အာဏာသိမ်းစစ်အုပ်စုက ပြည်ပရောက်အလုပ်သမားများကို အကျပ်ကိုင်ငွေညှစ်သည့် ယန္တရားသဖွယ် ဖြစ်လာသော မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် Certificate of Identification(CI) စနစ်နှင့် လုပ်ခလစာ ၂၅ ရာခိုင်နှုန်းပြန်လည်လွှဲပြောင်းခိုင်းသည်နှင့် ကိစ္စနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းနိုင်ရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)ထံ အလုပ်သမားသမဂ္ဂတခုက တင်ပြထားကြောင်း သိရသည်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ILO အဖွဲ့က လေးလတစ်ကြိမ်ကျင်းပသော အုပ်ချုပ်မှု အဖွဲ့အစည်းဝေးတွင် တင်ပြခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စရပ်ကို လာမည့် ဖေဖော်ဝါရီလတွင် အကျယ်တဝင့် ဆွေးနွေးရန်ရှိကြောင်း ILO အုပ်ချုပ်ရေးအဖွဲ့၏ အဖွဲ့ဝင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ၏ လက်ထောက်အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက Myanmar Now ကိုပြောသည်။
CI စနစ်ကဲ့သို့ အလုပ်သမားများကို သက်သေခံလက်မှတ်ထုတ်ပေးရေးလုပ်ငန်းစဉ်သည် အကာအကွယ်ပေး ရမည့်အစား ILO ၏ ရည်မှန်းချက်များနှင့် ဆန့်ကျင်ကာ အလုပ်သမားများကို နှိပ်ကွပ်ရန်ဖြစ်လာသလို အလုပ်သမားလစာ ၂၅ ရာခိုင်နှုန်းကို မိသားစုထံပြန်လည်လွှဲပြောင်းရန် စစ်အုပ်စု၏ ပြည်ပသံရုံး အသီးသီးက တင်းတင်းကျပ်ကျပ်လုပ်ဆောင်လာသဖြင့် ILO က ကိုင်တွယ်ရန် တင်ပြခဲ့ကြောင်း ၎င်းက ပြောသည်။ ယခင်ကလည်း ထိုအခြေအနေကို တင်ပြထားဖူးသည်ဟု ဆိုသည်။
ချက်ချင်းမဆွေးနွေးဘဲ လာမည့်ဖေဖော်ဝါရီလတွင် ဆွေးနွေးရန်စီစဉ်ခြင်းမှာ အိမ်နီးချင်းနှင့် ပြည်ပနိုင်ငံအသီးသီးတွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏အရေးကို ကျယ်ကျယ်ပြန့်ပြန်ဆွေးနွေးရန်ဖြစ်သည်ဟု ဒေါ်ဖြိုးစန္ဒာစိုးကဆက်ပြောသည်။
“ဒီ ၂၅ ရာခိုင်နှုန်းက ထိုင်းနိုင်ငံတနိုင်ငံတည်းမဟုတ်ဘူး။ အခြားသော နိုင်ငံက အစိုးရတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်ရမှာမို့လို့ အစည်းအဝေးကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် တင်ပြတောင်းဆိုလိုက်တာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
“ရွှေ့ပြောင်းအလုပ်သမားအရေးလုပ်နေတဲ့ အလုပ်သမားတွေရှိကြပါတယ်။ သူတို့ရဲ့အသံတွေ ပိုပြီးတော့ ပါဝင်နိုင်အောင်အတွက်ကို အစည်းအဝေးကို ရွှေ့လိုက်တာ။ ပိုပြီးတော့ ဖိတ်ခေါ်မှုတွေ ပိုရမယ်။ အစီရင်ခံစာနဲ့ ချိုးဖောက်မှုတွေ ပိုရမယ်။ အဲ့ဒီအခါကျရင် ILO က ဘယ်အပိုင်းမှာ ပါနိုင်လဲဆိုတာကို ဆွေးနွေးခြင်းအားဖြင့် ရလဒ်ကောင်းတွေ ထွက်နိုင်ဖို့ရည်ရွယ်ပြီး တင်ပြခဲ့ခြင်းဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။
