အာဏာသိမ်းဗိုလ်ချုပ်များက မြန်မာနိုင်ငံတွင် လူသုံးအများဆုံးသော အွန်လိုင်းလူမှုကွန်ရက် မီဒီယာဖြစ်သည့် Facebook တွင် အကောင့်အတုများဖွင့်ကာ အုပ်စုလိုက် မှတ်ချက်များ (ကွန်မန့်များ) ရေးသားစေပြီး၊ ၎င်းတို့၏ ဝါဒဖြန့် စစ်ဆင်ရေးကို စနစ်တကျ ဆောင်ရွက်နေသည်ဟူသော အထောက်အထားများကို Myanmar Now သတင်းဌာနက ရရှိထားသည်။
အာဏာမသိမ်းခင်ကတည်းက စစ်တပ်သည် Facebook ကို အသုံးပြု၍ ဝါဒဖြန့်ခဲ့ကြောင်း ယေဘုယျသိရှိထားပြီးဖြစ်သည်။ သို့သော် ၎င်းတို့၏ ပုံရိပ် မြှင့်တင်ရေး၊ အတိုက်အခံအင်အားစုဟု ယူဆသူများကို ပြည်သူလူထု မနှစ်မြို့ကြောင်း ပုံဖော်သည့် စိတ်ဓာတ်စစ်ဆင်ရေးအတွက် ထိုသို့ ပြုလုပ်နေကြောင်း ခိုင်မာသည့်အထောက်အထားများ ပထမဆုံးအကြိမ်ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းပြီး ပေါ်ထွက်လာသည့် လူထုအုံကြွဆန္ဒပြမှုများနှင့် လက်နက်ကိုင် တော်လှန်ရေးတို့ ဖြစ်ပေါ်လာရခြင်း တစိတ်တဒေသသည် သတင်းမီဒီယာများကြောင့် ဖြစ်သည်၊ မသိနားမလည်သော လူငယ်လူရွယ်များ အင်တာနက်ပေါ်ရှိ မမှန်မကန် အချက်အလက်များကို ယုံလွယ်ခြင်းကြောင့်လည်း ဖြစ်သည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်း၏ ဝန်ကြီးအစည်းအဝေးများတွင် ကြိမ်ဖန်များစွာ ပြောကြားဖူးသည်။
ထို့အခြေအနေများကို တန်ပြန်ရန် စစ်တပ်သည် အာဏာသိမ်းပြီး တစ်နှစ်အကြာ ၂၀၂၂ နှစ်ကုန်ပိုင်းတွင် ‘မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန’ ဆိုသည့်အဖွဲ့ကို ပြန်ကြားရေးဝန်ကြီးဌာနတွင် ဖွဲ့စည်းခဲ့သည်။
ထိုဌာနသည် လက်ရှိတွင် ဝန်ထမ်းအင်အား ၅၀ ကျော်ဖြင့် လည်ပတ်နေပြီး Facebook နှင့် လူမှုကွန်ရက်မီဒီယာများတွင် အကောင့်တု အများအပြားဖွင့်ထားကြသော ၎င်းတို့၏ တာဝန်မှာ စစ်တပ်ကောင်းကြောင်း၊ တော်လှန်ရေးအဖွဲ့များ မကောင်းကြောင်း လိုက်လံ ရေးသား မှတ်ချက်ပြုရသည့် အလုပ်ဖြစ်သည်။
စစ်တပ်က ထိုလုပ်ငန်းအတွက် Facebook စာမျက်နှာကို အသုံးချခဲ့ကြောင်း လူမှုကွန်ရက်မီဒီယာများ၏ အခြေအနေကို သုတေသနပြုနေသည့် Myanmar Internet Project အဖွဲ့၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုသစ်ဉာဏ်က ဆိုသည်။
“စစ်တပ်က ဒီလိုအပြုအမူမျိုးတွေ အာဏာမသိမ်းခင်ကတည်းက လုပ်နေတာပါ၊ ဒါပေမယ့် လက်ဆုပ်လက်ကိုင် အထောက်အထားတွေတော့ မရှိဘူးပေါ့ဗျာ” ဟု ကိုသစ်ဉာဏ်က ပြောသည်။
“Facebook ကုမ္ပဏီအနေနဲ့ ကွန်မန့်မှတ်ချက်တွေကို လိုက်လံစိစစ်တဲ့ မူဝါဒမရှိဘူး၊ ကွန်မန့်မှတ်ချက်တွေကို စိစစ်ဖို့က အကောင့်ပိုင်ရှင်တွေနဲ့ Facebookစာမျက်နှာကို ကိုင်တွယ်ထားသူတွေရဲ့အလုပ်ပဲလို့ ကုမ္ပဏီက သဘောထား ထားတာလို့ပဲနားလည်တယ်။ ဒီလစ်ဟာချက်ကို အသုံးပြုပြီး စစ်တပ်က ကွန်မန့်ကမ်ပိမ်း ဝါဒဖြန့်ချိ လုပ်နေတာပါ”
၎င်းတို့၏ ဝန်ဆောင်မှုအား စစ်တပ်က တလွဲအသုံးပြုကာလှုပ်ဆောင်နေမှုနှင့် ပတ်သက်၍ ပေါ်ထွက်လာသည့် အထောက်အထားများအပေါ် မှတ်ချက်ပြုရန် Facebook ကိုပိုင်ဆိုင်သည့် Meta ကုမ္ပဏီအား Myanmar Now က ဆက်သွယ်ခဲ့သော်လည်း တစုံတရာအကြောင်းပြန်ကြားချက်မရရှိခဲ့ပေ။
စည်းရုံးရေးအသွင်ဆောင်ပြီး မန့်ရမည်
၂၀၂၁၊ အာဏာမသိမ်းမီကပင် စစ်တပ်က Facebook ၏ ဝန်ဆောင်မှုများသုံး၍ အုပ်စုလိုက်မရိုးသားသည့် လုပ်ဆောင်မှုများ Coordinated Inauthentic Behavior (CIB) ကျူးလွန်ထားကြောင်း Facebook က ကြေညာချက်များ တရားဝင် ထုတ်ပြန်ခဲ့သည်။ ၂၀၁၈ မှစ၍ Facebook က သတင်းဌာနများ၊ သာမန်အရပ်သားများ အသွင်ဆောင်ထားကြသော စစ်တပ်ထောက်ခံသည့် စာမျက်နှာများ၊ အကောင့်များ ဒါဇင်နှင့်ချီ ဖြုတ်ချခဲ့သည်။ မြန်မာနိုင်ငံရှိသုံးစွဲသူများကို ပစ်မှတ်ထားသော မရိုးသားသည့် အုပ်စုလိုက်လုပ်ဆောင်မှုများ Facebook တွင် ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် ၂၀၂၅ ခုနှစ်တွင်လည်း သင်္ကာမကင်းဖွယ် အကောင့်များ၊ စာမျက်နှာများကို ဖြုတ်ချခဲ့ကြောင်း Facebook၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြည်တွင်းစစ်ရပ်ရန်လှုံ့ဆော်ခြင်း၊ တော်လှန်ရေးအင်အားစုကို ဝေဖန်တိုက်ခိုက်ခြင်း၊ စစ်တပ် ထောက်ခံကြောင်း လှုံ့ဆော်ခြင်းများကို ထိုသင်္ကာမကင်းဖွယ် အကောင့်များ၊ စာမျက်နှာများက ပြုလုပ်ခဲ့သည်ဟု ယခုနှစ် ဖေဖော်ရီလကထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် Facebook ကဖော်ပြထားသည်။
Facebook ၏ ထုတ်ပြန်ချက်များတွင် ကင်းလွတ်နေသည်မှာ မှတ်ချက်ပေးသည့်စနစ်ကို အာဏာပိုင်အဖွဲ့စည်းများနှင့် ဆက်စပ်နေသူများက စနစ်တကျသုံးစွဲပြီး ဝါဒဖြန့်ချိရေးယန္တရား အဖြစ် အသုံးပြုသည့်ကိစ္စဖြစ်သည်။
ထိုလစ်ဟာချက်ကို မြန်မာစစ်တပ်က တွေ့ရှိသွားပုံရသည်။
