အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရှေးဟောင်းမြို့တော် မြောက်ဦးရှိ မူလတန်းကျောင်း ဗုံးကြဲခံရပြီး ၂ ဦးသေဆုံး

စစ်လေယာဉ်က ဘုရားပုထိုးများပေါများသည့် မြောက်ဦးမြို့အရှေ့ဘက် မူလတန်းကျောင်းကို ညအချိန် ဗုံးကြဲခဲ့စဉ် အနီးရှိနေအိမ်များမှ တက္ကသိုလ်ကျောင်းသား/သူ နှစ်ဦး သေဆုံးပြီး ကလေးအပါအဝင် ရှစ်ဦး ဒဏ်ရာရသွားကြသည်။

ရှေးဟောင်းဘုရားစေတီပုထိုးများ အများအပြားရှိရာ ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ မူလတန်းကျောင်းနှင့် အနီးဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ယမန်နေ့ (နိုဝင်ဘာလ ၁၂ ရက်) ည ၉ နာရီခန့်တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားနှစ်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။

မြောက်ဦးမြို့အရှေ့ဘက် ကြက်စျေးရပ်ကွက်ရှိ မူလတန်းစာသင်ကျောင်းနှင့် လူနေထိုင်ရာအိမ်များ၊ အနီးဝန်းကျင်ရှိ ဘုန်းကြီးကျောင်း ကျောင်းဆောင်နှှင့် သိမ်တို့ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့ပြီး တက္ကသိုလ်ကျောင်းသားများဖြစ်သော မနုနုဝင်း (အသက် ၂၃ နှစ်)နှင့် ကိုဇော်ဟိန်းသူ (အသက်၂၀ နှစ်)တို့ သေဆုံးခဲ့သည်။

လူသေဆုံးသည့်အပြင်  အသက် ခုနစ်နှစ်နှင့် ၆၁ နှစ်အရွယ်ကြား ဒေသခံရှစ်ဦးလည်း ဒဏ်ရာရရှိသွားပြီး အရေးပေါ် ဆေးကုသနေရသည်ဟု မြောက်ဦးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“စာသင်ကျောင်းကိုလည်း (ဗုံး) ကျတယ်။ ပြီးရင် အဲဒီပတ်ဝန်းကျင်က အိမ်တွေကိုလည်းကျလို့ လူတွေ ထိခိုက်သွားကြတာ။ အိမ်တွေလည်း ပျက်စီးသွားတယ်။ အခု မြို့ထဲကလူတွေက တော်တော်လေး ကြောက်လန့်နေကြတယ်”ဟု ၎င်းက ဆိုသည်။ 

ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးသွားသည့် စာသင်ကျောင်းသည် ဂျပန်အရပ်ဘက်အဖွဲ့အစည်းတစ်ခု ဖြစ်သော Bridge Asia Japan (BAJ) အဖွဲ့က ဆောက်လုပ်လှူဒါန်းထားခြင်းဖြစ်သည်ဟု မြို့ခံများအဆိုအရ သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြီးခဲ့သည့်ရက်များတွင် စစ်လေယာဥ်များက မြောက်ဦးမြို့ပတ်ဝန်းကျင်၌ နေ့စဥ်နီးပါး ကင်းထောက်ပျံဝဲခဲ့ ပြီးနောက် ယခုကဲ့သို့  လေကြောင်းဗုံးကြဲမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ဆိုကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်ကလည်း မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်ရှိ ယာယီဆေးကုခန်းတစ်ခုကို ဗုံးကြဲခံရပြီး မွေးကင်းစအရွယ်ကလေးတစ်ဦးအပါအဝင် ငါးဦးသေဆုံးကာ ကိုးဦးဒဏ်ရာရရှိခဲ့သည်။

အလားတူ နိုဝင်ဘာလ ၅ ရက်ကလည်း မြောက်ဦးမြို့နယ် နန်းကျားရွာကို ဗုံးကြဲခဲ့သောကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသေဆုံးကာ ဒေသခံ ၁၂ ဦးဒဏ်ရာရရှိသွားသည်။ ယမန်နှစ် ဒီဇင်ဘာလကလည်း မြောက်ဦးမြို့ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အဆင့်ဆေးရုံကြီး ဗုံးကြဲခံရပြီး သုံးလသား အပါအဝင် စုစုပေါင်း ၃၃ ဦး သေဆုံးခဲ့ပြီး ၇၆ ဦး ဒဏ်ရာရခဲ့သည်။သည်။

စစ်တပ်က ယခုနှစ်ဆန်းမှစတင်၍ နိုင်ငံအနှံ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ရခိုင်ဒေသကို ဩဂုတ်လမှစတင်၍ နေ့စဉ်နီးပါး ဗုံးကြဲခဲ့ပြီး အထူးသဖြင့် စက်တင်ဘာလဆန်းမှစတင်၍ လေကြောင်း တိုက်ခိုက်မှုများ အပြင်းထန်ဆုံးဖြစ်လာခဲ့သည်။

