လစာလည်းပေးမယ်”ဟု သူက ပြောသည်။ အထွေထွေစီမံခန့်ခွဲသူ၊ ဝန်ထမ်းရှာပေးသူ၊ မော်ဒယ်များ၊ Chatting နှင့် Killer တာဝန်ယူထားသူများသာလျှင် လုပ်ငန်းခွင်တွင် စုဝေးအလုပ်လုပ်ကိုင်ကြသည်။ Chatting ဆိုသည်မှာ သားကောင်နှင့် ရင်းနှီးမှုရရှိရန်၊ ၎င်းတို့ကို ယုံကြည်ရန် စည်းရုံးသိမ်းသွင်းရသည့်အလုပ်ဖြစ်သည်။ Killer သည် အွန်လုံးငွေလိမ်လုပ်ငန်း၏ နောက်ဆုံးအလုပ်ဖြစ်သည်။ သားကောင်၏ ယုံကြည်မှု ရရှိလာပါက ဒီဂျစ်တယ်ငွေကြေး (Cryptocurrency) လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် ဖြားယောင်းရသည့် အလုပ်ဖြစ်သည်။ မော်ဒယ်များ၏ အလုပ်သည် သားကောင်၏ ယုံကြည်မှု ပိုမိုရရှိရန် မျက်နှာပြ၍ Video Call ဖြင့်ဖုန်းပြောရခြင်း ဖြစ်သည်။ ထိုဂိုဏ်းတွင် နေအိမ်မှ အလုပ်လုပ်ကိုင်သူများ ပစ်မှတ်ထားရသော နိုင်ငံသည် ဂျပန်ဖြစ်သည်။ ထိုသူများက Tik Tok လူမှုကွန်ရက် အသုံးပြုသူ ဂျပန်များကို ပစ်မှတ်ထား၍ သားကောင်ရှာပေးရသည်။ ၎င်းတို့၏ အလုပ်လုပ်ချိန်သည် နံနက် ၈ နာရီခွဲမှ ည ၈ နာရီခွဲထိ ဖြစ်သည်၊ တရက်လျှင် ၁၂ နာရီ အလုပ်လုပ်ကြပြီး ပိတ်ရက်မရှိအလုပ်လုပ်ကြသည်။ တခါတရံတွင် အဖွဲ့ခေါင်းဆောင် အမျိုးသမီးက အလုပ်လုပ်ရန် ဆော်ဩလေ့ရှိသလို၊ သားကောင်ရှာနိုင်သည့် အရေအတွက်ပေါ်မူတည်၍ လုပ်အားခလည်းရမည်ဖြစ်ကြောင်း သတိပေးလေ့ရှိသည်။ နေအိမ်မှ အလုပ်လုပ်ကိုင်သူအမျိုးသမီးတဦး ပေးပို့သည့် Screenshoot ဓာတ်ပုံတခုတွင် “こんにちは、はじめまして” (မင်္ဂလာပါ၊ တွေ့ရတာဝမ်းသာပါတယ်) ဟူသော ဂျပန်ဘာသာဖြင့် တုံ့ပြန်နှုတ်ဆက်ထားသည်။ ပေးပို့လာသော ဓာတ်ပုံကို Chatting လုပ်ကိုင်သော အမျိုးသမီးက “1” ဟု မှတ်ချက်ပေးလိုက်သည်။ “1” ဆိုသည်မှာ “အဆင်ပြေသည်၊ နားလည်ပါပြီ” စသဖြင့် အဓိပ္ပာယ် သက်ရောက်သည့် တုံ့ပြန်ချက်ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် နောက်ထပ် သားကောင်ရှာသော အဖွဲ့ဝင်တဦးက “He reply” ဟူသောစာကို ဓာတ်ပုံ တပုံဖြင့်တွဲ၍ ပို့လာခဲ့သည်။ Chatting လုပ်ကိုင်သူ အမျိုးသမီးတဦးက “no” ဟု ခပ်ပြတ်ပြတ်ဖြင့် ပြန်လည်ဖြေကြားသည်။ တနာရီဝန်းကျင်အကြာတွင် “စကားပြောရင် အဲဒီလို တိုတိုတုတ်တုတ်၊ ဘာမေးမေးမဖြေဘူး။ ပယ်” ဟု အမိန့်ပေးလိုက်သည်။ Finding လုပ်ကိုင်သူများက ၎င်းတို့ ပစ်မှတ်ထားသော သားကောင်များနှင့် စကားပြောဆိုမှု မှတ်တမ်းများ၊ လိမ်လည်ရန် ရနိုင်၊ မရနိုင် ဆုံးဖြတ်ရန် Chatting လုပ်ကိုင်သူများက သားကောင်များ၏ စကားပြောဆိုမှု၊ တုံ့ပြန်မှုကိုကြည့်၍ စစ်ပေးသည်။ ၎င်းတို့လိမ်လည်ရန် မရနိုင်သော သားကောင်များကို အချက် ခြောက်ချက်ဖြင့်သတ်မှတ်ထားသည်ကို လေ့လာတွေ့ရှိရသည်။ (၁) ညစ်ညမ်းဗီဒီယိုများပို့ပေးခြင်းနှင့် စာများဆက်တိုက်ပြန်လည်ပို့ခြင်း၊ (၂) ရင်းနှီးမြှုပ်နှံမှုအကြောင်း သားကောင်များက ပြောဆိုခြင်း၊ (၃) အသက် ၃၃ နှစ်အောက်ရှိသော သားကောင်များ၊ (၄) စကားပြန်မပြောသော သားကောင်များ၊ (၅) ဖုန်းခေါ်ဆိုမှုများ သို့မဟုတ် ဗီဒီယိုကော ခေါ်ဆိုမှုများ ချက်ချင်းပြုလုပ်တတ်သူများ၊ (၆) ရဲနှင့် IT အင်ဂျင်နီယာအလုပ်များဖြင့် အသက်မွေးဝမ်းကျောင်းနေသူများ စသည်တို့ဖြစ်သည်။ ထိုသူတို့ကို “မမှန်ကန်သော ဖောက်သည်(သားကောင်)” ဟု သတ်မှတ်ကြသည်။ အထက်ပါ အချက်များနှင့် ကင်းလွတ်သော သားကောင်များ၏ အသက်၊ အမည်၊ နေရာ စသော အသေးစိတ် အချက်များကို Chatting လုပ်ကိုင်သူများ၊ အဖွဲ့ခေါင်းဆောင်များက ထပ်မံစစ်ဆေးသည်ကိုလည်း အဆိုပါဂိုဏ်း၏ စကားပြောမှတ်တမ်းများတွင် တွေ့ခဲ့ရသည်။ နံနက် ၉ နာရီဝန်းကျင်ခန့်ဆိုလျှင် စီမံခန့်ခွဲသည့် အမျိုးသမီးတဦးက သူတို့အသုံးပြုရန်အတွက် TikTok အကောင့်တုများကို Mytel ၊ Atom ၊ MPT နှင့် U9 ကဲ့သို့သော မြန်မာဆင်းကတ်နံပါတ်များကို သုံး၍ ဖွင့်ပေးသည်။ ထို့နောက် ငွေလိမ်ဂိုဏ်းဦးစီးသူများထဲမှ မြန်မာအမျိုးသမီးတဦးက သူတို့ အသွင်ယူသရုပ်ဆောင်ရမည့် ဇာတ်ကောင်အတွက် အမည်၊ အသက်၊ နေရပ်၊ မိသားစုနောက်ခံ၊ အလုပ်အကိုင် စသည့် ကိုယ်ရေးအကျဉ်းကို သုံးရက်တကြိမ်ပြောင်းလဲကာ ပေးပို့သည်။ Chat Group ထဲတွင် ပေးပို့ခြင်း ဖြစ်သည်။ ဇာတ်ကောင်၏ ကိုယ်ရေးအချက်အလက်များကို မကြာခဏပြောင်းလဲသော်လည်း ရုပ်ရည်ချောမောလှပခြင်း၊ အသက် ၃၀ မှ ၃၅ နှစ်အတွင်းရှိခြင်း၊ စင်္ကာပူ သို့မဟုတ် တရုတ်တွင် နေထိုင်သော်လည်း မျိုးရိုးမှာ ဂျပန်ဖြစ်ပြီး မကြာခင် ဂျပန်နိုင်ငံတွင် ပြန်လည်အခြေချရန် ပြင်ဆင်နေခြင်း စသောအချက်အလက်များသည် ယေဘုယျ အားဖြင့် တူညီသည်ကို တွေ့ရှိရသည်။ ထိုသို့ အသွင်ယူ၍ ဂျပန်နိုင်ငံသားများနှင့် ပထမဦးစွာရင်းနှီးမှုရယူသည်။ ထို့နောက်တွင် ဂျပန်နိုင်ငံသားအများစု အသုံးပြုသော အွန်လိုင်းလူမှုကွန်ရက် “LINE” တွင် စကားဆက်လက်ပြောဆိုရန် ဆွဲဆောင်သည်။ အဆိုပါ Telegram Chat Group စကားပြောမှတ်တမ်းများအရ တရက်လျှင် ပျှမ်းမျှဂျပန်နိုင်ငံသား ခုနစ်ဦးမှ ၁၀ ဦးအထိကို ပစ်မှတ်ထား ဆက်သွယ်ကြသည်။ ထိုသို့ အိမ်မှ အလုပ်လုပ်သူက သားကောင်တကောင် ရှာပေးနိုင်ပါက ကျပ် ၃၀,၀၀၀ ရရှိသည်။ ည ၈နာရီတွင် ခေါင်းဆောင်အမျိုးသမီးက လူရှာနိုင်သော ငွေလိမ်ဂိုဏ်းအဖွဲ့ဝင်များကို လုပ်အားခ ပေးချေသည်။ ထိုငွေပေးချေရာတွင် KBZ Pay အကောင့်နံပါတ်များကို အသုံးပြုကြောင်း တွေ့ရသည်။ LINE အကောင့်တွင် ဂျပန်နိုင်ငံသားက နှုတ်ဆက်စကားပြောဆိုလာလျှင် သားကောင်ရှာပေးသူ၏ အခန်းကဏ္ဍ ပြီးဆုံးပြီဖြစ်သည်။ Chatting နှင့် Killer ဟုခေါ်သော ငွေလိမ်အတွေ့အကြုံရှိသူများက ထိုသူကို အွန်လိုင်းတွင် ဆက်လက် စကားပြောဆို၍ ငွေလိမ်လည်ကြသည်။ အခြားသော အွန်လိုင်းငွေလိမ်ဂိုဏ်းအစုအဖွဲ့တခုသည်လည်း Facebook အသုံးပြု၍ ဂျပန်နိုင်ငံသားများကို ပစ်မှတ်ထားကြသည်။ ထိုအဖွဲ့၏ ဦးဆောင်သူများသည် မြဝတီမြို့နယ်အတွင်း၌ အခြေချ နေထိုင်ကြပြီး ဂိုဏ်းဝင်များ၊ သားကောင်ရှာသူများမှာ ပဲခူးတိုင်း၊ ရန်ကုန်နှင့် ရှမ်းပြည်နယ်တို့မှ မြန်မာနိုင်ငံသား လူငယ်များဖြစ်ကြသည်ဟု စုံစမ်းသိရှိရသည်။ မြန်မာ၊ ထိုင်း စသည့် နိုင်ငံတို့တွင် Facebook အကောင့်တုဖွင့်ရန် ဆက်လက် လွယ်ကူနေဆဲဖြစ်ပြီး Facebook အကောင့်တုများကို အလွယ်တကူ ဝယ်ယူနိုင်သည့် အခြေအနေလည်းရှိရာ အဆိုပါအဖွဲ့က ထိုနည်းလမ်းများ သုံး၍ အကောင့်များစွာ အသုံးပြုလုပ်ကိုင်နေသည်ကို တွေ့ရသည်။ ထို့အပြင် Account အတုများကို ပိတ်မခံရစေရန်၊ Facebook ၏ စောင့်ကြည့်ရေးစနစ်ကို ကျော်ဖြတ် အသုံးပြုနိုင်ရန် စီစဉ်လုပ်ကိုင်ကြသည်။ ၎င်းတို့ အသုံးပြုသည့် နည်းနာများထဲတွင် အကောင့်တု အများအပြားကို တပြိုင်နက်ဖွင့်ထားနိုင်သော Bit Browser ကို အသုံးပြုကြသည့်နည်းလမ်းလည်း ပါဝင်သည်။ အထက်ပါ ငွေလိမ်ဂိုဏ်းနှစ်ခု တူညီသောအချက်များမှာ ဂိုဏ်းအဖွဲ့ဝင်များက Work From Home ပုံစံဖြင့် အလုပ်လုပ်ရခြင်း၊ မိတ်ဆွေဖွဲ့ ရင်းနှီးမှုယူ၍ LINE တွင် စကားပြောရန်ဖိတ်ခေါ်ခြင်း၊ ငယ်ရွယ်သော လုပ်ငန်းရှင်အဖြစ် အသွင်ယူရခြင်းတို့ ဖြစ်သည်။ ယနေ့ခေတ်တွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာလျက်ရှိသော VPNနှင့် ဉာဏ်ရည်တုနည်းပညာ (AI) တို့မှာ ကျားဖြန့်လုပ်ငန်းတွင် အသုံးပြုနေသည်မှာ ကြာပြီဖြစ်သည်။ AI နည်းပညာက ၎င်းတို့ ပစ်မှတ်ထားသော နိုင်ငံ၏ ဘာသာစကားကို ကောင်းမွန်စွာ ဘာသာပြန်ဆိုရန်၊ သားကောင်ကို လွယ်ကူစွာ လိမ်လည်လှည့်စားနိုင်ရန် လွန်စွာအသုံးတည့်သည်ကိုတွေ့ရှိရသည်။
လုပ်ငန်းခွင် ပြောင်းရွှေ့မှု
ကျားဖြန့်လုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်သော အရာတခုမှာ ဘေးကင်းလုံခြုံမှုရှိသော လုပ်ငန်းခွင်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်များအတွင်း ကရင်ပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့များ၏ အကာအကွယ်ဖြင့် လုပ်ငန်း လည်ပတ်ခဲ့ကြသည်။ စစ်တပ်နှင့် ၎င်းတို့လက်အောက်ခံ နယ်ခြားစောင့်တပ်တို့က မြဝတီမြို့နယ်အတွင်း ငွေလိမ်ဂိုဏ်း လုပ်ငန်းခွင် အချို့ကို ဝင်ရောက်စီးနင်းခြင်း၊ ဖမ်းဆီးခြင်းများသည် အယောင်ပြမျှသာဖြစ်သည်ဟု ငွေလိမ်ဂိုဏ်းခေါင်းဆောင် အချို့နှင့် နီးနီးကပ်ကပ်ရှိသော အမျိုးသားတဦးက ပြောသည်။ နယ်ခြားစောင့်တပ်၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)နှင့် စစ်တပ်တို့က တရုတ်သူဌေး ခေါ် ဂိုဏ်းခေါင်းဆောင်များ နေရာသစ် ပြောင်းရွှေ့နိုင်ကြရန် ပူးပေါင်းဆောင်ရွက်ပေးကြသည်ဟု ၎င်းက ဆိုသည်။ “သတင်းကြိုရတယ် ရထိုက်မှာက၊ အများစုက ကမ္ဘောဒီးယားကြိုရှောင်ကြတယ်၊ ဘန်ကောက်ရောပဲ။ သူဌေးအကြီးပိုင်းတွေပေါ့။ KK Park မှာသာ ဗြုန်းစားကြီးဖြစ်သွားတာ”ဟု အထက်ပါအမျိုးသားက ပြောသည်။ မြဝတီမြို့နယ်အတွင်း စီးနင်းခံရသည့် လုပ်ငန်းများသည် ကရင်ပြည်နယ် အတွင်းရှိ DKBA ထိန်းချုပ်ထားသော သစ်ကတေဒေသ၊ ကျောက်ခက်၊ ဖလူးနှင့် ဘုရားသုံးဆူမြို့များသို့ ရွှေ့ပြောင်းအခြေချလာခဲ့ကြသည်။ ထိုင်း- မြန်မာနယ်စပ်မျဉ်းဖြစ်သော သောင်းရင်းမြစ်ဘေးရှိ ၉၉၉၊ ၆၆၉ နှင့် UK စသည့် ကျားဖြန့် လုပ်ငန်းကြီးများ ကမူ ယခုနှစ်အစောပိုင်းမှစတင်၍ နယ်စပ်မျဉ်းနှင့် ပို၍ဝေးသော ဖားကလူးဒေသ သစ်ကတေကျေးရွာအနီးသို့ ပြောင်းရွှေ့သွားသည်ဟု ထိုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူ အမျိုးသားတဦးက ပြောသည်။ ကရင်နယ်ခြားစောင့်တပ်ကို အမည်ပြောင်းထားသော ကရင်အမျိုးသားတပ်မတော်(KNA) ထိန်းချုပ်ထားသော နယ်မြေအတွင်းမှာပင် ထိုသို့ အပြောင်းအရွှေ့ ပြုလုပ်လိုက်ခြင်းဖြစ်သည်။ သစ်ကတေကျေးရွာသည် BGF/KNA ဗိုလ်မှူးစောတင်ဝင်း၏ ဇာတိဖြစ်ပြီး ထိုရွာတွင် ယမန်နှစ်က ခုတင် ၃၀ ဆံ့ ဆေးရုံ၊ အထက်တန်းကျောင်းတို့ကို ၎င်းကိုယ်တိုင် တခမ်းတနား ဖွင့်လှစ်လိုက်ကြောင်း သတင်းများတွင် တွေ့ရသည်။ မြဝတီမြို့၏ အနောက်မြောက်ဘက်၊ ရွှေကုက္ကိုမြို့သစ်၏ အနောက်ဘက်တည့်တည့် ၁၅ မိုင်ခန့်အကွာတွင် တည်ရှိသည့် အဆိုပါ သစ်ကတေ ကျေးရွာ ၏ တောင်ဘက် ကပ်လျက်တွင် ကျားဖြန့်ခြံဝင်းတခု၊ ရွာ၏ အရှေ့ဘက် သုံးမိုင်ခန့်အကွာ ဖာကျူးကျေးရွာအနီးတွင် ခြံဝင်းနှစ်ခုထက်မနည်း လုပ်ကိုင်နေကြသည်ဟု အထက်ပါ အမျိုးသားက ပြောသည်။ “သစ်ကတေမှာ တောင်ခြေက ၉၉၉၊ ၆၆၉ အဲ့ဒီက ရုံတွေ၊ လေ့ကျင့်ရေးကွင်းမှာက KK က ရုံတွေရှိတာ”ဟု ၎င်းက ပြောသည်။ အဆိုပါ သတင်းအရင်းအမြစ် ညွှန်းဆိုသည့်နေရာကို သိရှိရန် Apple Maps ကို အသုံးပြု၍ တိုက်ဆိုင်စစ်ဆေး ရာတွင် သစ်ကတေ ကျေးရွာနှင့် သစ်ကတေ ဆေးရုံကြားရှိ တောအုပ်တခုအတွင်း တည်ရှိသည်ကို တွေ့ရှိရ သည်။ ဗိုလ်မှူး စောတင်ဝင်းကို သူ၏နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်း ပြောင်းရွှေ့လာသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်၍ မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရရှိသေးပေ။ ဒေသအခေါ် ဖာကျူးဆိုဒ်သည် ၂၀၂၅ ခုနှစ်၊ မေလတွင် မြေရှင်းလင်း၍ အဆောက်အအုံများကို စတင်ဆောက်လုပ်ခဲ့ပြီး ဒီဇင်ဘာလတွင် အဆောက်အအုံများဆောက်လုပ်ပြီးစီးနေသည်ကို Copernicus ၏ ဂြိုဟ်တုမှတ်တမ်းများအရ သိရသည်။ နှစ်ဆန်းပိုင်းက ထိုနေရာကို Apple Maps တွင် လေ့လာလျှင် အွန်လိုင်းငွေလိမ်အဆောက်အအုံ ၁၁၀ ထက်မနည်းကို တွေ့မြင်ရ သည်။ Mizzima သတင်းဌာနက စုံစမ်းရေးသားထားသော သတင်းတပုဒ်တွင် မေလက ၆၆၉၊ UK ၊ Xinhao Park၊ Tongda Park ၊ PK Park ၊ Galaxy International ၊ Baisheng ၊ Phoenix Parkနှင့် Hensheng Park အပါအဝင်နေရာ ၁၀ ခုကျော်မှ ကျားဖြန့်ဂိုဏ်းများသည် ဖာကျူး၊ သစ်ကတေကျေးရွာများသို့ ရွှေ့ပြောင်းအခြေချခဲ့သည်ဟု ဖော်ပြထား သည်။ ရွှေကုက္ကိုမြို့သစ်မှ လုပ်ငန်းအချို့သည် ကျောက်ခက်၊ မယ်လ၊ ဝေါလေနှင့် ဘုရားသုံးဆူဒေသများသို့ ရွှေ့ပြောင်းလုပ်ကိုင်လာကြသည်။ DKBA ထိန်းချုပ်ထားသော ကျောက်ခက်ဒေသတွင်လည်း ထိုလုပ်ငန်းများ ပိုမိုကြီးထွားလာသည်ဟု သတင်းရင်းမြစ်များထံက သိရသည်။
