အရှေ့တောင်အာရှဒေသတွင်း အခြေစိုက်နေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်ရန် အမေရိကန်နိုင်ငံက အထူးအလေးပေးထားပြီး အမေရိကန်အစိုးရက ဦးဆောင်နှိမ်နင်းမည်ဟု အာဆီယံဆိုင်ရာ အမေရိကန်သံအမတ် Kevin Kim က နိုဝင်ဘာလ ၁၈ ရက်တွင် ပြောသည်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပခဲ့သည့် အမေရိကန်- အာဆီယံ အထူးထိပ်သီး အစည်းအဝေးအပြီး အွန်လိုင်းမှ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ကျားဖြန့်ဟု လူသိများသော အဆိုပါလုပ်ငန်းများ တိုက်ဖျက်ရေးနှင့် ပတ်သက်၍ Kevin Kim က ပြောဆိုခဲ့ခြင်းဖြစ်သည်။
အွန်လိုင်းငွေလိမ်မှုများသည် အမေရိကန်အစိုးရ အမြင့်ဆုံးခေါင်းဆောင်များက အလေးထားသည့်အရေးကြီးသော ပြဿနာတစ်ခုဖြစ်သည်ဟု သူက ဆိုသည်။ အရှေ့တောင်အာရှအခြေစိုက် ငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်ရန် သမ္မတ ဒေါ်နယ်ထရမ့်၏ အမိန့်အရ ဆောင်ရွက်သွားမည်ဟုလည်း Kevin Kim ကပြောသည်။
“အရှေ့တောင်အာရှမှာ အခြေစိုက်တဲ့ ငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်ရေးမှာ အမေရိကန်အစိုးရကဦးဆောင်သွားမယ်ဆိုတာကို အုပ်ချုပ်ရေးအမိန့်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်” ဟု ၎င်းကပြောသည်။
ထိုလုပ်ငန်းများကို လက်ခံခွင့်ပြုထားသည့် နိုင်ငံများကို ဒဏ်ခတ်ပိတ်ဆို့မှု၊ ဗီဇာကန့်သတ်မှုနှင့် ကုန်သွယ်ရေးဆိုင်ရာ အရေးယူမှုများ ပြုလုပ်နိုင်သည်ဟု အိမ်ဖြူတော်၏ မတ်လ ၆ ရက် ထုတ်ပြန်ထားသည့် ဒေါ်နယ်ထရမ့်၏ အမိန့်တွင် ဖော်ပြထားသည်။
အွန်လိုင်းငွေလိမ်မှုများကြောင့် ၂၀၂၅ ခုနှစ်အတွင်း အာဆီယံနိုင်ငံသားများက အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံနှင့် အမေရိကန်နိုင်ငံသားများက ဒေါ်လာ ၁၈ ဒသမ ၂ ဘီလီယံ ဆုံးရှုံးခဲ့သည်ဟုလည်း Kevin Kim ကပြောသည်။
ယခုနှစ် အမေရိကန်- အာဆီယံ အထူးထိပ်သီးအစည်းအဝေးတွင် အွန်လိုင်းငွေလိမ်မှု များကို တိုက်ဖျက်ရန်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခြေခံမူ ၁၀ ချက်ကို နိုဝင်ဘာလ ၁၇ ရက်တွင်ကြေညာခဲ့သည်။
အမေရိကန်နှင့် အာဆီယံတို့ အတည်ပြုခဲ့သည့် အခြေခံမူ ၁၀ ချက်တွင် အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို နိုင်ငံဖြတ်ကျော် ပူးပေါင်းစုံစမ်းစစ်ဆေးခြင်း၊ ကျားဖြန့်လုပ်ငန်း ခွင်များ ဖြိုခွင်းခြင်း၊ လူကုန်ကူးခံရသူများကိုကာကွယ်ခြင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ခြင်းနှင့် အစိုးရ၊ ဘဏ်၊ နည်းပညာကုမ္ပဏီများအကြား သတင်းအချက်အလက်မျှဝေခြင်းတို့ ပါဝင်သည်။
အဆိုပါအခြေခံမူများသည် အမေရိကန်၊ အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများ အွန်လိုင်းငွေလိမ်မှု ပြဿနာကိုပူးပေါင်းကိုင်တွယ်ဖြေရှင်းနိုင်ရန် မူဘောင်တရပ် ဖြစ်လာမည်ဟု သံအမတ်က ပြောသည်။
“ဒီဒေသတွင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်တော်တို့မှာ သဘောတူညီထားတဲ့ အခြေခံမူတွေနဲ့ မူဘောင်တစ်ခု ရှိဖို့လိုပါတယ်။ အမေရိကန်နဲ့ အရှေ့တောင်အာရှ ပြည်သူတွေအတွက် အကျိုးရှိစေဖို့ကျွန်တော်တို့ ဆောင်ရွက်နိုင်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင်လည်း ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့အနီးရှိ ရွှေကုက္ကိုနှင့် KK Park ကဲ့သို့သော နေရာများသည် အွန်လိုင်းငွေလိမ်လုပ်ငန်းများ အခြေစိုက်ရာနေရာများ အဖြစ် နိုင်ငံတကာ၏ စောင့်ကြည့်မှုကို ခံနေရသည်။
မြန်မာနိုင်ငံရှိ ငွေလိမ်ဂိုဏ်းများသည် ကမ္ဘာတဝန်းရှိ ပြည်သူများကို ထိခိုက်နစ်နာနေ ခြင်းကြောင့် ငွေလိမ်ဂိုဏ်းများကို ဖမ်းမိရန် သတင်းအချက်အလက်များ ပေးနိုင်သူများကို ဆုငွေ အမေရိကန်ဒေါ်လာ ၁၀ သန်း ပေးမည်ဟုလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက နိုဝင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။
သို့သော် အမေရိကန်နှင့် အာဆီယံတို့၏ ပူးပေါင်းဆောင်ရွက်မှုအသစ်အရ မြန်မာနိုင်ငံ အတွင်းရှိ ကျားဖြန့်လုပ်ငန်းများကို မည်သို့အရေးယူမည်၊ မည်သည့်အဖွဲ့အစည်းများနှင့် ပူးပေါင်းမည်ဆိုသည့် အသေးစိတ်အစီအစဉ်များကို Kevin Kim က ထုတ်ဖော်ပြောကြား ခဲ့ခြင်း မရှိပေ။
မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက်
အမေရိကန်နှင့် အာဆီယံတို့ ပူးပေါင်းဆောင်ရွက်မည့် အခြားအရေးကြီးသော ကဏ္ဍတစ်ခုမှာ အရေးပါသည့် မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက် လုံခြုံရေးဖြစ်သည်ဟုလည်း Kevin Kim က ပြောသည်။
အမေရိကန်သည် အရေးပါသတ္တုများ တင်သွင်းသူ တစ်ဦးတည်းကို မှီခိုနေရခြင်းကြောင့် ဖိအားပေးခံရနိုင်သည့် အခြေအနေကို ရှောင်ရှားရန် ကြိုးပမ်းနေပြီး အာဆီယံနိုင်ငံများ နှင့် ပူးပေါင်းကာ ပိုမိုလုံခြုံသောထောက်ပံ့ရေး ကွင်းဆက်များ တည်ဆောက်လိုသည်ဟု သူကဆိုသည်။
အရှေ့တောင်အာရှဒေသတွင် အရေးပါသတ္တုများ ပေါကြွယ်ဝစွာရှိနေသည့်အတွက် အမေရိကန်သည် ဒေသတွင်းအစိုးရများနှင့် နှစ်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ထားကြောင်း သံအမတ်က ဆိုသည်။
အာဆီယံနိုင်ငံများ၏ အစိုးရများနှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေပြီး ဆွေးနွေးနေသည့် အစိုးရများနှင့် သဘောတူညီချက်များ၏ အသေးစိတ်ကို ထုတ်ဖော်ပြောရန် ၎င်းက ငြင်းဆိုခဲ့သည်။
“ဒီလိုမိတ်ဖက်ဆက်ဆံရေးမျိုး တည်ဆောက်နိုင်ဖို့ အာဆီယံအဖွဲ့ဝင် ဘယ်နိုင်ငံနဲ့မဆို ဆွေးနွေးသွားဖို့ မျှော်လင့်ထားပါတယ်။ ဒါဟာ အမေရိကန်အစိုးရအတွက် အဓိက ဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆွေးနွေးမှုတွေကို ဆက်လက် လုပ်ဆောင်သွားဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ဆွေးနွေးနေတဲ့ အကြောင်းအရာအချို့ကိုတော့ လျှို့ဝှက်ထားချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရှေ့တောင်အာရှက အစိုးရအသီးသီးနဲ့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်လို့ပါ” ဟု သူက ဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာသစ်တွင်လည်း မြန်မာ့မြေရှားသတ္တုအရင်းအမြစ်များကို ရယူနိုင်မည့် အခွင့်အလမ်းများ ဖန်တီးရန်၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများ တိုက်ဖျက်ရန် နှင့် ဒေသတွင်း အမေရိကန်၏ ဩဇာလွှမ်းမိုးမှု တိုးမြှင့်ရန်တို့ကို အဓိကရည်မှန်းချက်များ အဖြစ် ထည့်သွင်းထားသည်။
၂၀၃၀ ပြည့်နှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးသဘောတူညီချက်တရပ် ရရှိစေရန် သက်ဆိုင်သူများနှင့် ဆွေးနွေးညှိနှိုင်းသွားမည်ဟု ထိုမဟာဗျူဟာတွင် ဖော်ပြသည်။
ယင်းလုပ်ငန်းစဉ်မှတဆင့် မြေရှားသတ္တု အရင်းအမြစ်များကို ရယူနိုင်ရန်နှင့် ကျားဖြန့်လုပ်ငန်းများ တိုက်ဖျက်ရေး အခွင့်အလမ်းများ ဖန်တီးရန် ရည်ရွယ်ထားသည်ဟုလည်း မဟာဗျူဟာစာတမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ရှားပါးမြေသတ္တု ထွက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း အမေရိကန်၏ ယခုဆွေးနွေးမှုများတွင် မြန်မာနိုင်ငံ ပါဝင်ခြင်းရှိမရှိကို ယနေ့ သတင်းစာရှင်းလင်းပွဲတွင် Kevin Kim က အတည်ပြုပြောဆိုခြင်း မရှိပေ။



