စစ်မှုထမ်းရန်အသက်ပြည့်မီလာမည့် အထက်တန်းကျောင်းသူကျောင်းသားလူငယ်များ စစ်တပ်ကို ထောက်ခံပြီး တော်လှန်ရေးတပ်ဖွဲ့များကို ပါဝင်မကူညီနိုင်စေရေး ကျောင်းသင်ရိုးမှတဆင့် ဝါဒမှိုင်းတိုက်ရန် စစ်တပ်က ကြိုးစားလာသည်။
ပြည့်သူ့စစ်မှုထမ်းဥပဒေခေါင်းစဉ်အောက်တွင် အသက် ၁၈နှစ်ပြည့် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းရန် တာဝန်ရှိကြောင်းကို သင်ရိုးညွှန်းတမ်းထဲတွင် အတိအလင်းဆိုထားသည်။
စစ်တပ်က အကြမ်းဖက်အဖြစ် ခေါ်ဝေါ်သုံးစွဲသည့် တော်လှန်ရေးတပ်ဖွဲ့များတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် ကူညီဆောင်ရွက်ခြင်းပြုပါက ပြစ်မှုပြစ်ဒဏ်များဖြင့် ထောင်ဒဏ်ချမှတ်နိုင်ကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ခေါင်းစဉ်အောက်တွင် ထည့်သွင်းထားသည်။
စစ်တပ်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် PDFတို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသလို စစ်အုပ်စုကိုလည်း NUG က အကြမ်းဖက်အုပ်စုအဖြစ် အပြန်အလှန်သတ်မှတ်ထားကြသည်။
အကြမ်းဖက်အဖြစ် စစ်တပ်က ပုံဖော်သုံးစွဲသည့် တော်လှန်ရေးတပ်ဖွဲ့များတွင် ပါဝင်စေရန် စည်းရုံးသိမ်းသွင်းခြင်း၊ ဝါဒဖြန့်ခြင်း၊ စုဆောင်းခြင်း၊ ခိုလှုံခွင့်ပေးခြင်း၊ လွတ်မြောက်ရန် ထိမ်ချန်ခြင်းတို့ကို ပြုလုပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)အရ အနည်းဆုံးထောင်ဒဏ် သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိ ချမှတ်ခြင်းခံရမည်ဟု ဥပဒေအသိပညာသင်ရိုးညွှန်းတမ်းတွင် ဖော်ပြထားသည်။
အထက်တန်း သင်ရိုးညွှန်းတမ်းပါ ဥပဒေအသိပညာဘာသာရပ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ကူညီပတ်သက်ပါက အရေးယူခံရမည့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတို့ကို ထည့်သွင်းခြင်းသည် လူငယ်များကြား ဝါဒဖြန့်ရန် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာ သိမ်းပြီးနောက် နို်င်ငံရေးအမှုများကို ကူညီပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ အမျိုးသားတစ်ဦးက ပြောသည်။
“ဥပဒေအသိပညာက ရေရှည်ကောင်းဖို့ မျိုးစေ့ချတာမဟုတ်ဘဲနဲ့ ကလေးတွေကို တစ်ဖက်ဖြစ်နေတဲ့ (တော်လှန်ရေး) အဖွဲ့အစည်းနဲ့ မပတ်သက်၊ မဆက်နွှယ်နိုင်အောင် တားမြစ်ချက်လုပ်တာပဲ”ဟု ၎င်းက ဆိုသည်။