ကရင်ပြည်နယ် မြဝတီမြို့နယ်တွင် ကျားဖြန့်လုပ်ငန်းများ၏ လွတ်မြောက်နယ်မြေအဖြစ် ကာလရှည် အသုံးတော်ခံခဲ့သည့် ရွှေကုက္ကိုမြို့ တနေရာ။ (ဓာတ်ပုံ- Myanmar Now)
မယ်လဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းသည် ရွှေကုက္ကိုမြို့သစ်၏ မြောက်ဘက်တည့်တည် ၂၇ မိုင်ခန့်အကွာ ထိုင်း- မြန်မာ နယ်စပ်အနီးတွင် တည်ရှိသည်။ မယ်လဆိုက်ဟု လူသိများသော ကျားဖြန့်ခြံဝင်းအတွင်း ရိုက်ကူးထားသည်ဟုဆိုသော ရုပ်သံမှတ်တမ်းတခုတွင် နိုင်ငံခြားသားများနှင့် အရေအတွက် ၁၀၀ ခန့်ရှိသည့် စားပွဲတင်ကွန်ပျူတာများကို တွေ့မြင်ရသည်။ ထိုနေရာကို အစားအသောက် ပို့ဆောင်ရသော အမျိုးသမီးတဦးက ရုပ်သံမှတ်တမ်းတွင် တွေ့ရသည့်အတိုင်း နိုင်ငံခြားသားများစွာရှိကြောင်း အတည်ပြုသည်။ ထို့အပြင် စစ်တပ်နှင့် BGF တို့ ပူးပေါင်းစီးနင်းခဲ့သော ရွှေကုက္ကိုမြို့သစ်တွင်လည်း ကျားဖြန့်လုပ်ငန်းများ ဆက်လက် လည်ပတ်လျက်ရှိသည်ဟု သတင်းအရင်းအမြစ်များက ပြောသည်။ ထိုင်းနိုင်ငံဘက်ကလာသည့် အင်တာနက်၊ လျှပ်စစ်မီး ဝန်ဆောင်မှုများ ဖြတ်တောက်ခံထားရပြီးနောက်တွင် ငွေလိမ်လုပ်ငန်းများက ဆိုလာ၊ မီးစက်နှင့် Starlink တို့ကို အစားထိုးသုံးကြသည်။ ရွှေကုက္ကိုမြို့အတွင်း လုပ်ငန်းဆက်လည်ပတ်နေသည့် နေရာများထဲတွင် ကျောက်ဖျာ ရပ်ကွက် (၂)၊ ရထိုက် အမှတ် (၆)ရပ်ကွက်တို့ ပါဝင်သည်ဟု ငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်နေသူများက ပြောသည်။ ယခင်နယ်စပ်တလျှောက်တွင် အထိုင်ချထားသော ကျားဖြန့်လုပ်ငန်းများသည် လူသူအရောက်နည်းပါးလှသည့် ဒေါနတောင်တန်းဘက်ရွေ့ပြောင်းသွားခြင်းမှာ နိုင်ငံတကာ၊ သတင်းမီဒီယာနှင့် လူ့အခွင့်အရေးအဖွဲ့များ၏ စောင့်ကြည့်မှု၊ အာရုံစိုက်မှုကို လျှော့ချလိုခြင်းကြောင့် ဖြစ်နိုင်သည်ဟု စောင့်ကြည့်လေ့လာသူများက ခန့်မှန်းသည်။ မော်လမြိုင်၊ ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများသို့ ပြောင်းရွှေ့သွားသူများလည်း ရှိသည်၊ ရန်ကုန်တွင် အခြေချမည့် ကျားဖြန့်ဂိုဏ်းတခုက သားကောင်ကို အွန်လိုင်းတွင် ရုပ်လုံးပြပြောဆိုပေးနိုင်မည့် ဝန်ထမ်း လိုအပ်နေသည်ဟု အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသားတဦးထံက သိရသည်။ “ရန်ကုန်မှာကို ရှိတယ်လေ၊ မော်ဒယ်လာရှာခိုင်းသေးတယ်၊ အရင်ပတ်က” ဟု ၎င်းက ပြောသည်။ ယခုနှစ် နှစ်ဆန်းပိုင်းက ရန်ကုန်သို့ ရွှေ့လာသော ကျားဖြန့်လုပ်ငန်းရှိသည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သော သတင်းအရင်းအမြစ်တဦးကလည်း ပြောသည်။ စစ်အစိုးရက ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်တွင် အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီးရှစ်ဦးပါသော အဖွဲ့တခုကို ဖမ်းဆီးခဲ့ကြောင်း၊ ကွန်ဒိုတိုက်ခန်းတခုကို တလလျှင် သိန်း ၇၀ နှုန်းဖြင့် ငှားရမ်းကာ ငွေလိမ်လုပ်ငန်း လုပ်ကိုင်ခဲ့ကြောင်း ဇွန်လ ၁၈ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။ အထက်ပါ သတင်းအရင်းအမြစ်ကလည်း ထိုအစုအဖွဲ့သည် နယ်စပ်ဒေသမှ တိမ်းရှောင်လာသောသူများ ဖြစ်သည်၊ ငွေလိမ်လုပ်ငန်းလုပ်ကိုင်ရန် လုပ်သားရှာပေးသူများ စုပေါင်း၍ အရင်းအနှီး စိုက်ထုတ်ကာ ငွေလိမ်လုပ်ငန်းများကို ပြန်လည် လည်ပတ်လာကြခြင်းဖြစ်သည်ဟု ပြောသည်။ မေလကလည်း အာဏာပိုင်တို့က မန္တလေးမြို့တွင် တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူနှစ်ဦးကို လိုက်လံရှာဖွေခဲ့သည်။ တရုတ်နိုင်ငံတွင် ငွေလိမ်လည်မှုများ ကျူးလွန်ပြီး တိမ်းရှောင်နေသူ ၁၀၀ ထဲတွင် ပါဝင်နေသည်ဆိုသော ထိုနှစ်ဦးကို ခြေရာခံရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ဟိုတယ်များကို အကြောင်းကြားထားသည်။
ကျားဖြန့်လုပ်ငန်းတွင် အဓမ္မခိုင်းစေခံနေရသည် ဆိုသူများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်က မြဝတီမြို့မှတဆင့် ထိုင်းဘက်သို့ လွှဲပြောင်းနေစဉ်။ (ဓာတ်ပုံ- AFP)
ထိုင်း- မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းခွင်အချို့ကို ဝင်ရောက်စီးနင်းပြီးနောက်တွင် အာဏာပိုင်တို့က ၎င်းတို့ အလိုရှိသော၊ ငွေလိမ်ဂိုဏ်းနှင့် ဆက်စပ်မှုရှိနိုင်သော တရုတ်နိုင်ငံသားများ၏ အမည်နှင့် နိုင်ငံကူးလက်မှတ် နံပါတ်များကို မကြာခဏ ပေးပို့လာတတ်သည်ဟု မန္တလေးမြို့ တည်းခိုခန်း၊ ဟိုတယ်လုပ်ငန်းတို့နှင့် နီးစပ်သူအမျိုးသားတဦးက ပြောသည်။ စက်တင်ဘာလဆန်းပိုင်းတွင် ငွေလိမ်လုပ်ငန်းနှင့်ဆက်စပ်သည့် ဖမ်းဆီးရမိမှုကြီးတခု ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကို ကိုးကား၍ သတင်းများတွင် ဖော်ပြထားကြသည်။ မဟာအောင်မြေမြို့နယ်အတွင်း နေရာနှစ်ခုတွင် ငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ သုံးဆယ်ကျော်ကို ကွန်ပျူတာများ၊ လက်ကိုင်ဖုန်း ၅၀၀ ကျော်တို့နှင့်အတူ ဖမ်းဆီးရမိသည်ဟု သတင်းများက ဆိုသည်။
ဒုစရိုက်နွံထဲ ဆွဲခေါ်ခံနေရသည့် မြန်မာလူငယ်များ
ကျားဖြန့်လုပ်ငန်းအတွက် ဝန်ထမ်းစုဆောင်းမှုနှင့် ပတ်သက်သည်ဟု ယူဆရသော ကြော်ငြာများကို လမ်းဘေးတွင်သာမက အွန်လိုင်းတွင်လည်း မကြာခဏ တွေ့ရတတ်သည်။ ယမန်နှစ်က TikTok ၊ Facebookနှင့် Telegram တို့တွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့ခဲ့ရသည့် ကြော်ငြာတခုမှာ မြဝတီမြို့တွင် ပြုလုပ်မည့် ကွန်ပျူတာသင်တန်း ဖြစ်ပြီး ခုနစ်ရက်အတွင်း စာစီစာရိုက် ကျွမ်းကျင်စေမည်။ လစာကျပ် သိန်း ၂၀ ကျော်ရနိုင်သည့် အလုပ်အကိုင် ချိတ်ဆက်ပေးမည်ဟု ဖော်ပြထားသည်။ Tiktok တွင် တွေ့ရသည့် မြဝတီမြို့ ကွန်ပျူတာ သင်တန်းကြော်ငြာ ရုပ်သံတခုတွင်လည်း “မနက် ၉နာရီကနေ ညနေ ၄ နာရီအထိကို လုပ်ငန်းနဲ့ပတ်သက်တာတွေသင်တယ်။ ညပိုင်းကို လက်ကွက်ကျင့်တယ်၊ တနေကုန် သင်ပေးတဲ့ သင်တန်းလေး”ဟု ရေးသားထားသည်။ အဆိုပါ ရုပ်သံတွင် အသက် ၁၈ နှစ်မှ ၃၀ အတွင်း လူငယ်အချို့ အခန်းငယ်တခုတွင် လက်ပ်တော့နှင့် စာရိုက်နေသည်ကို တွေ့ရသည်။ Tik Tok ပလက်ဖောင်းတွင်“မြဝတီမြို့ ကွန်ပျူတာသင်တန်း”ဟူသော ကွန်ပျူတာသင်တန်းကြော်ငြာရုပ်သံ ၅၀ ထက်မနည်း ရှိနေသည်။ ကြော်ငြာပါသင်တန်းများသည် တရားဝင်မှတ်ပုံတင်ကာ ဖွင့်လှစ်ခြင်း မဟုတ်ကြောင်း၊ ကျားဖြန့်လုပ်ငန်းအတွက် လုပ်သားအသစ် ရှာဖွေလိုခြင်းသာ ဖြစ်နိုင်ကြောင်း မြဝတီမြို့ခံများ၊ သင်တန်းတက်ရောက်ဖူးသူများက ပြောကြသည်။ ရုပ်သံအချို့တွင်မူ သင်တန်းပြီးပါက လစာ ၁၅ သိန်းထက်မနည်းသော ကုမ္ပဏီအလုပ်သွင်းပေးသည်ဟု ပေါ်ပေါ်ထင်ထင် ကြော်ငြာထားသည်ကိုလည်းတွေ့ရသည်။ ကွန်ပျူတာသင်တန်း တက်ရောက်ပြီးနောက် ငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်နေသူအမျိုးသားတဦးက ထိုသင်တန်းများသည် ကျားဖြန့်လုပ်ငန်းအတွက် လုပ်သားစုဆောင်းသူများ (HR များ)နှင့် အချိတ်အဆက် ရှိသည်ဟု ပြောသည်။ “ကွန်ပျူတာသင်တန်းနဲ့ HR တွေ နဲ့ ချိတ်ထားတယ်။ ပိုက်ဆံကို ပြန်ခွဲယူတယ်။ အင်တာဗျူးမှာ ပါတဲ့ဟာတွေ သင်ပေးတယ်” ဟု သူက ပြောသည်။ စစ်ကိုင်း၊ မကွေး၊ ရှမ်းပြည်နယ်၊ ရန်ကုန်နှင့် မန္တလေးဒေသတို့မှ လူငယ်အများအပြားသည် စစ်သားသစ် စုဆောင်းခံရမှုနှင့် စစ်ရေးပဋိပက္ခများကို ရှောင်ရှားလိုခြင်း၊ အလုပ်အကိုင်ရရှိလိုခြင်း၊ ပြည်ပထွက်ရန် ခက်ခဲလာခြင်းတို့ကြောင့် နယ်စပ်ဒေသသို့ရောက်ရှိလာပြီးနောက်တွင် အဆိုပါ သင်တန်းများမှတဆင့် ကျားဖြန့်လုပ်ငန်းခွင်နှင့် ပတ်သက်လာကြသည်။ အချို့ကလည်း အလုပ်ခေါ်စာများမှတဆင့် ရောက်လာကြခြင်းဖြစ်သည်။ Telegram တွင် မြန်မာဘာသာ၊ တရုတ်ဘာသာစကားများဖြင့် ဖော်ပြထားသော ကျားဖြန့်လုပ်ငန်း အလုပ်ခေါ်စာ ချန်နယ်တရာထက်မနည်းရှိသည်ကို တွေ့ရှိရသည်။ မြဝတီမြို့အပါအဝင် ကျောက်ခက်၊ သစ်ကတေ၊ ဝေါလေ၊ ရွှေကုက္ကိုတို့တွင် လုပ်ကိုင်ရန် ဖိတ်ခေါ်ထားသည်။ Telegram ချန်နယ်တခုစီတွင် ကျားဖြန့်လုပ်ငန်း အလုပ်ခေါ်စာ၊ စလော့ဂိမ်းကြော်ငြာ နှစ်ထောင်ထက် မနည်းရှိသည်ကို တွေ့ရသည်။ ချန်နယ်များတွင် အလုပ်ခေါ်စာများကို မိနစ်အနည်းငယ်သာခြား၍ အလိုအလျောက် ပို့စ်တင်သည့်စနစ် (Automation Script) ကို အသုံးပြု၍ လုပ်သားသစ် စုဆောင်းလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ကျားဖြန့်လုပ်ငန်းက လစာ ၁၅ သိန်းပေးမည်ဟူသောမက်လုံးမှာ အလုပ်လိုအပ်သူ အများအပြားအတွက် စွဲဖက်ဖွယ်ဖြစ်နေသည်ဟု ရွှေကုက္ကိုနှင့် ကျောက်ခက် အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ဖူးသူ အသက် ၂၅ နှစ်အရွယ်အမျိုးသားတဦးက ပြောသည်။ “ပေါ်တာဆွဲတာကြောင့်ရယ်၊ နိုင်ငံရေးမငြိမ်တာကြောင့်ရယ်… ကျွန်တော်တို့ ရန်ကုန်မှာ လုပ်တယ်ဆိုရင် သုံးသိန်း၊ လေးသိန်း၊ အများဆုံး ခြောက်သိန်းထိပေါ့။ ဟိုဘက်ကို သွားလုပ်မယ်ဆိုရင် ၁၅ သိန်း အနည်းဆုံးရတယ်”ဟု ထိုအမျိုးသာက ဆိုသည်။ ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့နယ်တကြောရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်သားအများစုသည် မြန်မာလူငယ်များနှင့် လူကုန်ကူးမှုကြောင့် ရောက်ရှိလာသော တရုတ်၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ အိန္ဒိယနှင့် အရှေ့လယ်ပိုင်းဒေသများမှ နိုင်ငံခြားသားများနှင့် လည်ပတ်နေသည်ဟု အထက်ပါ အမျိုးသားက ပြောသည်။ ငွေလိမ်ဂိုဏ်းများတွင် မိသားစုစားဝတ်နေရေး ကျပ်တည်းမှုများကြောင့် ရောက်ရှိလာသူများရှိသကဲ့သို့ အွန်လိုင်းငွေလုပ်ငန်းများသည် အလုပ်အကိုင်အခွင့်လမ်းတခုကဲ့သို့ မှတ်ယူခြင်းနှင့် လုပ်ခလစာများပြားခြင်း များကြောင့် ရောက်ရှိသည့် လူငယ်များလည်းရှိသည်ဟု အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် ခေါ်ဆောင်ပေးခဲ့ဖူးသူ အမျိုးသားတဦးက ပြောသည်။ “လစာများလို့၊ လိမ်ရမှာကို သိသိကြီးနဲ့ လုပ်ခဲ့တယ်။ တချို့အင်တာဗျူးတွေကြည့်ဖူးတယ် ဖိအားတခုခုကြောင့် ဒါမှမဟုတ် လိမ်ခေါ်ခံရတာမျိုး လုံးဝမဟုတ်ဘူး။ ကျွန်တော်ပြောချင်တာက လစာများလို့ ရွေးချယ်ပြီး လုပ်ခဲ့ကြတာ။ ကျွန်တော်ဆို အခု အပြင် HR လုပ်တယ်။ တရုတ်သူဌေး အပတ်အသက်တွေကို လူထည့်ပေးတာ။ ကျွန်တော် လုပ်ခဲ့တဲ့ကုမ္ပဏီဆို ရုရှားမော်ဒယ် Real face သုံးတာ သူ့ဆို ပြန်ပေးဆွဲထားတာလေ။ ကိုယ့်သဘောနဲ့ ကိုယ်လာတာက ပါကစ္စတန်၊ သီရိလင်္ကာ၊ အိန္ဒိယ”ဟု သူက ဆိုသည်။ စစ်တပ်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှစတင်၍ အွန်လိုင်းငွေလိမ်ဂိုဏ်းတိုက်ဖျက်ရေးစင်တာတခုကို စတင်တည်ထောင်ရန် ပြင်ဆင်ခဲ့ သည်။ စစ်အစိုးရလက်ထက် ယခုနှစ် လွှတ်တော်တွင် အွန်လိုင်းငွေလိမ်မှုများကြောင့် ထိခိုက်နစ်နာမှုများကို တားဆီးကာကွယ်ရေး၊ ငွေကြေးဆိုင်ရာအဖွဲ့အစည်းများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများ၊ အစိုးရများကြား သတင်းအချက်အလက်ဖလှယ်နိုင်ရေး စသည့်အချက်များပါသော ဥပဒေတရပ်ကိုပြဋ္ဌာန်းနိုင်ရန် တင်ပြဆွေးနွေးမည် ဟု သိရသည်။ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ငါးနှစ်ကျော်ကာလအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းများ နိုင်ငံတဝန်းပျံ့နှံ့ပြီးနေချိန်မှ စစ်ဗိုလ်ချုပ်များ၏ လွှတ်တော်က ထိုသို့စီစဉ်နေခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု လေ့လာသူများက ဆိုသည်။ ကျားဖြန့်ရာဇဝတ်မှုကို လိုလိုလားလား ကျူးလွန်လိုသူများ ရှိနေသည်အထိ အခြေအနေဆိုးနေကြောင်း အွန်လိုင်းငွေလိမ်လုပ်ငန်းများကို စုံစမ်းဖော်ထုတ်ရေးသားနေသည့် အလွတ်တန်းသတင်းထောက် (ကို)ဟန်ထူးဇော်က ပြောသည်။ “ဒါတွေဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေနဲ့ ဆက်စပ်နေပါတယ်။ ဒါပေမဲ့ ဆင်းရဲတာ၊ အလုပ်မရှိတာက တခြားလူတယောက်ကို လိမ်လည်ဖို့ အကြောင်းပြချက်တခုတော့ မဖြစ်သင့်ပါဘူး။ ပိုပြီးစိုးရိမ်ဖို့ကောင်းတာက လူငယ်တချို့အကြား ဒီအလုပ်ကို ရာဇဝတ်မှုတခုထက် လစာကောင်းတဲ့အလုပ် တခုလို မြင်လာတာပါ”ဟု (ကို)ဟန်ထူးဇော်က မှတ်ချက်ပြုသည်။ အဆိုပါ ရာဇဝတ်မှုကို မြန်မာလူမှုအသိုင်းအဝိုင်းက ပိုမိုလက်ခံလာမည်ဆိုပါက ငွေလိမ်လုပ်ငန်းထက် ပိုမိုရှုပ်ထွေးသော လူမှုရေးပြဿနာများဖြစ်ပေါ်လာနိုင်သည်ဟု သူက သုံးသပ်သည်။
