တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာအချို့ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ၎င်းတို့၏ အထူးဒေသ (၁) နယ်မြေများအဖြစ် သတ်မှတ်နေ၍ နှစ်ဖက်တပ်အကြား ပဋိပက္ခပြန်ဖြစ်ပွားမည်ကို စိုးရိမ်နေကြရသည်ဟု နမ့်ခမ်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်တွင် MNDAA တာဝန်ရှိသူအချို့က နမ့်ခမ်းမြို့နယ် မန်ကျားရွာဒေသခံများနှင့် တွေ့ဆုံ၍ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ကိစ္စများနှင့် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးဆိုင်ရာကိစ္စရပ်များ လာရောက်ဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံမှုတွင် ထိုကျေးရွာနယ်မြေများအား ၎င်းတို့၏ အထူးဒေသ (၁) နယ်မြေအဖြစ် ကိုးကန့်တပ် အာဘော် The Kokang က နိုဝင်ဘာလ ၉ ရက်တွင် ဖော်ပြခဲ့သည့်အပြင် အုပ်ချုပ်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လာခြင်းကြောင့် ယခင်က ကွတ်ခိုင်မြို့တွင် ဖြစ်ပွားခဲ့သည့် MNDAAနှင့် TNLA တို့အကြား ပဋိပက္ခမျိုး နမ့်ခမ်းဒေသတွင်ပါ ပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေခြင်း ဖြစ်သည်။
“ကွတ်ခိုင်တုန်းကလည်း ဒီလိုပဲ။ အစတုန်းက မဟာမိတ်အချင်းချင်း အုပ်ချုပ်တယ်ဆိုပြီး တိုက်ပွဲ ဖြစ်ခဲ့တာ။ အခု နမ့်ခမ်းကိုလည်း အထူးဒေသဆိုပြီး ပြောလာတော့ ကွတ်ခိုင်လို မဖြစ်ဘူးလို့ မပြောနိုင်ဘူးလေ” ဟု နမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ယခုနှစ် မတ်လ ၁၄ ရက်တွင် TNLA ထိန်းချုပ်ထားသည့် တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ကွတ်ခိုင်မြို့ကို MNDAA က ထိုးစစ်ဆင်တိုက်ခိုက်ပြီး ပြန်လည်သိမ်းပိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် TNLA သည် ကွတ်ခိုင်မြို့သာမက မြို့နှင့်ဆက်စပ်နေသည့် နမ့်ဖတ်ကာ- နမ့်ခမ်း လမ်းပိုင်းရှိ TNLA တပ်စခန်းများ၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ပန်ဆေးကျေးရွာနှင့် အနီးဝန်းကျင်ရှိ TNLA တပ်စခန်းများ၊ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် ကြူကုတ်(ပန်ဆိုင်း) မြို့တလျှောက် တပ်စခန်းများကို MNDAA ထံ လက်လွှတ်ခဲ့ရသည်။
အဆိုပါအခြေအနေနှင့်ပတ်သက်၍ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဆက်သွယ်မေးမြန်းရာ မှတ်ချက်ပေးရန် မရှိသေးကြောင်း ပြန်လည်ဖြေကြားထားသည်။
လတ်တလောတွင် MNDAA က ၎င်းတို့ဒေသထဲ ထည့်သွင်းထားသည်ဆိုသော မန်ကျားကျေးရွာသည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာနှင့် နမ့်ခမ်းမြို့အကြားတည်ရှိပြီး ယခင်က ပန်ဆေးပြည်သူ့စစ်အဖွဲ့ ထိန်းချုပ်ခဲ့သည့် ကျေးရွာများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
“၁၀၂၇ စစ်ဆင်ရေး”အတွင်း ပန်ဆေးပြည်သူ့စစ်၊ နမ့်ခမ်းမြို့မပြည်သူ့စစ်နှင့် ကွတ်ခိုင်မြို့မပြည်သူ့စစ် အပါအဝင် စစ်တပ်လက်အောက်ခံ ပြည်သူ့ စစ်အဖွဲ့ဝင်အချို့ MNDAA ထံ လက်နက်ချခဲ့ကြပြီးနောက် MNDAAနှင့် ပူးပေါင်း၍ ကွတ်ခိုင်မြို့နယ်အတွင်း ဆက်လက် လှုပ်ရှားနေကြသည်။
