ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားသည့်အမှုကို နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ (The Hague) ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ယနေ့ (နိုဝင်ဘာလ ၁၉ ရက်) မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် အပြီးသတ်စီရင်ချက် ချမှတ်မည်ဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း မြန်မာစစ်တပ်က နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးဟုဆိုကာ ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းတို့ ဖြစ်ပြီးနောက် ရိုဟင်ဂျာ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ယင်းလုပ်ရပ်များသည် လူမျိုးသုဥ်းသတ်ဖြတ်မှုမြောက်ပြီး ၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုခဲ့သည့် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူ စာချုပ်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု စွပ်စွဲကာ Organisation of Islamic Cooperation (OIC) ကိုယ်စား အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ထိုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သည့် ကြားနာပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်၍ မြန်မာနိုင်ငံကိုယ်စား ခုခံချေပခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင်လည်း စစ်ကောင်စီကိုယ်စားလှယ်များက အမှုကို ဆက်လက်ရင်ဆိုင်ခဲ့ကြသည်။

ICJ က ဘာတွေဆုံးဖြတ်နိုင်သလဲ
မြန်မာစစ်တပ်၏ ကျူးလွန်မှုများသည် လူမျိုးသုဥ်းသတ်ဖြတ်မှုမြောက်၊ မမြောက်နှင့် ယင်းကျူးလွန်မှုများအတွက် မြန်မာနိုင်ငံတွင် တာဝန်ရှိ၊ မရှိကို ဆုံးဖြတ်မည်ဖြစ်သည်။
မြန်မာနိုင်ငံသည် လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်ခြင်း၊ ယင်းရာဇဝတ်မှုကို တားဆီးရန် ပျက်ကွက်ခြင်းနှင့် ကျူးလွန်သူများကို အရေးယူအပြစ်ပေးရန် ပျက်ကွက်ခြင်းတို့အတွက် တာဝန်ရှိကြောင်း ဆုံးဖြတ်ပေးရန် ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားသည်။
ထို့အပြင် ရိုဟင်ဂျာများအတွက် နစ်နာကြေးနှင့် ပြန်လည်ကုစားမှုများပေးရန်၊ နေရပ်ပြန်ခွင့်နှင့် ပိုင်ဆိုင်မှုများ ပြန်လည်ရရှိရေး ဆောင်ရွက်ရန်၊ နိုင်ငံသားအခွင့်အရေး အပြည့်ပေးရန်နှင့် အလားတူကျူးလွန်မှုများ ထပ်မဖြစ်ရန် အာမခံချက်ပေးရမည်ဟုလည်း တောင်းဆိုထားသည်။
ICJ ၏ စီရင်ချက်သည် အမှုတွင်ပါဝင်သည့် နိုင်ငံများအား ဥပဒေကိုလိုက်နာရန် တာဝန်ရှိစေလိမ့်မည်ဟု နိုဝင်ဘာလ ၁၇ ရက်က မြန်မာသတင်းသမားနှင့် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch – HRW) ၏ အကြီးတန်းဥပဒေအကြံပေး Maria Elena Vignoli ကပြောသည်။
လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုင်ရာ တာဝန်ရှိသည်ဟု ဆုံးဖြတ်ပါက မြန်မာနိုင်ငံသည် စီရင်ချက်ကို လိုက်နာရမည်ဖြစ်ပြီး လိုက်နာရန် ပျက်ကွက်လျှင် ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ ကြားဝင်ဆောင်ရွက်ပေးရန် တောင်းဆိုနိုင်သည်ဟုလည်း Maria Elena Vignoli က ပြောသည်။
စစ်ခေါင်းဆောင်တွေအပေါ်ကို ဘယ်လိုသက်ရောက်နိုင်မလဲ
ICJ သည် နိုင်ငံအချင်းချင်း အငြင်းပွားမှုများကို စီရင်ဆုံးဖြတ်သည့် တရားရုံးဖြစ်သဖြင့် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် အခြားစစ်တပ်အရာရှိများကို တစ်ဦးချင်း ရာဇဝတ်ပြစ်ဒဏ်ချမှတ်နိုင်သည့် တရားရုံးမဟုတ်ပေ။
သို့သော် ICJ ၏ လာမည့်စီရင်ချက်သည် ဦးမင်းအောင်လှိုင်နှင့် အခြားစစ်ခေါင်းဆောင်များ ကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) နှင့် သက်ဆိုင်ရာနိုင်ငံများ၏ တရားရုံးများတွင် တရားစွဲဆိုအရေးယူရန် ကြိုးပမ်းမှုများအတွက် သက်ရောက်နိုင်သည်ဟု HRW ဥပဒေအကြံပေး Maria Elena Vignoli က Myanmar Now ကို ပြောသည်။
ICJ ၏ စီရင်ချက်ကို အခြားတရားရုံးများက လိုက်နာရန် မလိုအပ်သော်လည်း ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးဖြစ်သည့် ICJ ၏ ဥပဒေရေးရာ သုံးသပ်ဆုံးဖြတ်ချက်များသည် အခြားတရားရုံးများအတွက် ထည့်သွင်းစဉ်းစားနိုင်သည့် အချက်များ ဖြစ်လာနိုင်သည်ဟုလည်း Maria Elena Vignoli က ပြောသည်။
အကယ်၍ ICJ က လူမျိုးသုဥ်းသတ်ဖြတ်မှုကို ဥပဒေအရ သက်သေမပြနိုင်ဟု ဆုံးဖြတ်ခဲ့လျှင်ပင် စစ်ခေါင်းဆောင်များကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ကို ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် အခြားတရားရုံးများတွင် ဆက်လက်တရားစွဲဆိုနိုင်မည့် လမ်းကြောင်းများ ပိတ်သွားမည်မဟုတ်ပေ။
ထို့အပြင် ICJ ၏ စီရင်ချက်သည် လက်ရှိစစ်အုပ်စု အတွက်သာမက အနာဂတ်တွင် မြန်မာနိုင်ငံကို အုပ်ချုပ်မည့် မည်သည့်အစိုးရကိုမဆို ဆက်လက်သက်ရောက်လိမ့်မည်ဟု HRW ၏ အာရှဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Bryony Lau က ပြောသည်။
ယနေ့စီရင်ချက်သည် ရိုဟင်ဂျာများ၏ တရားမျှတမှု ရှာဖွေရေးအတွက်သာမက မြန်မာစစ်တပ်၏ နိုင်ငံတကာ ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ကြိုးပမ်းမှုများကိုပါ သက်ရောက်နိုင်သည့် အရေးပါသော ဆုံးဖြတ်ချက်တရပ် ဖြစ်လာမည်ဖြစ်သည်။