လွန်ခဲ့သော နှစ်ပတ်ခန့်က စစ်ကောင်စီထိန်းချုပ်ထားသည့် ပြန်ကြားရေးဝန်ကြီးဌာန၏ ရုံးတွင်း စာရွက်စာတမ်းများ ပေါက်ကြားလာခဲ့သည်။ လျှို့ဝှက်ဟု ဖော်ပြထားသည့် အထက်ပါ ရုံးတွင်းစာများအနက် ပြန်ကြားရေးဝန်ကြီးဌာနက ပြည်ထောင်စုရာထူးဝန်အဖွဲ့ထံ ဇူလိုင်လ၊ ၁ရက်နေ့ ၊ ရက်စွဲဖြင့် ပေးပို့သည့် စာတစ်စောင်တွင် လစ်လပ်နေသော အရာရှိဝန်ထမ်းများ ခန့်ထားပေးရန် အကြောင်းကြားထားသည်ကို တွေ့ရသည်။
ခန့်အပ်မည့်အရာရှိများ၏ လုပ်ငန်းတာဝန်များမှာ “သတင်းတု၊ သတင်းမှား၊ လုပ်ကြံသတင်းများဖြင့် နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေရန်” အင်တာနက်ပေါ်တွင် လုပ်ကိုင်နေသော သတင်းမီဒီယာများ၏ သတင်းများကို တုံ့ပြန်ရန်နှင့် သုံးသပ်တင်ပြရန်ဟူ၍ဖြစ်သည်။
ထို့ပြင် သတင်းဌာနများ၏ ထူးခြားသတင်းများကို “စည်းရုံးရေးအသွင်ဆောင်သည့် မှတ်ချက် (Comment) များဖြင့် ပြန်လည်တုံ့ပြန်ခြင်း” များ ပြုလုပ်ရမည်၊ ထိုသို့ပြုလုပ်ရာတွင် Comment တုံ့ပြန်ချက်များမှာလည်း စစ်အုပ်စု၏ဩဇာခံဝန်ထမ်းအနေဖြင့် မဟုတ်ဘဲ ‘ပြည်သူမှပြည်သူသို့ မျှဝေသည့်ပုံစံ’ အသွင်ယူ ရေးသားရမည်ဟု တာဝန်တစ်ရပ်အနေဖြင့် ထည့်သွင်းထားသည်။

အရည်အချင်းသတ်မှတ်ချက်အရ ပြည်တွင်းတက္ကသိုလ်များမှ အင်္ဂလိပ်စာဖြင့် မဟာဝိဇ္ဇာဘွဲ့ရရှိသူများ၊ နိုင်ငံတကာဆက်ဆံရေးဘွဲ့ရရှိသူများ၊ သတင်းစာဘွဲ့ရရှိသူများနှင့် စိတ်ပညာဘွဲ့ ရရှိထားသူများကို ရွေးချယ်ခန့်မည်ဟုဆိုသည်။
အလုပ်ခန့်အပ်ခြင်းခံရပါက တစ်လလျှင် ကျပ် ၂၇၅,၀၀၀ လစာ ခံစားခွင့်ရှိမည် ဖြစ်သည်။ ထိုပမာဏသည် အမေရိကန်ဒေါ်လာ ၁၀၀ ပင် မပြည့်ပေ။
နေပြည်တော်ရှိ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးထံ Myanmar Now က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှတဆင့် အထက်ပါရာထူးများကို ခေါ်ယူထားသည်မှာ မှန်ကန်ကြောင်း ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဦးခင်မောင်ကြည်က ပြန်လည်ဖြေကြားသည်။ သို့သော် အသေးစိတ်ပြောကြားခြင်း မရှိပေ။
အာဏာသိမ်းစစ်တပ်က ကွန်မန့်လှုပ်ရှားမှုများအတွက် အမြဲတမ်း ဝန်ထမ်းသစ်များ ရှာဖွေနေသော်လည်း လုံလောက်သော လူအင်အားမရသဖြင့် စစ်တပ်မိသားစုဝင်များ၊ ကြံ့ခိုင်ရေးပါတီဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို နေ့စားလုပ်သားအဖြစ် ခေါ်ယူပြီး ထိုလှုပ်ရှားမှုများကို ဝန်ထမ်းအင်အား တစ်သောင်းဖြင့် လည်ပတ်ရန် ရည်မှန်းထားကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
