အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ICJ စီရင်ချက်သည် စစ်ခေါင်းဆောင်များ၏ အခြားရာဇဝတ်မှုများကိုပါ သက်ရောက်နိုင်ဟု လူ့အခွင့်အရေးအဖွဲ့ဆို

ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံကို တရားစွဲဆိုထားသည့်အမှုတွင် နိုင်ငံတကာတရားရုံး (ICJ)၏ စီရင်ချက်သည် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် အခြားစစ်ခေါင်းဆောင်များကို နိုင်ငံတကာနှင့် ပြည်တွင်းတရားရုံးများ၌ အရေးယူနိုင်ရေး ကြိုးပမ်းမှုများအတွက်အထောက်အကူ ဖြစ်လာနိုင်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch – HRW) က ပြောသည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားသည့် ရိုဟင်ဂျာများကို လူမျိုးသုဉ်း သတ်ဖြတ်မှုအမှုအတွက် ICJ က လာမည့် နိုဝင်ဘာလ ၁၉ ရက်တွင် စီရင်ချက် ချမည်ဖြစ်သည်။ 

ထိုစီရင်ချက်၏ အကျိုးသက်ရောက်မှုများကို နယူးယောက်မြို့ အခြေစိုက် HRW က နိုဝင်ဘာလ ၁၇ ရက်တွင် မြန်မာသတင်းသမားများကို အွန်လိုင်းမှတဆင့် ရှင်းလင်းပြောဆိုခဲ့သည်။

ICJ ကချမှတ်မည့် စီရင်ချက်သည် ဦးမင်းအောင်လှိုင်နှင့် အခြားစစ်ခေါင်းဆောင်များ ကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) သို့မဟုတ် နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ကို လက်ခံသည့် အခြားနိုင်ငံများရှိ တရားရုံးများတွင် တရားစွဲဆိုထားသည့် အမှုများကို မည်သို့သက်ရောက်နိုင်သည်နှင့် ပတ်သက်၍ Myanmar Now က မေးမြန်းရာ HRW ၏ အကြီးတန်းဥပဒေအကြံပေး မစ္စMaria Elena Vignoli က ပြောဆိုခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဥပဒေအရ သက်သေမပြနိုင်ဘူး လို့ ICJ က ဆုံးဖြတ်ခဲ့ရင်တောင် ဒါဟာ မြန်မာစစ်တပ်ကို အပြစ်မရှိကြောင်း ဆုံးဖြတ်ပေးလိုက်တာ၊ ဒါမှမဟုတ် တရားသေလွှတ်ပေးလိုက်တာနဲ့ မတူပါဘူး။ ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်ကြောင့် တခြားဥပဒေကြောင်းအရ အရေးယူနိုင်မယ့် လမ်းကြောင်း တွေ ပိတ်သွားမှာ မဟုတ်ပါဘူး”ဟု မစ္စ Maria Elena Vignoli က ပြောသည်။

ထို့ကြောင့် ရိုဟင်ဂျာများကို ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့်ပတ်သက်၍ ICC နှင့် အခြားနိုင်ငံများ၏ တရားရုံးများက အမှုစစ်ဆေးရာတွင် ICJ ၏ သက်သေအထောက်အထားဆိုင်ရာ သုံးသပ်ချက်များနှင့် ဥပဒေရေးရာ ကောက်ချက်များကို ထည့်သွင်းစဉ်းစားနိုင်သည်ဟု မစ္စ Vignoli က ဆိုသည်။

လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကို ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက်သက်ဆိုင်ရာတရားရုံးများတွင် သီးခြားအမှုဖွင့် စစ်ဆေးနိုင်သေးသည်ဟုလည်း Vignoli က ပြောသည်။

ဦးမင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များ ဆက်ရင်ဆိုင်ရမည့်အမှုများ

ရိုဟင်ဂျာများကို ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့်ပတ်သက်၍ ICC က ၂၀၁၉ ခုနှစ် နိုဝင်ဘာလကတည်းက စုံစမ်းစစ်ဆေးနေပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ဦးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန်ICC အစိုးရရှေ့နေက တရားသူကြီးများ ထံ တောင်းဆိုထားသည်။

အဆိုပါတောင်းဆိုချက်သည် ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာများကို အတင်းအကျပ် နေရပ်စွန့်ခွာစေခြင်းနှင့် ဖိနှိပ်ညှဉ်းပန်းခြင်းစသည့် လူသားမျိုးနွယ် အပေါ်ကို ကျူးလွန်သော ရာဇဝတ်မှုများအတွက်ဖြစ်သည်။

သို့သော် ဖမ်းဝရမ်းတောင်းဆိုချက်နှင့် ပတ်သက်၍ ICC တရားသူကြီးများက ဆုံးဖြတ်ချက် တစုံတရာထုတ်ပြန်ထားခြင်း မရှိသေးပေ။

HRW ၏ အာရှဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး မစ္စ Bryony Lau ကလည်း ရာဇဝတ်မှုများအားလုံးကို စုံစမ်းစစ်ဆေးနိုင်ရေး ICC သို့ လွှဲပြောင်းပေးရန် ဆက်လက်တောင်းဆိုထားသည်။

ထိုသို့ လွှဲပြောင်းပေးနိုင်ပါက စစ်အာဏာသိမ်းမှုမတိုင်မီနှင့် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်းကျူးလွန်ခဲ့သည့် နိုင်ငံတကာရာဇဝတ်မှုများကို ပိုမိုကျယ်ပြန့်စွာ စုံစမ်းစစ်ဆေးနိုင်မည်ဟု Bryony Lau ကဆိုသည်။