ဆက်လက်ရှင်သန်နေသည့်အကြောင်းရင်း
အွန်လိုင်းငွေလိမ်လုပ်ငန်းများ ပိုမိုအမြစ်တွယ်၊ ပိုမိုပျံနှံ့လာခြင်းများသည် မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေးနှင့် ဒုစရိုက်နယ်ပယ်တွင် အပြောင်းအလဲများ ဖြစ်လာစေနိုင်သည်ဟု နိုင်ငံတကာအဖွဲ့အစည်းများနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို စောင့်ကြည့်လေ့လာနေသူများက ပြောသည်။ ငွေလိမ်လုပ်ငန်းများ ပိုမိုကျယ်ပြန့်လာသည်နှင့်တပြိုင်နက် တရားမဝင်စီးပွားရေးလုပ်ငန်း ပိုမို များလာခြင်း၊ လူငယ်ထုနှင့် အနာဂတ်မြန်မာလူမှုအဖွဲ့အစည်း ပြိုကွဲနိုင်ခြင်း၊ ဒုစရိုက်ကွန်ရက်များ ပေါင်းစည်းခြင်း၊ AI အသုံးပြု၍ မသမာသည့်လုပ်ငန်းများတွင် အသုံးပြုခြင်း၊ လက်နက်ကိုင်အဖွဲ့ အချင်းချင်း အပြန်အလှန်ပိုမိုမှီခိုမှု ပိုမိုနက်ရှိုင်းခြင်းများ ရှိလာနိုင်ကြောင်း Center For Strategic and International Studies (CSIS) နှင့် UNDOC တို့၏ ထုတ်ပြန်ချက် နှင့် သုတေသနစာတမ်း တို့တွင် ဖော်ပြထားသည်။ ကျားဖြန့်ဂိုဏ်းများက မြန်မာပြည်တွင်းကိုလည်း ပစ်မှတ်ထားလာသည်ဟု (ကို)ဟန်ထူးဇော်က ပြောသည်။ “ဒါက နိုင်ငံခြားသားတွေကိုပဲ လိမ်တဲ့ ပြဿနာတခုမဟုတ်တော့ပါဘူး။ မြန်မာပြည်သူတွေရဲ့ နေ့စဉ်ဘဝထဲကို တဖြည်းဖြည်း ဝင်ရောက်လာတဲ့ ပြဿနာဖြစ်ပါတယ်။ ပထမဆုံးက ငွေကြေးဆုံးရှုံးမှုပါ။ ဒုတိယက လူမှုယုံကြည်မှု ပျက်စီးလာတာပါ။ Facebook ကနေ မိတ်ဆွေဖြစ်လာတဲ့သူကို မယုံရဲတော့ဘူး၊ ဖုန်းဝင်လာတဲ့အခါ မကိုင်ရဲတော့ဘူး” ဟု (ကို)ဟန်ထူးဇော်က ပြောသည်။ “Online Shopping ၊ Banking ၊ Investment စတဲ့ ဒီဂျစ်တယ်ဝန်ဆောင်မှုတွေကို သံသယဖြစ်လာမယ်” AI နည်းပညာဖြင့် အသံ၊ ဓာတ်ပုံနှင့် ရုပ်သံဗီဒီယိုအတုများပြုလုပ်၍ ငွေတောင်းခံခြင်းများ၊ လူကုန်ကူးမှုနှင့် အကြမ်းဖက်မှုများ၊ ငွေလိမ်ဂိုဏ်းများတွင် အတင်းအဓမ္မခိုင်းစေမှု၊ ခြိမ်းခြောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် ငွေကြေးခဝါချမှုများ ဆက်လက်ဖြစ်လာမည်ဟု သူက သုံးသပ်သည်။ စစ်တပ်က ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ မြဝတီမြို့နယ်ရှိ ရွှေကုက္ကို၊ ဖလူးကြီး၊ မင်းလက်ပံ၊ KK Park စသည့်နေရာများမှ ငွေလိမ်လုပ်ငန်းအဆောက်အအုံများကို ဝင်ရောက်စီးနင်း၍ ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများကို ဖမ်းဆီးခြင်း၊ အဆောက်အအုံများကို ဖြိုချဖျက်ဆီးခြင်းသတင်းများ ဆက်တိုက်ထုတ်ပြန်လာခဲ့သည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်က ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ KK Park အွန်လိုင်းလိမ်လည်မှုစင်တာတခု ဖြိုခွင်းအပြီး တွေ့ရသော စစ်တပ်တာဝန်ရှိသူများနှင့် ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ- စစ်တပ်ထိန်းချုပ် MOI)
သို့သော် အောက်ခြေဝန်ထမ်းများသာလျှင် အဖမ်းခံရပြီး ငွေလိမ်လုပ်ငန်း ဦးဆောင်နေသူများ လွတ်မြောက်နေဆဲဖြစ်သည်မှာ မေးခွန်းထုတ်စရာဖြစ်လာသည်။ ရွှေကုက္ကိုမြို့ လုပ်ငန်းများကိုစီးနင်းမှု၊ ဖုန်းနှင့် လုပ်ငန်းသုံးကွန်ပျူတာများ သိမ်းဆည်းမှုများမှာ ဟန်ပြလုပ်ရပ်သာဖြစ်သည်ဟု ကျားဖြန့်လုပ်ငန်းတွင် လုပ်ကိုင်နေသူအမျိုးသမီးတဦးက ပြောသည်။ “ဖုန်းတွေ ကွန်ပျူတာတွေ၊ Laptop တွေ ဘယ်သူရလဲဆိုတော့ ဝင်စစ်တဲ့ ရဲတွေ၊ စစ်သားတွေ သူတို့က အများဆုံး လက်ဝါးကြီးအုပ်သိမ်းသွားတာ။ စစ်တပ်က ဖျက်ဆီးပြတယ်ဆိုတာ ဖုန်းမကောင်းတဲ့ အပေါစားတွေ ဈေးတော်တော်ပေါနေတဲ့ရိုးရိုး Iphone 7 တွေ ဘာတွေပဲ လမ်းတွေမှာ ကြိတ်ဖျက်ဆီးပြတာ” ဟု အထက်ပါအမျိုးသမီးက ပြောသည်။ ဇူလိုင်လ ၂၇ ရက်တွင် စစ်တပ်က မြဝတီမြို့နယ် ဖလူးကြီး၊ မင်းလက်ပံဒေသကို စီးနင်းကာ ငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၆၃၁ဦး၊ ထိုင်းနိုင်ငံသား သုံးဦး၊ မြန်မာနိုင်ငံသား ၁၄၃ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း၊ KNU နှင့် ပူးပေါင်းတပ်ဖွဲ့များက ထိုသူများကို အကာအကွယ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဇူလိုင်လ ၃၁ ရက်တွင် KNU က ထိုစွပ်စွဲချက်ကို ပယ်ချလိုက်ပြီး ဖလူးလေးတောင်ကြောရှိ အဆိုပါ အွန်လိုင်း ငွေလိမ်ခြံဝင်းများသည် DKBA စစ်ဦးစီးအရာရှိချုပ်က ကြီးကြပ်သော ငွေလိမ်ဂိုဏ်းခြံဝင်းများသာ ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန် ၍ တုံ့ပြန်ထားသည်။ နိုင်ငံတကာမှ အလုပ်အကိုင်ရှာဖွေသူများ ထိုင်းမြန်မာနယ်စပ်မျဉ်းနှင့်ကပ်လျက် ကျားဖြန့်အဆောက်အအုံများတွင် ကျွန်ပြုခိုင်းစေခံရခြင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးကို ပစ်မှတ်ထား အွန်လိုင်းငွေလိမ်မှု အကြီးအကျယ် ပြုလုပ်နေခြင်း တို့ကို လက်နက်ကိုင်အဖွဲ့များက အကာအကွယ် ပေးထားကြောင်း သိရှိသွားသည့် ထိုင်းနှင့် နိုင်ငံတကာအစိုးရများကလည်း တုံ့ပြန်အရေးယူခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် DKBA ၏ ထိပ်တန်းအရာရှိကြီးများဖြစ်သော စောစတီး၊ စောဆန်းအောင်၊ စိုင်းကျော်လှနှင့် စောစိန်ဝင်းတို့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ပစ်မှတ်ထား ပိတ်ဆို့အရေးယူခဲ့သည်။ ယခုနှစ် ဇူလိုင်လတွင် ဥရောပသမဂ္ဂ(EU)က DKBA ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်ကြီး စောစတီး၏ သား စောအဲ့လယ်ထူး၊ စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်နှင့် ဗိုလ်မှူးချုပ် စောဆန်းအောင်တို့ကို ပိတ်ဆို့ အရေးယူခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံအထူးစုံစမ်းစစ်ဆေးရေးဌာန(DSI)နှင့် ထိုင်းနိုင်ငံပြစ်မှုဆိုင်ရာ တရားရုံးက ကရင်နယ်ခြားစောင့်တပ် အမှတ်(၄) တပ်နယ်မှူးနှင့် ၁၀၂၂ တပ်ရင်းမှူးဖြစ်သည့် ဗိုလ်မှူး စောမုတ်သုန်ကို လူကုန်ကူးမှုများဖြင့် ဖမ်းဆီးရန် ဇူလိုင်လ ၂၈ ရက်က ထုတ်ပြန်ထားသည်။ ထိုင်းအစိုးရသည်လည်း နယ်စပ်တလျှောက်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများရှိနိုင်သည့် နေရာများကို ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ အင်တာနက်၊ ရေ၊ ကုန်စည်ဖြတ်တောက် ပိတ်ပင်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလပိုင်းတွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာန၏ လက်ထောက်ဝန်ကြီး Mr. Liu Zhongyi ကိုယ်တိုင် ထိုင်း- မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း မဲဆောက်မြို့ထိ လာရောက်၍ အနီးကပ်ကြည့်ရှု ခဲ့သည်။ ယင်းကဲ့သို့ ကမ္ဘာအင်အားကြီးနိုင်ငံကြီးများ အင်တိုက်အားတိုက်လုပ်ဆောင်နေသော်လည်း ငွေလိမ်ဂိုဏ်းများ ပျောက်ကွယ်မသွားခြင်းသည် တိုးတက်လာသော နည်းပညာများကို အသုံးပြု၍ နိုင်ငံတကာ၏ ပိတ်ဆို့မှုများကို ရှောင်ရှားနိုင်ခြင်း၊ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့အများအပြားက အကာအကွယ် ပေးထားခြင်း၊ တရားဥပဒေစိုးမိုးမှု မရှိခြင်းစသည့် အချက်များကြောင့်ဟု အလွတ်တန်းသတင်းထောက် (ကို)ဟန်ထူးဇော်က ထောက်ပြသည်။ “အောက်ခြေမှာ ဖုန်းကိုင်ပြီး ငွေလိမ်လည်နေတဲ့ လူ ၁၀၀ ကို ဖမ်းပြီး နောက်ကွယ်မှာ ငွေကြေးထောက်ပံ့သူ၊ ပိုင်ရှင်၊ ကာကွယ်ပေးသူတွေ ဆက်ရှိနေမယ်ဆိုရင် နောက်လူ ၁၀၀ ကို ထပ်ခေါ်ပြီး လုပ်ငန်းပြန်စလို့ရပါတယ်” ဟု အထက်ပါ အလွတ်တန်းသတင်းထောက်က ထောက်ပြသည်။ “ငွေဘယ်ကိုသွားလဲ၊ လူတွေဘယ်လိုရောက်လာလဲ၊ ဘယ်သူကနည်းပညာပေးလဲ၊ ဘယ်သူက ကာကွယ်ပေးလဲ ဆိုတဲ့ ကွင်းဆက်တခုလုံးကို နိုင်ငံတွေကြား သတင်းအချက်အလက်မျှဝေပြီး တပြိုင်နက်တည်း ဖြိုခွဲနိုင်မှ ထိရောက်မယ်လို့ မြင်ပါတယ်”ဟု သူက ပြောလိုက်သည်။