ILO သည် အလုပ်သမားအရေးအဖွဲ့များ၊ အလုပ်အကိုင်အေဂျင်စီများနှင့် အဖွဲ့အစည်းပေါင်းစုံက ရွှေပြောင်း အလုပ်သမားများဘေးကင်းလုံခြုံရေးကို အစဉ်တစိုက်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် လုပ်ငန်းများရပ်ဆိုင်းခဲ့သည်။
တချိန်က အလုပ်သမားစေလွှတ်သည့်နိုင်ငံဖြစ်သော မြန်မာသည် ယခုအခါ နယ်စပ်တလျှောက် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)များတွင် လူကုန်ကူးမှုနှင့်ဆက်နွှယ်သော အလုပ်အကိုင်စေခိုင်းမှုများ ရှိလာရာ ရွှေ့ပြောင်းအလုပ်သမားအရေးမှာ ပိုရှုပ်ထွေးလာပြီး ထိုကိစ္စရပ်များကို ILO အဖွဲ့ဝင် ကိုယ်စားလှယ်အသီးသီးက ဆွေးနွေးအဖြေရှာရန် ပြောဆိုကြောင်း ၎င်းက ပြောသည်။
လက်ရှိ စစ်အုပ်စုက ဖိအားပေးအကျပ်ကိုင်နေသည့် လုပ်ခလစာ ၂၅ ရာခိုင်နှုန်းပြန်လွှဲခိုင်းမှုသည် ကိုယ့်လုပ်အားခကို ကိုယ်တိုင်စီမံခန်ခွဲပိုင်ခွင့်ရှိသည်ဆိုသော ILO ပြဋ္ဌာန်းချက်များကို ချိုးဖောက်နေကြောင်း ထိုအချက်ကို ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအစိုးအရများက သိရှိနားလည်းသော်လည်း စစ်အုပ်စုက မျက်နှာပြောင်တိုက်၍ ချိုးဖောက်နေသည်ဟု ၎င်းက ဆိုသည်။
“ကုလသမဂ္ဂရဲ့ ဘယ်စံနှုန်းပဲပြောပြော သူတို့(စစ်တပ်) က ဂရုကိုမစိုက်နေတော့တာ။ လက်နက်အားကိုးနဲ့ အကုန်လုံးကို ချိုးဖောက်နေတော့တာ။ စစ်အာဏာရှင်တွေရဲ့ သဘောသဘာဝကိုက ဒီလိုလေ။ လက်နက်အားကိုး နဲ့ လူထုကိုလည်း ခြိမ်းခြောက်မယ်။ ဘယ်သူကိုမှ ဂရုမစိုက်ဘူးကွာဆိုပြီး လုပ်ချင်တိုင်း လုပ်နေတဲ့ကိစ္စဖြစ် တယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာယန္တရားတွေ အသက်ဝင်ပြီးတော့ စစ်တပ်ကို ဖိအားပေးနိုင်ဖို့ အလုပ်လုပ်နိုင်ဖို့ပဲ ကျွန်မတို့က ကြိုးစားမယ်”ဟု သူက ပြောသည်။
သို့သော်လည်း နိုင်ငံတကာယန္တရားများသည် တဆင့်ချင်းလုပ်ကိုင်ဆောင်ရွက်ရခြင်းဖြစ်၍ အချိန်ယူရကြောင်း ၎င်းက ဆိုသည်။
မြန်မာအလုပ်သမားသန်းနှင့်ချီရှိသည့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် CI စာအုပ်ထုတ်ပေးရေးသည် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အရေးကြီးသည်။ ထိုင်းနိုင်ငံအတွင်း နေထိုင်ရန်နှင့် အလုပ်လုပ်ကိုင်ရန် ထိုင်းအစိုးရက ထုတ်ပေးသည့် ပန်းရောင်ကတ်ဟုခေါ်သည့် အလုပ်လုပ်ကိုင်ခွင့် ယာယီသက်သေခံ ကတ်ပြားအပြင် လွတ်လပ်စွာခရီးသွားလာခွင့်နှင့် အခြားအကျိုးခံစားခွင့်များရရန် အဆိုပါ CI သက်သေခံလက်မှတ်ကို ထုတ်ပေးခြင်းဖြစ်သည်။
သို့သော် အထောက်အထားထုတ်ပေးမှုတွင် အကျပ်ကိုင်ငွေညှစ်မှုကြောင့် ထိုစနစ်ဖျက်သိမ်းရန် ထိုင်းရောက်မြန်မာအလုပ်သမားများအပြင် ထိုင်းနိုင်ငံရေးသမားများက တောင်းဆိုမှုများရှိနေသည်။
အာဏာသိမ်းပြီးနောက် စားဝတ်နေရေးကျပ်တည်းမှုနှင့် အလုပ်အကိုင်ရှားပါးလာမှုအပြင် အရွယ်ရောက်သူတိုင်း မဝင်မနေရ စစ်မှုထမ်းဥပဒေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရသည့်နည်းလမ်းဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာလာသူအများအပြားရှိနေပြီး CI လက်မှတ်ရရှိရေးမှာ ယခင်ထက် ပိုခက်ခဲလာသလို ကုန်ကျစရိတ်လည်းပိုများလာကြောင်း ဘန်ကောက်မြို့တွင် CI လက်မှတ် ကိုင်ဆောင်ထားသော အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောသည်။
“တချို့တွေကတော့ အလုပ်အကိုင်ရှိတယ်။ တချို့တွေကတော့ အလုပ်အကိုင်မရှိဘူး။ အဲ့ဒီ အလုပ်အကိုင် မရှိတဲ့သူတွေက နယ်ကျော်ပြီးတော့ သွားလာဖို့အရေးကို CI လုပ်ကြရတယ်လေ။ အဲဒီလိုမျိုးလုပ်ကြရတဲ့ အနေအထားမှာ ပေးဆောင်ရတဲ့အခကြေးငွေက အဟန့်အတားဖြစ်တယ်ပေါ့” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ပြည်ပရောက်အလုပ်သမားများ၏ ချွေးနှဲစာများ CI လုပ်ငန်းစဉ်များမှတဆင့် စစ်အုပ်စုနှင့် ၎င်းတို့နှင့်နီးစပ်သောကုမ္ပဏီများထံ စီးဆင်းနေခြင်းမှာလည်းအဆင်မပြေကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် စစ်အုပ်စုသည် အလုပ်သမားများထံမှ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း၊ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို မိသားစုထံလွှဲပြောင်းခိုင်းမှုသည် အလုပ်သမားများကို အကျဉ်းအကျပ်ထဲတွန်းပို့နေပြီး ၎င်းတို့ထံမှ စီးဆင်းလာသော နိုင်ငံခြားငွေများကို အသုံးပြု၍ ပြည်သူလူထုကို ပြန်လည်သတ်ဖြတ်နေသည့် စစ်ဆင်ရေးများအတွက်လိုအပ်သော လက်နက်နှင့်ကျည်ဆန်များဝယ်ယူမည်ကို စိုးရိမ်ကြောင်း ပြည်ပရောက်အလုပ်သမားများက ဆိုသည်။
နည်းလမ်းမျိုးစုံသုံး၍ အကျပ်ကိုင်ငွေကြေးကောက်ခံမှုများကြောင့် ပြည်ပရောက် သန်းနှင့်ချီသည့် အလုပ်သမားများ၏ ချွေးနှဲစာလုပ်ခလစာမှာ နိုင်ငံခြားငွေလိုနေသည့် အာဏာသိမ်းစစ်အုပ်စုအတွက် အကြီးဆုံးနိုင်ငံခြားငွေအရင်းအမြစ်တစ်ခုဖြစ်လာသည်။ လုပ်ခလစာ ၂၅ရာခိုင်နှုန်း ပြန်လည်လွှဲပို့မှုသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံကျော်ရှိကြောင်း မင်းကင်းမောင်မြင့်ဟုလူသိများသည့် စစ်အုပ်စု၏ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က ပြောဆိုထားသည်။
လက်ရှိတွင် စစ်အုပ်စု ပြည်ပသံရုံးအသီးသီးက ဝင်ငွေခွန်နှင့် လုပ်ခလစာပြန်လည်လွှဲပြောင်းမှုကို အစွမ်းကုန်တင်းကျပ်နေပြီး ထိုဝင်ငွေများလွှဲပြောင်း၊ ပေးသွင်းမှုမရှိလျှင် နိုင်ငံကူးလက်မှတ်များကို ထုတ်မပေးတော့ကြောင်း အလုပ်သမားများက ဆိုသည်။