အာဂျင်တီးနားတရားရုံးကလည်း ဖမ်းဝရမ်းထုတ်ထား

ICC အပြင် အခြားနိုင်ငံများ၏ တရားရုံးများတွင်လည်း မြန်မာစစ်ခေါင်းဆောင်များကို အရေးယူနိုင်ရေးကြိုးပမ်းမှုများ ရှိနေသည်။

ရိုဟင်ဂျာများကို ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့်ပတ်သက်၍ အာဂျင်တီးနားနိုင်ငံ ဖက်ဒရယ်တရားရုံးက ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး (ယခုသမ္မတ) မင်းအောင်လှိုင်၊ ဒုတပ်ချုပ် စိုးဝင်း၊ ထိုစဉ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး မောင်မောင်စိုးနှင့် အခြားသော ရာထူးငယ်သူများ အပါအဝင် စုစုပေါင်း လူ ၂၅ ဦးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဖမ်းဝရမ်းထုတ်ထားသည်။

ယင်းအမှုကို ရိုဟင်ဂျာများနှင့် လက်တင်အမေရိက လူ့အခွင့်အရေးအဖွဲ့များက ၂၀၁၉ ခုနှစ်တွင် စတင်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဦးမင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို အရေးယူပေးရန် အင်ဒိုနီးရှားနိုင်ငံသို့လည်း ယခုနှစ် ဧပြီလ ၆ ရက်တွင် ရိုဟင်ဂျာအရေးလှုပ်ရှားသူများက တိုင်ကြားထားသည်။

ရိုဟင်ဂျာအရေးလှုပ်ရှားသူ Yasmin Ullah၊ အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း Marzuki Darusman နှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက အင်ဒိုနီးရှားရှေ့နေချုပ်ရုံးထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထိုအမှုသည် ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရိုဟင်ဂျာများကို ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် ဦးမင်းအောင်လှိုင်ကို တာဝန်ခံစေရန် ရည်ရွယ်ထားသည်။

အလားတူ ချင်းတိုင်းရင်းသားများကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည်ဆိုသော စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်ကို ကျူးလွန်သော ရာဇဝတ်မှုများအတွက်လည်း တီမောလက်စ်တေ၊ ဖိလစ်ပိုင်နှင့် ဒိန်းမတ်နိုင်ငံတို့တွင် ဥပဒေကြောင်းအရ အရေးယူနိုင်ရေး ကြိုးပမ်းမှုများ ရှိနေသည်။

နိုဝင်ဘာလ ၁၉ ရက် စီရင်ချက်

၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ်၏ စစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာများ သတ်ဖြတ်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်းတို့ ဖြစ်ခဲ့ပြီး ရိုဟင်ဂျာ  ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

ယင်းဖြစ်စဉ်များသည် လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်ကြောင်း စွပ်စွဲကာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံသည် ၎င်းလက်မှတ်ထိုးထားသော လူမျိုးသုဉ်း သတ်ဖြတ်မှုကွန်ဗင်းရှင်းပါ အချက်များကို ဖောက်ဖျက်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ICJ တွင် အမှုဖွင့်ခဲ့သည်။ ။

မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်ပေးရန်၊ ကျူးလွန်သူများကို အရေးယူရန်၊ နစ်နာသူများအား ပြန်လည်ကုစားပေးရန်နှင့် ထပ်မဖြစ်ရန် အာမခံချက်များပေးရန် တောင်းဆိုထားသည်။

ICJ တရားရုံး၏ စီရင်ချက်သည် အမှုတွင် ပါဝင်သည့် နိုင်ငံများအပေါ် ဥပဒေအရ စည်းနှောင်မှုရှိသည့် ဆုံးဖြတ်ချက်ဖြစ်သည်။ သို့သော် တရားရုံးကိုယ်တိုင်က စစ်တပ် သို့မဟုတ် ရဲဌာနမရှိသဖြင့် လူပုဂ္ဂိုလ်များကို ဖမ်းဆီးအရေးယူနိုင်မည် မဟုတ်ပေ။

စီရင်ချက်ကို မြန်မာနိုင်ငံက မလိုက်နာလျှင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ ဂမ်ဘီယာနိုင်ငံက တင်ပြနိုင်သကဲ့သို့ အခြားနိုင်ငံများကလည်း သံတမန်ရေးနှင့် နိုင်ငံတကာဖိအားပေးမှုများမှ တဆင့် စီရင်ချက်ကိုအကောင်အထည်ဖော်ရန် တိုက်တွန်းနိုင်သည်ဟု HRW က ဆိုသည်။

နိုဝင်ဘာလ ၁၉ ရက် (မနက်ဖြန်)တွင် ချမှတ်မည့် ICJ ၏ နောက်ဆုံးစီရင်ချက်သည် ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိနှင့် ထို့အတွက် မြန်မာနိုင်ငံတွင် တာဝန်ရှိခြင်း ရှိ၊ မရှိတို့ကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။

ထို့အပြင် မြန်မာစစ်ခေါင်းဆောင်များကို အခြားတရားရုံးများတွင် အရေးယူနိုင်ရေး ကြိုးပမ်းမှုများအတွက်လည်း အရေးပါသည့် ဥပဒေရေးရာ ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာနိုင်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles