လာမည့်နှစ် ၂၀၂၇ တွင်လည်း အလှည့်ကျမီးပေးသည့်စနစ် ဆက်ရှိနေမည်ဖြစ်ပြီး တရက်လျှင် ၂၄ နာရီလျှပ်စစ်မီး ရရန်အတွက် နှစ်၂၀ ခန့်စောင့်ရဦးမည်ဟု အာဏာသိမ်း စစ်အစိုးရခန့် လျှပ်စစ်ဒုဝန်ကြီးက နေပြည်တော်၌ ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားလိုက်သည်။
၂၀၂၇ နွေရာသီတွင် တနိုင်ငံလုံးအတိုင်းအတာအရ လျှပ်စစ်လိုအပ်ချက်သည် ၅၀၁၀ မဂ္ဂါဝပ်ရှိမည်ဟု ခန့်မှန်းထားပြီး ထိုလိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နိုင်မည်ဟု စစ်အစိုးရ၏ လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီး ဦးအေးကျော်က ပြောသည်။
လျှပ်စစ်မီးသုံးစွဲသူများလိုအပ်သည့် လျှပ်စစ်ဓာတ်အားကိုပြည့်မီအောင် မထုတ်လုပ်နိုင်ကြောင်း ၎င်းကဝန်ခံခဲ့ပြီး တရက်လျှင် ၂၄ နာရီလျှပ်စစ်မီး ရရန်အတွက် နှစ်၂၀ ခန့်ကြာမည့် လျှပ်စစ်ထုတ်လုပ်ဖြန့်ချိရေး စီမံချက်များကို စောင့်ရဦးမည်ဟုလည်း ၎င်းကဆိုသည်။ လက်ရှိတွင် ၂၀၃၅- ၃၆ နှင့် ၂၀၄၅- ၄၆ အထိရည်မှန်းထားသည့် စီမံချက်များကို ရေးဆွဲနေသည်ဟုလည်းဆိုသည်။
အခြားတဖက်တွင် ရေအားလျှပ်စစ်ကိုသာ မှီခိုနေရသည့် မြန်မာနိုင်ငံတွင် နျူကလီယား ဓာတ်အားပေးစက်ရုံတည်ဆောက်မည့်နေရာကို ရုရှားအစိုးရပိုင် နျူကလီယား ကော်ပိုရေးရှင်း (Rosatom)နှင့် ညှိနှိုင်းဆွေးနွေးနေပြီဟုလည်း ၎င်းကဆိုသည်။
စုစုပေါင်း ဓာတ်အား ၁၁၀ မဂ္ဂါဝပ် ထွက်ရှိမည့် ၅၅ မဂ္ဂါဝပ် ဓာတ်ပေါင်းဖို နှစ်လုံးအတွက် နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ရုရှားပိုင် Rosatom နှင့် နေရာညှိနှိုင်းနေပြီး လာမည့် ၂၀၂၈-၂၀၂၉ ခုနှစ်အတွင်း စတင်ဖွယ်ရှိကြောင်း၊ ၂၀၃၅- ၂၀၂၃၆ ဘဏ္ဍာနှစ်မတိုင်မီ ပြီးစီးနိုင်မည်ဟု မျှော်မှန်းကြောင်း ဦးအေးကျော်က ပြောသည်။
အကောင်အထည်ဖော်မည့် နေရာကို ဦးအေးကျော်က အတိအကျ မပြောသော်လည်း စစ်တပ်နှင့်နီးစပ်သူများ၏ အဆိုအရ စစ်ဗိုလ်ချုပ်များအခြေစိုက်ရာ နေပြည်တော်တွင် တည်ဆောက်ဖွယ်ရှိသည်ဟု သိရသည်။
ရုရှားနှင့် ပူးပေါင်းလုပ်ဆောင်မည့် အသေးစားမော်ဂျူလာဓာတ်ပေါင်းဖို(SMR) စီမံကိန်းအရ အဆင့်မြင့်နျူကလီယားဓာတ်ပေါင်းဖိုအား အမြန်ဆုံး အကောင်အထည်ဖော်ရန် ရှိ၊ မရှိ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အမတ် ဦးမောင်မောင်စိုး က ယနေ့(နိုဝင်ဘာလ ၁၁ ရက်) ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းစဉ် လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီးက ထိုစီမံကိန်းအခြေနေကို ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။
နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ(IAEA) ၏ လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ရန်လိုအပ်သည့်အတွက် Rosatom နှင့် ညှိနှိုင်းနေကြောင်းလည်း ဦးအေးကျော်က ဆိုသည်။
Rosatom ဘက်ကမူ လာမည့်နှစ် ၂၀၂၇တွင် စီမံကိန်းစတင်မည်ဟု World Nuclear News (WNN) က ယခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်တွင် ထုတ်ပြန်ထားသည်။
မြန်မာတွင် နျူကလီယားစက်ရုံဆောက်မည့် သဘောတူညီချက်ကို အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ၂၀၂၅ ခုနှစ် မတ်လအတွင်းက ရုရှားခရီးစဉ်တွင် ထိုစီမံကိန်းအတွက် မူဝါဒဆိုင်ရာ နှစ်ဖက်သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ဆောက်လုပ်ရေးမစမီ မြေပြင်တိုင်းတာရေးနှင့် အင်ဂျင်နီယာဆိုင်ရာ ကနဦးစစ်ဆေးဆန်းစစ်မှု (Initial Engineering Surveys) စာချုပ်ကို ယခုနှစ်အကုန် လက်မှတ်ရေးထိုးရန် ပြင်ဆင်နေပြီး ၂၀၂၇ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ရန် Rosatom ဘက်က မျှော်မှန်းထားသည်ဟု Rosatom ၏ သတင်းထုတ်ပြန်ရေးဌာနဖြစ်သော Atom Media ကလည်း ယမန်နှစ် စက်တင်ဘာလ ၂၆ ရက်တွင် ထုတ်ပြန် ထားသည်။
ရုရှားနှင့် စစ်အုပ်စု နှစ်ဖက်သဘောတူညီချက်လက်မှတ်ရေးထိုးထားမှုအရ မြန်မာနိုင်ငံတွင် ဓာတ်ပေါင်းဖိုငယ်နှစ်ခု (Small Modular Reactors-SMR) ပါဝင်သည့် ၁၁၀ မဂ္ဂါဝပ် စီမံကိန်း တစ်ခု တည်ဆောက်မည်ဖြစ်ကာ ၃၃၀ မဂ္ဂါဝပ် အထိ တိုးချဲ့နိုင်ရန် ရည်မှန်းထားသည်ဟု WNN အဆိုအရ သိရသည်။