လက်ရှိတွင်လည်း နမ့်ခမ်းမြို့နယ် ပန်ဆေးကျေးရွာနှင့် နမ့်ဖတ်ကာ- နမ့်ခမ်းလမ်းပိုင်းရှိ ကျေးရွာအချို့၌ MNDAA တပ်ဖွဲ့လက်အောက်သို့ ဝင်ရောက်သွားသည့် ပန်ဆေးတပ်ဖွဲ့ဝင်များက ဆက်လက်တပ်စွဲထားဆဲ ဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။
“ပန်ဆေးရွာတဝိုက်မှာ တရုတ်လူမျိုးတွေနဲ့ လီဆူလူမျိုးတွေ နေထိုင်တဲ့ ရွာတွေရှိတယ်။ အဲဒီရွာတွေက ကိုးကန့်အောက် ရောက်သွားတာ။ နမ့်ဖတ်ကာအထွက် ၁၂ မိုင်နဲ့ ၁၃ မိုင်ကြားမှာလည်း ကိုးကန့်ဂိတ်က မဖြုတ်သေးဘူး။ ကိုးကန့်တပ်ဖွဲ့က အဲဒီရွာတွေမှာ လူထုတွေ့ဆုံပွဲတွေ လုပ်နေတာ။ TNLA ရှိတဲ့နေရာတော့ မဟုတ်ဘူး” ဟု နမ့်ဖတ်ကာကျေးရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
ပန်ဆေးကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများသည် ဘိန်းအဓိက စိုက်ပျိုးသည့် ဒေသများဖြစ်သည်။ MNDAA ၏ ထုတ်ပြန်ချက်တွင်လည်း တွေ့ဆုံပွဲအတွင်း ဒေသခံများကို ဘိန်းစိုက်ပျိုးခြင်း မပြုလုပ်ရန် အသိပေးခဲ့ကြောင်း ဖော်ပြထားသည်။
သို့ရာတွင် TNLA အုပ်ချုပ်သည့် နမ့်ခမ်းမြို့နယ်အတွင်း MNDAA က ဒေသခံများနှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်ကြောင်း ထုတ်ပြန်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ထို့အပြင် ဒေသအတွင်း အုပ်ချုပ်ရေးစနစ် ခိုင်မာအောင် ဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့်အတွက် TNLA နှင့် MNDAA တို့အကြား နယ်မြေထိန်းချုပ်ရေးဆိုင်ရာ သဘောထားကွဲလွဲမှုများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း တိုင်းရင်းသားအရေး လေ့လာသူ အချို့က သုံးသပ်သည်။
“ကိုးကန့်နဲ့ တအာင်းတပ်ကြားက နယ်မြေသတ်မှတ်မှု သဘောတူချက်တွေ ခိုင်မာရင်တော့ အခုကိစ္စက စိုးရိမ်စရာမဟုတ်ပါဘူး။ အဲဒီလိုမဟုတ်ရင်တော့ နောက်ပိုင်း ပဋိပက္ခတွေ ရှိလာနိုင်တာပေါ့ဗျာ”ဟု အမည် မဖော်လိုသည့် ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူတစ်ဦးက မှတ်ချက် ပြုသည်။
MNDAAနှင့် နီးစပ်သူအချို့ကမူ အဆိုပါကျေးရွာများသည် နမ့်ခမ်းမြို့နယ်အတွင်း ပါဝင်သော်လည်း ကွတ်ခိုင်တိုက်ပွဲအပြီး MNDAA တပ်ဖွဲ့က ထိန်းချုပ်ခွင့်ရရှိထားသည့် နယ်မြေများသာဖြစ်ကြောင်း ဆိုသည်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း တရုတ်- မြန်မာကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အချက်အချာကျသော ကွတ်ခိုင်မြို့ကို TNLA သိမ်းပိုက်ခဲ့ပြီး ကွတ်ခိုင်မြို့၏ အရှေ့မြောက်ဘက် မိုင် ၅၀ ခန့်အကွာရှိ တာမိုးညဲမြို့နှင့် အနောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ သိန္နီမြို့တို့ကို MNDAA က သိမ်းပိုက်ခဲ့သည်။ ကွတ်ခိုင်မြို့နယ်အတွင်းရှိ နမ့်ဖတ်ကာကျေးရွာကိုမူ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားပြီး မြို့ပေါ်ရပ်ကွက်တွင်လည်း KIA ၏ ဆက်ဆံရေးရုံး ဖွင့်လှစ်ထားသည်။
