သမ္မတရာထူးမှ ဖြုတ်ချခံထားရသည် ဦးဝင်းမြင့် အမှန်တကယ်မလွတ်မြောက်သေးကြောင်း ပြောကြားခဲ့သည့် ဂျာမနီသံရုံး အကြီးအကဲကို စစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့( နိုဝင်ဘာလ ၁၀ ရက်) က ခေါ်ယူသတိပေး ခဲ့သည်။
ရန်ကုန်မြို့ရှိ ဂျာမနီသံရုံး ယာယီတာဝန်ခံ မစ္စတာ မာသီးရက်စ်လေရှာ့စ်က ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်တွင် ကျရောက်ခဲ့သည့် ဦးဝင်းမြင့်၏ အသက် ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သံရုံး၏ လူမှုကွန်ရက်ပေါ်၌ ထုတ်ပြန်ခဲ့သည့် ရုပ်သံဖိုင်နှင့်ပတ်သက်၍ စစ်တပ် နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးကိုကိုကျော်က ခေါ်ယူပြောဆိုခဲ့ခြင်းဖြစ်သည်။
ဦးဝင်းမြင့် ယခင်နေထိုင်ခဲ့ရာ ရန်ကုန်တိုင်း တာမွေမြို့နယ် နေအိမ်ရှေ့တွင် ရိုက်ကူးထားသည့် ၁ မိနစ် ၅၂ စက္ကန့် ကြာမြင့်သည့် ထိုရုပ်သံဖိုင်တွင် ဦးဝင်းမြင့် အမှန်တကယ်ပြန်လည်လွတ်မြောက်ခြင်းမရှိသေးသည့် အခြေအနေနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ထည့်သွင်းပြောကြားထားသည်။
ယခုနှစ် ဧပြီလတွင် ဦးဝင်းမြင့်ကို စစ်တပ်က ပြန်လွှတ်ပေးခဲ့သော်လည်း တွေ့ဆုံခွင့်ရရန်အတွက် နေပြည်တော်၏ ခွင့်ပြုချက်လိုအပ်ကြောင်း၊ ခြောက်လကျော် ကြာမြင့်သည့်တိုင် တွေ့ဆုံခွင့် မရသေးသည့်အတွက် အမှန်တကယ် လွတ်မြောက်မှု မရှိသေးကြောင်း ဂျာမနီသံရုံးအကြီးကဲက ထိုရုပ်သံတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ ဒီအခြေအနေကနေ ကောက်ချက်ချနိုင်တာ တစ်ခုပဲရှိပါတယ်။ ဦးဝင်းမြင့်ဟာ အမှန်တကယ် လွတ်လပ်မှု မရှိသေးပါဘူး။ သူတွေ့ချင်တဲ့သူတွေနဲ့ လွတ်လပ်စွာတွေ့ဆုံခွင့်မရှိသလို အခြားသူတွေနဲ့လည်း လွတ်လပ်စွာဆက်သွယ် ပြောဆိုခွင့်မရှိပါဘူး”ဟု ဂျာမနီသံရုံးအကြီးအကဲက ပြောထားသည်။
ပဋိပက္ခများအဆုံးသတ်ရေး ရိုးသားပွင့်လင်းသည့် တွေ့ဆုံဆွေးနွေးမှုများ စတင်ကြရန်လည်း ဂျာမနီ သံရုံးအကြီးကဲ၏ ရုပ်သံဖိုင်တွင် တိုက်တွန်းထားသည်။
ထိုအခြေအနေနှင့်စပ်လျဉ်း၍ စစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့က တုံ့ပြန်ရာတွင် ထိုရုပ်သံ ရိုက်ကူးရန် နေရာရွေးချယ်မှုအပါအဝင် ပြောဆိုချက်များသည် အတိုက်အခံများကို အားပေးအားမြှောက် ပြုလုပ်ရာရောက်ပြီး ပြည်တွင်းမငြိမ်သက်မှုများနှင့် အစိုးရကို အကြည်ညိုပျက်စေရန် အားပေးလှုံ့ဆော်ရာ ရောက်သည်ဟု စွပ်စွဲထားသည်။
ရုပ်သံဖိုင်ပါပြောကြားချက်များသည် မဲပေးသူ ၁၃ ဒသမ ၁၃ သန်းကျော်ကို မထီမဲ့မြင်ပြုရာ ရောက်ကြောင်း၊ ပြည်တွင်းတရားစီရင်ပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက်ရာရောက်သည့်အတွက် လက်မခံနိုင်ကြောင်း၊ ၁၉၆၁ ခုနှစ် သံတမန်ဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းအရ သံတမန်များသည် လက်ခံသည့် နိုင်ငံ၏ တရားဥပဒေများနှင့် စည်းမျဉ်းများကိုလေးစားလိုက်နာရန်နှင့် ပြည်တွင်းရေးများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် စစ်တပ်က ထုတ်ပြန်ထားသည်။
ဂျာမနီသံရုံးယာယီတာဝန်ခံ အနေဖြင့် ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မတအဖြစ် ဆက်သဘောထားပြီး လက်ရှိအစိုးရနှင့်လက်တွဲလိုခြင်းမရှိဘဲ မြန်မာနိုင်ငံတွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိပါက တားမြစ်မည်မဟုတ်ဟု စစ်တပ်ခန့် နိုင်ငံခြားရေး ဒုဝန်ကြီး ဦးကိုကိုကျော်က ထည့်သွင်းပြောဆိုသည်။
အထက်ပါရုပ်သံဖိုင်နှင့်ပတ်သက်၍ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့်လုပ်ဆောင်ခြင်း ဟုတ်၊ မဟုတ် ဖြေရှင်းရန်နှင့် ထပ်မံလုပ်ဆောင်ပါက နိုင်ငံတကာဥပဒေနှင့် သံတမန်အစဉ်အလာများအတိုင်း အရေးယူသွားမည်ဟု ဆိုသည်။
ထိုခေါ်ယူသတိပေးမှုအခြေအနေနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးကို Myanmar Now က အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်ချက်မရရှိသေးပါ။
အာဏာသိမ်းပြီး ငါးနှစ်အကြာ ယခုနှစ်ဆန်းပိုင်းတွင်ပြုလုပ်ခဲ့သော စစ်တပ်ကြိုးကိုင်သည့် ရွေးကောက်ပွဲကို ဂျာမနီပါဝင်သည့် ဥရောပသမဂ္ဂအပါအဝင် အာဆီယံတို့ကလည်း အသိအမှတ်ပြုထားခြင်းမရှိပေ။ သို့ရာတွင် စစ်ခေါင်းဆောင် သမ္မတ ဖြစ်လာပြီးနောက် ရုရှား၊ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံအချို့က တရားဝင်ခရီးစဉ် အဖြစ် ဖိတ်ခေါ်တွေ့ဆုံထားကြသည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မဲမသမာမှုရှိသည် စွပ်စွဲချက်ဖြင့် စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ခံ သမ္မတ ဦးဝင်းမြင့်ကိုဖြုတ်ချခဲ့သော်လည်း ကုလသမဂ္ဂက ဦးဝင်းမြင့်ကို နိုင်ငံတော် သမ္မတအဖြစ် အသိအမှတ်ပြုထားဆဲဖြစ်သည်။