ထိုကဲ့သို့ လူမှုကွန်ရက်ပေါ်တွင် ကွန်မန့်များရေးပြီး စစ်တပ်အတွက် ဝါဒဖြန့်ချိရေးစစ်ပွဲဆင်နွှဲရန် အလုပ်ခေါ်စာကို ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဝင်းကျော်အောင်ဆိုသူ လက်မှတ်ဖြင့် ယခုနှစ် ဇူလိုင်လ၊ ၁ ရက်နေ့၊ ရက်စွဲဖြင့် ဝန်ထမ်းရွေးချယ်ရေးအဖွဲ့ထံ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ထိုစာပါ အသေးစိတ်အချက်များအရ သိရှိရသည်။
ဝင်းကျော်အောင်မှာ မကြာသေးမီက မြန်မာစစ်တပ်နှင့် အမေရိကန်လော်ဘီကုမ္ပဏီ DCI တို့ ချုပ်ဆိုခဲ့သည့် စာချုပ်တွင် စစ်တပ်၏ ပြန်ကြားရေးဝန်ကြီးဌာနကို ကိုယ်စားပြုလက်မှတ်ရေးထိုးခဲ့သူဖြစ်သည်။ ထိုစာချုပ်သည် မြန်မာစစ်တပ်အပေါ် အမေရိကန်အစိုးရက ပိုမိုကောင်းမွန်သည့် အမြင်များဖြစ်ပေါ်လာရေးနှင့် အမေရိကန်နိုင်ငံ၏ ငွေကြေးအထောက်အပံ့များနှင့် ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာရေးဖြစ်သည်။
ကြိုးကိုင်သူများ
စစ်တပ်အတွက် ကွန်မန့်ကမ်ပိန်း လှုပ်ရှားမှုကို ကြိုးကိုင် ဦးဆောင်နေသူမှာ ပြန်ကြားရေးဝန်ကြီးဌာနတွင် ၂၀၂၂ က အသစ်ဖွဲ့စည်းလိုက်သည့် ‘မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန’ ၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသူ ဒေါ်သီတာတင် ဖြစ်သည်။
ဗိုလ်ချုပ်ကြီးဟောင်း သမ္မတသိန်းစိန်လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်ကြည်က သူ့အား ဝန်ကြီးဌာန၏ ထိပ်ပိုင်းရာထူးတစ်ခုကို ယူရန်ကမ်းလှမ်းသဖြင့် သူသည်အစိုးရဝန်ထမ်းဖြစ်လာကြောင်း ဒေါ်သီတာတင်က ရင်းနှီးသူများကို ထုတ်ဖော်ပြောဆိုဖူးသည်။

သူသည် ၂၀၁၀ နှင့် ၂၀၂၀ ခုနှစ်ကြားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ဦးဖြစ်ခဲ့ပြီး၊ သတင်းမီဒီယာများနှင့် ပတ်သက်သည့် ညီလာခံများ အခမ်းအနားများတွင် မကြာခဏတက်ရောက်ခဲ့သူဖြစ်သည်။
ထိုအခမ်းအနားများတွင် နိုင်ငံတကာအဖွဲ့အစည်းများက ပြည်တွင်းမီဒီယာများကို ငွေကြေးထောက်ပံ့မှုများအား ထိန်းချုပ်ကန့်သတ်ရန်နှင့် အနောက်နိုင်ငံမီဒီယာများက မြန်မာ့နိုင်ငံရေးကို ပုံဖျက်ရေးသားနေကြောင်း မကြာခဏပြောဆိုတတ်သူဖြစ်သည်။
၎င်း၏ ခင်ပွန်းမှာ စစ်အာဏာရှင်အဆက်ဆက် စစ်တပ်အတွက် ဝါဒဖြန့်ချိရေးလှုပ်ရှားမှုများတွင် ပါဝင်နေသူ တပ်မတော်အရာရှိဟောင်း ဦးကိုကိုလှိုင်ဖြစ်သည်။ ၎င်းသည် အာဏာရှင်ဟောင်းသန်းရွှေလက်ထက်တွင် စစ်တပ်ကို ကာကွယ်သည့် ရေးသားချက်များကို နိုင်ငံပိုင်သတင်းစာများတွင် ရေးသားခဲ့သူဖြစ်သည်။
ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် သမ္မတဖြစ်လာသည့်အခါတွင် ကိုကိုလှိုင်မှာ သမ္မတရုံးအကြံပေးဖြစ်လာပြီး၊ ၂၀၂၁ မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက်တွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး တစ်ဦး ဖြစ်လာခဲ့သူဖြစ်သည်။ ၎င်း၏ တာဝန်မှာ နိုင်ငံတကာသံအမတ်များနှင့် အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် စစ်တပ်၏ ပုံရိပ်ကို မြှင့်တင်ရန်ဖြစ်သည်။ (ကိုကိုလှိုင်၏ အကြောင်းအသေးစိတ်ရေးသားထားသည့် နာဂစ်ဒုက္ခသည်တွေကို ငပိရည်နဲ့ နိုင်ငံတကာအကူအညီလဲခိုင်းခဲ့တဲ့ စစ်ကောင်စီဝန်ကြီး ဆောင်းပါးအားဖတ်ရှုရန်)
Myanmar Now ၏ သတင်းရင်းမြစ်များအဆိုအရ ဒေါ်သီတာတင်သည် ဌာနတွင်းတွင်အဂတိလိုက်စားမှုများ ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် မကြာသေးခင်က ဌာနတွင်း တိုင်ကြားခံထားရသည်ဟုလည်း ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိဝန်ထမ်းထံမှ သိရသည်။
“ရာထူးတိုးတွေမှာ လာဘ်ပေးလာဘ်ယူတွေရှိလို့ အတိုင်ခံရတာလေ၊ အဲ့ဒါအကြီးကြီးပဲ။ သူ့ယောကျ်ားဝိတ်နဲ့ အုပ်ထားလိုက်လို့ ဘာမှမဖြစ်တာ။ ဝန်ကြီးကိုယ်တိုင်လည်း သိတယ်။ သူ့ယောကျ်ားဝိတ်နဲ့မို့ နှာစေးနေကြတာ။ အားလုံးလည်းသိတယ်” ဟု အထက်ပါ ပြန်ကြားရေးဝန်ထမ်းက ဆိုသည်။

မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စတင်ဖွဲ့စည်းစဉ်က ဝန်ထမ်းအင်အား ၆၀ ကျော် ရှိခဲ့သော်လည်း ဒေါ်သီတာတင်၏ ဦးဆောင်မှုကို မနှစ်မြို့သည့် အမြဲတမ်းဝန်ထမ်းအချို့ နုတ်ထွက်သွားသဖြင့် ယခုအခါ နေ့စားဝန်ထမ်းများအပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား ၅၀ ကျော်သာ ရှိတော့သည်ဟုလည်း သိရသည်။
နေ့စားဝန်ထမ်းများကို အနိမ့်ဆုံးလုပ်ခလစာဖြစ်သော တစ်ရက်လျှင် ကျပ် ၆၈၀၀ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ခန့်) သာပေး၍ ခိုင်းစေနေခြင်းဖြစ်သည်ဟု အထက်ပါ ပြန်ကြားရေးဝန်ထမ်းက ပြောကြားသည်။‘မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန’ ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်မှာ ယခင်က မြန်မာ့အသံရေဒီယိုဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဗိုလ်ကြီးဟောင်း ဦးဇေယျာဖြစ်ပြီး၊ ညွှန်ကြားရေးမှူးမှာ ဦးအောင်မျိုးသန့်နှင့် ဦးခင်မောင်ကြည် တို့ ဖြစ်ကြသည်။

မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဖွဲ့စည်းပုံအရ ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာတင်က အဓိကဦးဆောင်ပြီး ၎င်း၏ လက်အောက်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ရှိသည်။
၎င်းတို့အောက်တွင် စီမံအုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဌာနခွဲ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းရေးဌာနခွဲ၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲဟူ၍ ဌာနခွဲ သုံး ခု ဖွဲ့စည်းထားသည်။
ထိုဌာနခွဲ သုံး ခုအောက်တွင် ဌာနစုစုပေါင်း ကိုး ခု ရှိသည်။ မူဝါဒနှင့် သုတေသနဌာနစုက Facebook Comment ဖြင့် တန်ပြန်ဝါဒဖြန့်ချိရေးအတွက် အဓိက တာဝန်ရှိသည်။
မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နှစ်နှစ်မြောက်နှစ်ပတ်လည်ပွဲကို ယမန်နှစ်နိုဝင်ဘာက ကျင်းပခဲ့ရာလူပေါင်း ၅၀ ခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဝန်ကြီးဖြစ်သူ မောင်မောင်အုန်းနှင့် ဌာနကို ဦးဆောင်သူ ဒေါ်သီတာတင်တို့ တက်ရောက်ခဲ့သည်။ ထိုအခမ်းအနားကို စစ်တပ်ထိန်းချုပ်နိုင်ငံပိုင် သတင်းဌာနများတွင် ဖော်ပြခဲ့သည်။
ဌာနရုံးချုပ်မှာ နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးတွင် အခြေစိုက်ပြီး၊ အမှတ်(၃၇၉/၃၈၃)၊ ဗိုလ်အောင်ကျော်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင်လည်း ရုံးခွဲဖွင့်ထားသည်။
လက်ရှိ ပြန်ကြားရေးဝန်ကြီးသည် ဗိုလ်ချုပ်ဟောင်း မောင်မောင်အုန်းဖြစ်ပြီး၊ ဒုတိယဝန်ကြီးမှာ စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ဆင်း၊ စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးလည်းဖြစ်သူ အာဏာသိမ်းစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ဖြစ်သည်။
၂၀၁၇ ခုနှစ် အတွင်းက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများကို စစ်တပ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ရှင်းလင်းသည့် စစ်ဆင်ရေး မစတင်မီ ရိုဟင်ဂျာများနှင့်ပတ်သက်ပြီး အမုန်းစကား ရေးသားဖြန့်ဝေခဲ့ကြသည့် Facebook စာမျက်နှာ ဒါဇင်ပေါင်းများစွာ၏ နောက်ကွယ်တွင် မြန်မာစစ်တပ် ရှိနေခဲ့သည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ပြီးခဲ့သည့်နှစ်၊ မတ်လ၊ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဆိုက်ဝါး (Psywar)၊ တန်ပြန်ဝါဒဖြန့်ချိမှုများသည် ပြည်သူလူထုအတွင်း လူမှုကွန်ရက်သုံးစွဲမှု အားကောင်းလာသည့် ၂၀၁၂ ခုနှစ်နောက်ပိုင်း စစ်တပ်တွင် ပိုမိုကျယ်ပြန့်လာသည်။