နိုဝင်ဘာလ ၁၂ ရက်ညပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် မြောက်ဦးမြို့ စာသင်ကျောင်း မြင်ကွင်း။ (ဓာတ်ပုံ- ပြည့်ဖြိုးနိုင်)

အာဏာသိမ်းစစ်တပ်က စာသင်ကျောင်းများ၊ ဘာသာရေးနှင့် ကျန်းမာရေးအဆောက်အအုံများ၊ လူနေထိုင်ရာ ကျေးရွာများစသည့် အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်နေမှုများကြောင့် ကလေးသူငယ်များ အပါအဝင် အရပ်သားသေဆုံးထိခိုက်မှုများ ဖြစ်ပေါ်နေသည်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က မြန်မာနိုင်ငံ စစ်ရေးပဋိပက္ခအတွင်း စာသင်ကျောင်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာနေရာတို့ လေကြောင်း တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ယခုလဆန်းတွင် ထုတ်ပြန်ခဲ့သော်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ မရပ်တန့်ခဲ့ပေ။ ရက်ပိုင်းအတွင်းမှာပင်  နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း ကနီနှင့် တန့်ဆည်မြို့နယ်တို့ရှိ စာသင်ကျောင်းများကို နှစ်ရက်ဆက် ဗုံးကြဲခံရပြီး ကနီမြို့နယ်တွင် သေဆုံးသူ ၁၁ ဦး ရှိခဲ့ကာ အများစုမှာ ကလေးများ ဖြစ်ကြသည်။

အရပ်ဘက်အဖွဲ့တစ်ဖွဲ့ဖြစ်သော ဉာဏ်လင်းသစ်သုတေသနအဖွဲ့ က ယခုနှစ်  ဇူလိုင်လမှ စက်တင်ဘာလအထိ သုံးလအတွင်း နိုင်ငံတဝန်း၌ လူငါးဦးနှင့် အထက်သေဆုံးခဲ့သည့် အရပ်သားအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဥ်ပေါင်း ၂၃ ခု ဖြစ်ပွားခဲ့ကြောင်း၊ အရပ်သားသေဆုံးသူ စုစုပေါင်း ၂၀၇ ဦး ရှိကြောင်း ယမန်နေ့က ထုတ်ပြန်သည်။ 

ထိုသေဆုံးမှုများမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးဖြစ်ပြီး စစ်တပ်၏ စစ်ကြောင်းထိုး ဝင်ရောက်စဉ် သတ်ဖြတ်မှုကြောင့်  ဒုတိယအများဆုံးဖြစ်ခဲ့ကာ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့တွင် အများဆုံးဖြစ်ပေါ်ခဲ့သည်ဟု ဖော်ပြထားသည်။ 

မြောက်ဦးသာမက ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်ကလည်း ပေါက်တော(ဝီရဌာနီ)မြို့နယ်၊ အနောက်ရဲ ရိုဟင်ဂျာဒုက္ခသည်စခန်းကို ဗုံးကြဲခဲ့ရာ ၁၄ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦး သေဆုံးသွားသည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးများ၊ အရပ်သားသေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခြင်းနှင့် ပတ်သက်၍ စစ်တပ်က တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။ 

လက်ရှိတွင် စစ်တပ်နှင့် အာရက္ခတပ်တော်(AA)တို့သည် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တွေမြို့နယ် မင်းချောင်းတံတား (ဒေသအခေါ် အမြင့်ကျွန်းတံတား) အနီး၊ ရွှေမင်းဂံဆိပ်ကမ်းအနီးနှင့် ပေါက်တော (ဝီရဌာနီ)မြို့နယ် ငပြီကျွန်းတို့တွင် တိုက်ပွဲဖြစ်ပွားနေသည်။ အလားတူ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းအနီးတွင်လည်း တိုက်ပွဲဖြစ်နေသည်။ 

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှစတင်သော အာရက္ခတပ်တော်(AA)၏ ထိုးစစ်အတွင်း ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် မြောက်ဦး၊ ပေါက်တော(ဝီရဌာနီ)မြို့နယ် အပါအဝင် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ AA သည် ရခိုင်ပြည်နယ်ရှိ ကျန်ရှိသည့် လက်ကျန် သုံးမြို့ဖြစ်သော စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ကိုလည်း ၂၀၂၇ ခုနှစ်မတိုင်ခင် သိမ်းပိုက်ရန် မျှော်မှန်းထားသည်။ 

ဗုံးထိမှန်ထားသော မြောက်ဦးမြို့ မူလတန်းစာသင်ကျောင်းနှင့် စာသင်ခန်းအတွင်းပိုင်းတို့ကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ- ပြည့်ဖြိုးနိုင်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles