နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်ရန် တရုတ်၏ကြိုးပမ်းမှုကို စစ်ခေါင်းဆောင် ပယ်ချ
တိုင်းရင်းသားလက်နက်ကိုင်တပ်များ ထိန်းချုပ်ထားသည့် လမ်းကြောင်းများမှ ကုန်သွယ်ခွင့်ပြုပါက စစ်တပ်၏ပြိုင်ဘက်များ ပိုမိုအားကောင်းလာမည်ဟု ဦးမင်းအောင်လှိုင်ပြောခဲ့ပြီး တရုတ်နှင့် စစ်အုပ်စုအကြား သဘောထားကွဲလွဲမှု ပိုမိုထင်ရှားလာသည်။
တရုတ်နိုင်ငံနှင့် ဆက်သွယ်ထားသည့် အဓိကနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး တရုတ်အစိုးရ၏ ကြိုးပမ်းမှုကို စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က လက်မခံဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် လမ်းကြောင်းများမှ ကုန်သွယ်ခွင့်ပြုပါက စစ်တပ်ကို တိုက်ခိုက်နေသည့် အဖွဲ့များ ပိုမိုအားကောင်းလာမည်ဟု ပြောဆိုလိုက်သည်။
ယမန်နေ့တွင် (နိုဝင်ဘာလ ၁၈ ရက်) စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုလွှတ်တော်၌ သုံးနာရီကြာ မိန့်ခွန်းပြောကြားစဉ် ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံရှိ နယ်စပ်ကုန်သွယ်ရေးမြို့ ၁၇ မြို့အနက် သုံးမြို့တွင်သာ တရားဝင်ကုန်သွယ်မှု ပြုလုပ်နိုင်တော့ကြောင်း ဝန်ခံပြောဆိုခဲ့သည်။
“ ဒီဘက်(ထိုင်းနယ်စပ်)က ဆိုရင် တာချီလိတ်နယ်စပ်ဂိတ်၊ မြဝတီနယ်စပ်ဂိတ်၊ ကော့သောင်းနယ်စပ်ဂိတ် ဒီသုံးခုပဲ နယ်စပ်ကုန်သွယ်ရေးလုပ်နိုင်တယ်။ ကျန်တာကတော့ Normal Trade ကပဲ သွားနေပါတယ်။ တမူးကတော့ လမ်းကြောင်းတော့ ပွင့်သွားပြီ ။ သို့သော်လည်း လမ်းကြောင်းမှာ လုံလုံခြုံခြုံ သွားနိုင်ဖို့အတွက် ဆက်ရှင်းနေဆဲပဲ ရှိပါတယ်။ ကျွန်တော်တို့ ကုန်သွယ်မှုနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်တော့ မလုပ်နိုင်သေးပါဘူး” ဟု ဦးမင်းအောင်လှိုင်က ပြောသည်။
လက်ရှိတွင် Border Tradeနှင့် Normal Trade နှစ်မျိုးရှိပြီး ပို့ကုန်အများစုကို Normal Trade က ပေးပို့ကြောင်း ၎င်းက ထည့်သွင်းပြောခဲ့သည်။
ကျန်နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် အဓိကကုန်သွယ်ရေးလမ်းကြောင်းအများစုကို စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ၊ လက်ရှိတွင် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်ထားကြသည်။
ဦးမင်းအောင်လှိုင်၏ ပြောဆိုချက်များသည် စစ်အုပ်စု၏ အရေးအပါဆုံး သံတမန်ရေးနှင့် စီးပွားရေးမဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ရေးတွင် သဘောထားကွဲလွဲမှုများ ပိုမိုထင်ရှားလာနေကြောင်း ပြသနေသည်။
အဓိကအငြင်းပွားနေသည့် လမ်းကြောင်းမှာ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မန္တလေးမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မူဆယ်မြို့သို့ ဆက်သွယ်ထားသော မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းမကြီးဖြစ်သည်။
ထိုလမ်းကြောင်း၏ အရေးပါသည့် အစိတ်အပိုင်း အများစုကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ထိန်းချုပ်ထားသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်ကို အကြီးအကျယ် စစ်ရေးအရ အရေးနိမ့်စေခဲ့သည့် အဖွဲ့လည်းဖြစ်သည်။
တရုတ်အစိုးရသည် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများမှတဆင့် မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေသော်လည်း စစ်အုပ်စုက ထိုလမ်းကြောင်းကို တိုင်းရင်းသားလက်နက်ကိုင်တပ်များ ဆက်လက်ထိန်းချုပ်ထားသရွေ့ ကုန်သွယ်ရေး ပြန်လည်စတင်ရန် လက်မခံဘဲ ရှိနေသည်။
တရုတ်အစိုးရအနေဖြင့် နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ကုန်သွယ်ရေး ပြန်လည်လည်ပတ်နိုင်ရေး အတွက် လက်ရှိနယ်မြေထိန်းချုပ်မှု အခြေအနေများကို လက်ခံရန် အသင့်ရှိပုံရသော်လည်း စစ်ခေါင်းဆောင်ကမူ ကုန်သွယ်ရေးလမ်းမကြီးတစ်ခုလုံးကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ရေးကိုသာ လိုလားနေသည်။
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် ၂၀၂၄ ခုနှစ်တွင် MNDAA ထံ ဆုံးရှုံးခဲ့ရသည့် လားရှိုးမြို့ပေါ်ရပ်ကွက်များကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေးလမ်းကြောင်းဆိုင်ရာ သဘောထားကွဲလွဲမှုမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။
လားရှိုးမြို့သည် စစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိခဲ့သည့် အရေးပါသောမြို့ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ အကြီးမားဆုံး စစ်ရေးရှုံးနိမ့်မှုများအနက် တစ်ခုဖြစ်ခဲ့သည်။
တရုတ်ကြားဝင်စေ့စပ်ပေးခဲ့သည့် သဘောတူညီချက်အရ MNDAA က လားရှိုးမြို့ပေါ်ရပ်ကွက်များကို စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သော်လည်း လားရှိုးမြို့နယ်၏ ထက်ဝက်ကျော်၊ အခြားမြို့များနှင့် တရုတ်နယ်စပ်သို့ ဆက်သွယ်ထားသည့် လမ်းပိုင်းအချို့ကို ဆက်လက်ထိန်းချုပ်ထားသည်။
ထို့ကြောင့် စစ်တပ်သည် လားရှိုးမြို့ပေါ်ကို ပြန်လည်ရရှိခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ကုန်သွယ်ရေးလမ်းကြောင်းတလျှောက် ကုန်စည်စီးဆင်းမှုကို ထိန်းချုပ်ခြင်း၊ အခွန်ကောက်ခံခြင်းတို့ ဆက်လက်လုပ်ဆောင်နိုင်သည့် အခြေအနေရှိနေသည်။
တရုတ်အစိုးရက မကြာသေးခင် အောက်တိုဘာလကုန်မှစတင်၍ မြန်မာ- တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ဒေသများသို့ ကုန်တင်သွင်းခွင့်များကို ဖြေလျှော့လိုက်ပြီး စစ်လက်နက်ပစ္စည်းများနှင့် ဆက်စပ်သည်များမှအပ ကျန်ကုန်စည်အများစုကို ပြန်လည်ခွင့်ပြုခဲ့သည်။
မိုင်ပေါင်း ၁,၃၀၀ ကျော် ထိစပ်နေသည့် တရုတ်- မြန်မာ နယ်စပ်တလျှောက် နယ်စပ်ကုန်သွယ်ရေးဂိတ် အများအပြားတည်ရှိကြပြီး ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကိုးကန့်တပ် (MNDAA)၊ “ဝ” တပ်ဖွဲ့ (UWSA)နှင့် မိုင်းလား(NDAA) တို့က အများစုကို ထိန်းချုပ်ထားကြသည်။
တရုတ်၏ အခန်းကဏ္ဍကို စစ်ခေါင်းဆောင် ထပ်မံသံသယပြ
၂၀၂၄ ခုနှစ်တွင် လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ပြီးနောက် ဦးမင်းအောင်လှိုင်က MNDAA သည် ပြင်ပအကူအညီများ ရရှိခဲ့သဖြင့် စစ်တပ်ကို အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ ထိုစဉ်က ၎င်း၏ပြောဆိုချက်များသည် တရုတ်နိုင်ငံကို ရည်ညွှန်းနေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆခဲ့ကြသည်။