အကောင့်တု ၂ခု၊ ၃ခု ဖွင့်ရ
အထူးသဖြင့် Myanmar Now အပါအဝင် လွတ်လပ်သောသတင်းဌာနများကို စောင့်ကြည့်ခိုင်းကာ စစ်တပ်ကို သိက္ခာကျစေသည့် သတင်းများတက်လာပါက ချက်ချင်းတုံ့ပြန်ရေးသားရန် အထက်က ညွှန်ကြားထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။
“တစ်ယောက်ကို အကောင့်တု နှစ်ခု၊ သုံးခု ဖွင့်ရတယ်” ဟု အထက်ပါအခြေအနေကို သိရှိသည့် နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးတွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိက Myanmar Now ကို ပြောသည်။
“မနက်မိုးလင်းရင် ဘယ်သူက ဧရာဝတီနဲ့ မဇ္ဈိမကြည့်၊ ဘယ်သူက ဘာကြည့်ဆိုပြီး ချပေးထားတယ်။ ဘာ(သတင်း)တွေတက်လဲ၊ တက်တဲ့အထဲမှာမှ နည်းနည်း ဟိုဟာဖြစ်မယ်ဆိုရင် အဲ့ဒီအောက်မှာ သွားရေးကြတယ်” ဟု အထက်ပါ ပြန်ကြားရေးဝန်ထမ်းအရာရှိက ဆိုသည်။
၂၀၂၁ အာဏာသိမ်းပြီးစက စစ်တပ်ထိန်းချုပ်မှုအောက်ရှိ အကောင့်များနှင့် စာမျက်နှာ အများအပြားကို Facebook က ဖယ်ရှားခဲ့ရာ စစ်ကောင်စီသည် ၎င်းတို့ဝါဒဖြန့်ချိရေးအတွက် တယ်လီဂရမ်(Telegram)နှင့် တစ်တော့(Tik tok)ကိုသာ အဓိက အားထားခဲ့ရသည်။

စစ်တပ်သည် ၂၀၁၂ ခုနှစ်၊ နောက်ပိုင်းကတည်းက ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို အပုပ်ချသည့် တန်ပြန်ဝါဒဖြန့်မှုများကို စတင်လုပ်ဆောင်ခဲ့ကြောင်းလည်း စစ်တပ်ထဲတွင် နှစ်ပေါင်း ၂၀ တာဝန်ထမ်းဆောင်ခဲ့သည့် တပ်အရာရှိဟောင်းတစ်ဦးက ပြောသည်။
အထက်ပါ လုပ်ဆောင်မှုများကို နေပြည်တော်၊ စစ်ရုံးချုပ်အခြေစိုက် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး(ကကပြည်)နှင့် ကွန်ပြူတာနှင့်နည်းပညာ ညွှန်ကြားရေးမှူးရုံး(ကကကွန်)တို့က တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ခဲ့သည်ဟု အာဏာသိမ်းပြီး လပိုင်းအကြာတွင် အာဏာဖီဆန် (CDM) ခဲ့သူ ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