နောင်လာမည့် မျိုးဆက်များသည် စစ်တပ်ကို တော်လှန်ဆန့်ကျင်ခြင်း မပြုရန်အတွက် စစ်တပ်အုပ်ချုပ်ရေး အောက်တွင်ရှိနေသည့် လူငယ်မျိုးဆက်များကို တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ပါက ပြစ်မှုမြောက်ကြောင်းစသည့် အကြောက်တရားများရိုက်သွင်းသည်ဟု ယူဆကြောင်း ၎င်းက ဆိုသည်။
“စစ်တပ်ကို တော်လှန်တဲ့သူမပေါ်လာနိုင်အောင် လုပ်တာလို့လည်း မြင်တယ်” ဟု ဆက်ပြောသည်။
အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ကို ဆန့်ကျင်သည့် တော်လှန်ရေးတပ်ဖွဲ့များထံ ပြည်သူများက ငွေကြေးလှူဒါန်း၍ဖြစ်စေ၊ ထောက်ခံ၍ဖြစ်စေ၊ PDF ဂိမ်းများကို ဆော့လျှင်ဖြစ်စေ ထောင်ဒဏ်ချမှတ်၍ ပြင်းပြင်းထန်ထန်အရေးယူလေ့ရှိသည်။
Grade 12 “ဥပဒေအသိပညာ” ကျောင်းသင်ရိုးညွှန်းတမ်းထဲတွင် အခန်း(၈)ခန်းနှင့် စာမျက်နှာ ၁၅၄ မျက်နှာပါ ရှိသည်။
အဆိုပါ သင်ရိုးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေမိတ်ဆက်၊ မြန်မာဓလေ့ထုံးတမ်းဥပဒေ၊ ရာဇသတ်ကြီး၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေတို့ ပါဝင်သည်။
၂၀၂၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် “ဥပဒေအသိပညာ” သင်ရိုးညွှန်းတမ်းသင်ကြားမှုဆိုင်ရာတို့ကို စစ်အုပ်စု၏ ပညာရေးဝန်ကြီးဌာန လက်အောက်ခံကျောင်းနှင့် ပုဂ္ဂလိကကျောင်းတို့တွင် သင်ကြားစေရန် အဆိုပါကျောင်းတို့မှ ဆရာ၊ ဆရာမများကို စစ်တပ်လက်အောက်ခံ ဥပဒေဝန်ကြီးဌာနက သင်တန်းပို့ချပေးခဲ့သည်။ ၎င်းတို့က တဆင့် ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်ပို့ချပေးရကြောင်း နေပြည်တော် ပျဉ်းမနားမြို့နယ်မှ ထိုသင်တန်းကို တက်ရောက်ခဲ့သူ အသက် ၄၀ ကျော်အရွယ် ကျောင်းဆရာတစ်ဦးက ပြောသည်။
အသက် ၁၆ နှစ်မှ ၁၈နှစ်ကြား Grade 10၊ 11၊ 12 အထက်တန်းပညာရေးသင်ကြားနေသည့် ကျောင်းသားကျောင်းသူများကို “ဥပဒေ အသိပညာ” သင်ရိုးညွှန်းတမ်းကို သင်ကြားစေခဲ့သော်လည်း ၂၀၂၆ ခုနှစ်တွင် Grade 11၊ 12 အတန်းများကိုသာ သင်ကြားပေးရကြောင်း ၎င်းကဆိုသည်။
“ဥပဒေအသိပညာ” သင်ရိုးညွှန်တမ်းစာအုပ်ကို ဆရာ၊ ဆရာမများက သင်ကြားပေးသော်လည်း ကျောင်းသား၊ ကျောင်းသူများထံ အဆိုပါ စာအုပ်ကိုပေးအပ်ခြင်း မရှိဟု ၎င်းက ရှင်းပြသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများပါဝင်သည့် ဥပဒေ အသိပညာ သင်ရိုးညွှန်းတမ်းကို သင်ကြားမှုသည် နှစ်နှစ်နီးပါးကြာမြင့်ပြီဖြစ်သော်လည်း ကျောင်းသား၊ ကျောင်းသူများကြားတွင် ပျံ့နှံ့မှုနှင့် စိတ်ဝင်စားမှု နည်းပါးသည်ဟု ကျောင်းဆရာနှင့် မိဘများကပြောသည်။