ထို့နောက် စစ်အုပ်စုသည် ရန်ကုန်နှင့် နေပြည်တော်တို့တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ခွင့်ပေးခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ဆန္ဒပြခွင့်များကို ပြင်းပြင်းထန်ထန် ဖိနှိပ်ထားသည့် စစ်အုပ်စုက ထိုဆန္ဒပြပွဲများကို ခွင့်ပြုခဲ့ခြင်းမှာ ထူးခြားသည့် ဖြစ်ရပ်ဖြစ်သည်။
ယမန်နေ့ မိန့်ခွန်းတွင်လည်း ဦးမင်းအောင်လှိုင်က ၁၀၂၇ စစ်ဆင်ရေးအကြောင်း ပြန်လည်ပြောဆိုပြီး ကိုးကန့် MNDAA သည် လက်နက်၊ နည်းပညာနှင့် လူအင်အား အသာစီးဖြင့် တိုက်ခိုက်ခဲ့သည့်အပြင် မဟာမိတ်များ၏ အကူအညီကိုလည်း ရရှိခဲ့သည်ဟု စွပ်စွဲခဲ့သည်။
“အင်အားဘယ်လောက်များလဲဆို လက်နက်အင်အား၊ နည်းပညာအင်အား၊ လူအင်အား သာလွန်အင်အားနဲ့ MNDAA က တိုက်တာပါ။ သူတို့မဟာမိတ်တွေအကုန်ပါတယ်။ ပြောမကောင်းလို့ မပြောတာပါ။ သူတို့အင်အားနဲ့ တိုက်တာမဟုတ်ဘူး” ဟု ဦးမင်းအောင်လှိုင်က ပြောသည်။
၎င်းက MNDAA ကို ကူညီခဲ့သည်ဆိုသော မဟာမိတ်များကို အမည်တပ်ပြောဆိုခြင်းမရှိသလို သက်သေအထောက်အထားများလည်း ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ သို့သော် ထိုပြောဆိုချက်များအရ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ရေးအောင်မြင်မှုများတွင် တရုတ်နိုင်ငံ ပါဝင်ပတ်သက်ခဲ့သည်ဟု ၎င်းက သံသယရှိနေကြောင်း ထပ်မံအရိပ်အမြွက်ပြသနေသည်။
တရုတ်နိုင်ငံသည် မြန်မာစစ်ခေါင်းဆောင်များနှင့် နီးကပ်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားသကဲ့သို့ တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ်တွင်လည်း ဩဇာလွှမ်းမိုးမှု ကြီးမားစွာရှိနေသည်။

Myanmar Now ၏ သိရှိနားလည်ထားမှုအရ တရုတ်အစိုးရသည် မြန်မာစစ်အုပ်စု ပြိုလဲသွားမည်ကို မလိုလားသကဲ့သို့ စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများ အောင်ပွဲရရှိသွားမည်ကိုလည်း စိုးရိမ်နေသည်။
ထို့အပြင် တရုတ်နယ်စပ်တွင် အခြေစိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးများ၏ ဩဇာအာဏာ ဆက်လက်တည်ရှိနေခြင်းသည်လည်း တရုတ်၏ အကျိုးစီးပွားနှင့် ကိုက်ညီနေသည်။
ထိုအဖွဲ့များ နယ်စပ်ဒေသများတွင် ဆက်လက်အခြေမစိုက်နိုင်တော့ပါက ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ဆက်နွှယ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကဲ့သို့သော အခြားတော်လှန်ရေးအင်အားစုများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ထိစပ်နေသည့် အရေးပါသော နယ်မြေများသို့ တိုးချဲ့ဝင်ရောက်လာနိုင်သည့် အလားအလာရှိသည်။
ထို့ကြောင့် တရုတ်၏ မြန်မာနိုင်ငံဆိုင်ရာ ချဉ်းကပ်မှုသည် စစ်အုပ်စု သို့မဟုတ် တော်လှန်ရေးအင်အားစုများအနက် တစ်ဖက်ဖက်ကို အပြတ်အသတ် အနိုင်ရစေရန်ထက် ၎င်း၏ နယ်စပ်လုံခြုံရေးနှင့် စီးပွားရေးအကျိုးစီးပွားများကို ကာကွယ်နိုင်မည့် အင်အားချိန်ခွင်လျှာကို ထိန်းသိမ်းထားရန် ရည်ရွယ်ပုံရသည်။
စစ်အုပ်စုသည် MNDAA ကို သံလွင်မြစ်အရှေ့ဘက်ရှိ မြို့များမှ ဆုတ်ခွာပေးရန် တောင်းဆိုထားပြီး တရုတ်နိုင်ငံကမူ လက်ရှိအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များအောက်တွင် ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ရေးကို ဦးစားပေးနေသည်။