ထိုစစ်ဆင်ရေးမတိုင်မီတွင် ကွတ်ခိုင်နယ်မြေအများစုတွင် KIA တပ်မဟာ (၄) က စစ်ရေးလှုပ်ရှားပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မဟာ သုံးခုအခြေစိုက်သည်။ ကချင်ပြည်နယ်တွင် တပ်မဟာ ရှစ်ခု ရှိသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “ ၁၀၂၇ စစ်ဆင်ရေး” မတိုင်မီ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မဟာမိတ်အနေဖြင့် အတူလက်တွဲလှုပ်ရှားခဲ့ကြသည့် KIA၊ TNLA၊ MNDAA တို့သည် ထိုစစ်ဆင်ရေးအပြီး ဆက်ဆံရေး အပြန်အလှန်တင်းမာနေကြသည်။
MNDAA က ကွတ်ခိုင်မြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းနှင့် နမ္မတူမြို့တို့အထိ ဆက်လက် တိုက်ခိုက်လိုသော်လည်း အာရက္ခတပ်တော် (AA)နှင့် အခြား မဟာမိတ်အဖွဲ့များ၏ ကြားဝင်ညှိနှိုင်းမှုကြောင့် တိုက်ပွဲများ ရပ်တန့်သွားခဲ့သည်။
လက်ရှိတွင် MNDAA သည် ရှမ်းမြောက်ရှိ သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ တာမိုးညဲ၊ ကုန်းကြမ်း၊ ကွတ်ခိုင်မြို့နှင့်လားရှိုးမြို့နယ်တို့ကို ကွတ်ခိုင်ခရိုင်၊ သိန္နီခရိုင်၊ လောက် ကိုင်ခရိုင်နှင့် မုံးကိုးခရိုင်ဟူ၍ ခရိုင်လေးခုခွဲကာ အထူးဒေသ (၁) အဖြစ် အုပ်ချုပ်လျက်ရှိသည်။
တစ်ဖက်တွင် TNLA သည် “၁၀၂၇ စစ်ဆင်ရေး”တွင် နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုးမိတ်နှင့် မိုးကုတ်မြို့များကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
သို့သော် စစ်တပ်တန်ပြန်ထိုးစစ်ကြောင့် ပြီးခဲ့သည့်နှစ်အတွင်း တရုတ်နယ် စပ်ကုန်သွယ်ရေးလမ်းကြောင်း ပေါ်ရှိ နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့တို့ကို လက်လွှတ်ခဲ့ရသည့်အပြင် တရုတ်၏ ဖိအားပေးမှုကြောင့် မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကိုလည်း စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရသည်။ MNDAA ထံလည်း ကွတ်ခိုင်ကို လက်လွှတ်ခဲ့ရသည်။
TNLA အနေဖြင့် တအာင်းတိုင်းရင်းသားအများစုနေထိုင်သည့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သော နမ့်ဆန်နှင့် မန်တုံမြို့တို့အပြင် မိုးကုတ်၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ ကွတ်ခိုင်၊ လားရှိုး၊ မူဆယ်နှင့် နမ့်ခမ်းမြို့များကို “တအာင်းပြည်နယ်”အဖြစ် မကြာခဏ ထုတ်ဖော် ပြောဆိုလေ့ရှိပြီး အဆိုပါ မြို့များတွင် စစ်ဒေသများလည်း ဖွဲ့စည်းထားခဲ့သည်။
လက်ရှိတွင် TNLA အနေဖြင့် နမ့်ခမ်း၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့ တို့ကိုသာ ဆက်လက် ထိန်းချုပ်နိုင်ကာ တရုတ်နယ်စပ်ထွက်ပေါက်ရှိသော နမ့်ခမ်းမြို့နယ်သည် အရေးပါသော အခြေအနေ ဖြစ်နေသည်။
ယခုနှစ်လယ်က စစ်တပ်၏ ငြိမ်းချမ်းရေးကော်မတီ (NSPNC) နှင့် နေပြည်တော်၌ တွေ့ဆုံရာတွင်လည်း နမ့်ခမ်းမြို့ အပါအဝင် ၎င်းတို့ထိန်းချုပ်ဒေသများကို တအာင်းပြည်နယ်အဖြစ် သတ်မှတ်ပေးရန် TNLA ဘက်က တောင်းဆိုခဲ့သော်လည်း စစ်တပ်ဘက်ကမူ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှ ပေးထားသည့် နမ့်ဆန်၊ မန်တုံ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုသာ ပေးရန် လိုလားနေသည်။
TNLA အနေဖြင့် ပြည်နယ်ရရှိရေး လွှတ်တော်ကိုယ်စားလှယ်များမှတဆင့်သာ ဆောင်ရွက်ရမည်ဟု စစ်တပ်ဘက်က တုံ့ပြန်ထားသည်။