“အခုနောက်ပိုင်းမှာက ပိုပြီးတော့ အားကောင်းလာတာ တွေ့ရတယ်။ အကောင့်တုတွေနဲ့ သတင်းမီဒီယာတွေအောက်မှာ အတည်လိုလို၊ အပျက်လိုလို၊ အပျော်လိုလိုနဲ့ ကွန်မန့်တွေပေးပြီးတော့ သူ့လူကိုယ့်ဘက်သား ပုံစံမျိုးနဲ့ အဲဒီလိုတွေ လုပ်လာတဲ့အနေအထားမျိုး” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားသူများကလည်း စစ်တပ်၏ စိတ်ဓာတ်စစ်ဆင်ရေးနှင့် ဝါဒဖြန့်ချိမှုများ ယခုနှစ်ဆန်းပိုင်းကစ၍ ကျယ်ပြန့်လာသည်ကို သတိပြုမိကြောင်း ထောက်ပြနေကြသည်။
စစ်ဗိုလ်ချုပ်များက လူအင်အား၊ ငွေအင်အား အလုံးအရင်းသုံး၍ Facebook ပေါ်တွင် ဝါဒဖြန့်လာကြောင်းလည်း ထင်ရှားသည့် ဘလော့ဂါ(Blogger)တစ်ဦးဖြစ်သည့် NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က သုံးသပ်သည်
“အကောင့်အတုတွေနဲ့ ကွန်မန့် လိုက်ရေးတာတွေ အဲ့ဒါတွေက တော်တော်လေးကို များလာတယ်။ အဲ့ဒီ ကွန်မန့်ရေးတဲ့ဟာတွေ ကြည့်လိုက်ပြန်ရင်လည်း Profile တွေက Lock ချထားတယ်။ ရေးတဲ့ဇာတ်ကြောင်းတွေကလည်း တစ်ယောက်နဲ့တစ်ယောက် သိပ်မကွာဘူး။ အဲ့ဒီလိုပုံစံမျိုးတွေ တော်တော်လေးကို သိသိသာသာ တွေ့လာရတယ်” ဟု ၎င်းကဆိုသည်။

အာဏာသိမ်းတပ်သည် ယခင်ကလည်း တယ်လီဂရမ်နှင့် Tik Tok လူမှုကွန်ရက်တွင် စနစ်တကျ ဝါဒဖြန့်ချိမှုများရှိခဲ့ရာ Facebook ၏ အကြောင်းအရာထိန်းချုပ်မှုဆိုင်ရာ မူဝါဒပြောင်းလဲခဲ့ပြီးနောက် အုံလိုက်ကျင်းလိုက် Facebook ပေါ်တွင် ဝါဒဖြန့်မှု ကျယ်ပြန့်လာကြောင်း ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားသည့် Access Now ၏ အာရှပစိဖိတ်ရေးရာ လေ့လာသုံးသပ်သူ မဝေဖြိုးမြင့်ကလည်း ဆိုသည်။
“ရှေ့မှာကကျတော့ လူကြည့်များတဲ့ တယ်လီဂရမ်တွေကနေပဲ ထွက်လာတဲ့ဟာမျိုးတွေပဲ မြင်ရတာပေါ့။ အခုကျတော့ စစ်တပ်ဆယ်လီ၊ စစ်တပ်ဝါဒဖြန့်ချိနေတဲ့သူတွေ မဟုတ်ဘဲ Individual တွေ (လူပုဂ္ဂိုလ်တစ်ဦးချင်းတွေ) မှာကိုပဲ ပြောချင်နေတဲ့ မက်ဆေ့တွေက တူနေတဲ့ဟာမျိုးတွေ တွေ့လာရတယ်” ဟု မဝေဖြိုးမြင့်က ယခုနှစ်၊ မေလအတွင်းက ပြောဆိုခဲ့သည်။
၂၀၂၁၊ ဖေဖော်ဝါရီလတွင် တိုင်းပြည်အာဏာသိမ်းပြီးနောက် လူထုထောက်ခံမှု အကြီးအကျယ် ကျဆင်းသွားသော စစ်တပ်အတွက် Facebook က ဝါဒဖြန့်ချိရေးလက်နက်သဖွယ် ဖြစ်လာနေသည်။
ပြင်ဆင်ချက်။ ။ ဒေါ်သီတာတင်၏ ခင်ပွန်းဖြစ်သူမှာ သမ္မတသိန်းစိန်လက်ထက်တွင် သမ္မတရုံးဝန်ကြီးဟု မှားယွင်းဖော်ပြခဲ့ပါသည်။ ၎င်းမှာ သမ္မတရုံးအကြံပေးသာဖြစ်ကြောင်း ပြင်ဆင်ထားပါသည်။ (ကိုကိုလှိုင်၏ အကြောင်းအသေးစိတ်ရေးသားထားသည့် နာဂစ်ဒုက္ခသည်တွေကို ငပိရည်နဲ့ နိုင်ငံတကာအကူအညီလဲခိုင်းခဲ့တဲ့ စစ်ကောင်စီဝန်ကြီး ဆောင်းပါးအားဖတ်ရှုရန်)