ပြီးခဲ့သည့် အောက်တိုဘာလတွင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း (Deng Xijun) က တိုင်းရင်းသားလူနည်းစုများအတွက် ပိုမိုမြင့်မားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံများကို စူးစမ်းလေ့လာသင့်ကြောင်း ပြောဆိုခဲ့သည်။
ထိုပြောဆိုချက်သည် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကြောင့် ဖြစ်ပေါ်လာသည့် နယ်မြေထိန်းချုပ်မှု အပြောင်းအလဲအချို့ကို တရုတ်နိုင်ငံက လက်ခံနိုင်သည့် အလားအလာရှိကြောင်း ပြသနေသည်။
သို့သော် ဦးမင်းအောင်လှိုင်၏ နောက်ဆုံးပြောဆိုချက်များအရ စစ်အုပ်စုသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နယ်မြေထိန်းချုပ်မှုနှင့် စီးပွားရေးအင်အားကို ပိုမိုခိုင်မာစေမည့် အစီအစဉ်များကို ဆက်လက်ဆန့်ကျင်နေကြောင်း တွေ့ရသည်။
နယ်စပ်ကုန်သွယ်ရေးမြို့ ၁၇ မြို့အနက် ၃ မြို့သာ ကုန်သွယ်နိုင်
တရုတ်နိုင်ငံနှင့် ဆက်သွယ်ထားသည့် အခြားအရေးပါသော ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် ကချင်ပြည်နယ်မြောက်ပိုင်းရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကိုလည်း KIA က ထိန်းချုပ်ထားကြောင်း ဦးမင်းအောင်လှိုင်က ပြောသည်။
ထို့အပြင် ထိုင်းနိုင်ငံဘက်တွင်လည်း စစ်အုပ်စုကိုဆန့်ကျင်နေသော တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များမှတဆင့် တရားမဝင်ကုန်သွယ်မှုများ ပြုလုပ်နေပြီး ထိုင်းဘက်က ယင်းကုန်သွယ်မှုများကို အားပေးနေသည်ဟု စွပ်စွဲခဲ့သည်။
လက်ရှိတွင် ရှမ်းပြည်နယ်ရှိ တာချီလိတ်၊ ကရင်ပြည်နယ်ရှိ မြဝတီနှင့် တနင်္သာရီတိုင်းရှိ ကော့သောင်းမြို့တို့တွင်သာ တရားဝင်နယ်စပ်ကုန်သွယ်မှုများ ပြုလုပ်နိုင်ကြောင်း ၎င်းက ဆိုသည်။
တရုတ်နယ်စပ်ရှိ မူဆယ်ကုန်သွယ်ရေးဂိတ်ကို စစ်တပ်က ဆက်လက်ထိန်းချုပ်ထားသည်ဟု ဦးမင်းအောင်လှိုင်က ပြောဆိုသော်လည်း မူဆယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းမကြီးမှာ ပုံမှန်ကုန်စည်သယ်ယူပို့ဆောင်နိုင်သည့် အခြေအနေမရှိသေးပေ။
အိန္ဒိယနယ်စပ်ရှိ စစ်ကိုင်းတိုင်း တမူးမြို့သို့ ဆက်သွယ်ထားသည့် ကုန်သွယ်ရေးလမ်းကြောင်းမှာ ပြန်လည်ပွင့်လင်းလာပြီဖြစ်သော်လည်း လမ်းတလျှောက် လုံခြုံရေးအတွက် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေရသဖြင့် ထိရောက်စွာ ကုန်သွယ်နိုင်ခြင်းမရှိသေးကြောင်းလည်း ၎င်းက ဝန်ခံခဲ့သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ပြည်တွင်းစစ်အတွင်း စစ်တပ်သည် နိုင်ငံတဝန်း နယ်မြေအများအပြားကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ခြင်းကလည်း မြန်မာ့စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။
တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံတို့နှင့် ဆက်သွယ်ထားသည့် အရေးပါသော နယ်စပ်ကုန်သွယ်ရေးဂိတ်အများအပြားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး စစ်အုပ်စု၏ အုပ်ချုပ်မှုအောက်မရှိသည့် နယ်မြေများတွင် ကုန်သွယ်ရေးလုပ်ငန်းများကို ကြီးကြပ်ခြင်း၊ အခွန်ကောက်ခံခြင်းတို့ လုပ်ဆောင်နေကြသည်။