ဥပဒေ အသိပညာ သင်ရိုးညွှန်တမ်းပါ သင်ခန်းစာများကို Grade(10၊ 11၊ 12) အတန်းများအလိုက် သင်ခန်းစာခေါင်းစဉ်မျာခွဲခြား၍ တစ်နှစ်လျှင် စာသင်ချိန်၂၄ ချိန် သင်ကြားပို့ချလျက်ရှိသည်ဟု စစ်တပ် လက်အောက်ခံ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးနေမျိုးလှိုင်က အောက်တိုဘာလ ၂ရက် ပြည်သူ့လွှတ်တော်တွင် ပြောဆိုခဲ့သည်။
၂၀၂၆-၂၇ ပညာသင်နှစ်မှစတင်၍ Grade( 10၊ 11၊ 12) အတန်းပညာကို လေ့ကျင့်ပေးမည့် တပ်မတော် လူငယ်ပညာရေး သင်တန်းကျောင်းဖွင့်လှစ်သင်ကြားမှုများလည်းရှိလာပြီး ကျောင်းသားသစ်များကိုလည်း ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၄ ရက်တွင် စစ်တပ်ထိန်းချုပ်မြဝတီသတင်းစာမှတဆင့် ခေါ်ယူခဲ့သည်။ တပ်မတော်လူငယ်ပညာရေး သင်တန်းကို ရန်ကုန်နှင့် နေပြည်တော်တို့တွင် ဖွင့်လှစ်မည် ဖြစ်သည်။
တပ်မတော်လူငယ်ပညာရေး သင်တန်းတက်ရောက်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်သူများသည် တပ်မတော်ဆိုင်ရာ တက္ကသိုလ်နှင့် သိပ္ပံများသို့ တက်ရောက်နိုင်ပြီး ကွန်ပျူတာ ဒီပလိုမာ တပ်ကြပ်ကြီး၊ စာရေးသင်တန်းနှင့် တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်း၌ ဖွင့်လှစ်သည့် တတိယအဆင့် ဆေးလက်ထောက်သင်တန်း(အထူး)သို့ လျှောက်ထားခွင့်ရှိကြောင်း ပါရှိသည်။
အာဏာသိမ်းပြီးနောက် တိုင်းပြည်အနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်တပ်သည် စစ်သားသစ်လိုအပ်ချက် ကြီးကြီးမားမားရှိနေပြီး ယင်းအတွက် အခိုင်အမာပြင်ဆင်နေခြင်းဖြစ်သည်။ အထက်တန်းပညာရေး အပါအဝင် တက္ကသိုလ်ပညာရေးတို့တွင် စစ်တပ်အလိုကျရေးဆွဲထားသည့် သင်ရိုးညွှန်းတမ်းဖြင့် ဖြစ်စေ၊ အခြေခံစစ်သင်တန်းများပေး၍ဖြစ်စေ လူငယ်လူရွယ်များကို ဝါဒမှိုင်းတိုက်လျက်ရှိသည်။
စစ်အာဏာရှင်စနစ် ခိုင်ခိုင်မာမာခြေကုပ်ယူနိုင်ရေးအတွက် စစ်အုပ်စုက နည်းလမ်းပေါင်းစုံဖြင့် အားထုတ်ကြိုးပမ်းနေပြီး ၎င်းတို့၏ အာဏာရမ္မက်တွင် လူငယ်လူရွယ်များ၏ အနာဂတ်လည်စင်းပေးနေရသည်။
စစ်တပ်၏ ဝါဒမှိုင်းဖြန့် အစီအစဉ်များအနက် တစ်ခုဖြစ်သည့် နေပြည်တော် စစ်သမိုင်းပြတိုက်သို့ ကျောင်းသူကျောင်းသားများ လည်ပတ်လေ့လားရေး အစီအစဉ်ကိုလည်း စစ်တပ်က အကောင်အထည်ဖော်လျက်ရှိပြီး ရာနှင့်ချီသည့် ကျောင်းသူကျောင်းသားများသည် ထိုအစီအစဉ်တွင် ပါဝင်ခဲ့ပြီးဖြစ်သည်။ အဆိုပါ စစ်သမိုင်းပြတိုက်လေ့လာရေး အစီအစဉ်ကို စစ်တပ်၏ လမ်းညွှန်မှုဖြင့် ဖော်ဆောင်ခြင်းဖြစ်သည်။
၂၀၂၆ခုနှစ် အောက်တိုဘာလတွင် ထွက်ပေါ်ခဲ့သည့် ရုပ်သံဖိုင်မှတ်တမ်းများအရ မကွေးတိုင်း မကွေးတက္ကသိုလ်ကျောင်းသားများကို စစ်သင်တန်းပေးနေသည်ကိုလည်း တွေ့ရှိရသည်။ စစ်တပ်နှင့်နီးစပ်သည့် ဆရာတော်အရှင်ဆေကိန္ဒ၏ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်းရွာတွင် ဖွင့်လှစ်ထားသည့် ဓမ္မဒူတလူငယ်ကျောင်း၌ အရွယ်မရောက်သေးသည့် ကလေးသူငယ်များကို စစ်ရေးပြသင်တန်းများ လေ့ကျင့်သင်ကြားပေးနေသော ရုပ်သံဖိုင် ၂၀၂၆ ခုနှစ် အောက်တိုဘာလ လဆန်းပိုင်းခန့်က လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
စစ်တပ်လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် သေနတ်ပစ်နှင့် လက်နက်ကိုင်သင်တန်းများ သင်ကြားပေးပြီး အုပ်ချုပ်ရေးမှူးများကိုလည်း စစ်တပ်က လက်နက်သင်တန်းများပေးနေသည်ဟု ၎င်းတို့ထံက စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်တွင် စစ်ခေါင်းဆောင် လက်မှတ်ထိုး၍ တစ်ဖက်သတ် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် လူငယ်လူရွယ်များကို တပ်သားသစ်အဖြစ် စစ်တပ်က အတင်းအကျပ် စုဆောင်းနေသည်။ အပတ်စဉ်တစ်ခုလျှင် လူဦးရေ ၅,၀၀၀ စီစုဆောင်း၍ စစ်သင်းတန်းဖွင့်လှစ်သည်ဟု ကြေညာထား သဖြင့် ယခုနှစ် အောက်တိုဘာလ စစ်မှုထမ်းအပတ်စဉ် ၂၉ အထိ စစ်မှုထမ်းအင်အား ၁၄၅,၀၀၀ ခန့် ခေါ်ယူထားပြီး ဖြစ်သည်ဟုနားလည်ရသည်။
နိုင်ငံတဝန်း ရင်ဆိုင်နေရသည့် ပြည်တွင်းစစ်ကို ကျော်လွှားနိုင်ရေးတွင် စစ်တပ်အင်အားတောင့်တင်း ခိုင်မာရန် လိုအပ်သည်ဟု ဒုတပ်ချုပ်ကျော်စွာလင်းက ပြောကြားထားပြီး စစ်တပ်၏ တပ်သားလိုအပ်ချက်ဖြည့်တင်းရန်နှင့် ဝါဒမှိုင်းသည် လူငယ်လူရွယ်များ၏ ကျောင်းစာသင်ခန်းထဲတွင် အခိုင်အမာ ခြေကုပ်ယူလာနေပြီဖြစ်သည်။
ယခင် စစ်အစိုးရခေတ်ကလည်း ထိုင်းနိုင်ငံနှင့် ဆက်ဆံရေး တင်းမာနေချိန်တွင် ထိုင်းဆန့်ကျင်ရေးကို အထက်တန်းကျောင်းသင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းခဲ့ဖူးသည်။



