ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို နိုဝင်ဘာလ ၁၄ ရက်က တိုက်လေယာဉ်အုပ်စုလိုက်ဖြင့် တိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၁၂ ဦး သေဆုံးပြီး နှစ်ဒါဇင်နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA)နှင့် ချင်းဒေသခံများထံက သိရသည်။
ပလက်ဝမြို့တောင်ဘက်ရှိ သူဌေးကုန်းကျေးရွာကို ပြီးခဲ့သည့် စနေနေ့ (နိုဝင်ဘာလ ၁၄ ရက်) ည ၈ နာရီ ဝန်းကျင်မှစ၍ တိုက်လေယာဉ် လေးစီး၊ Y12 တစ်စီးဖြင့် တစ်နာရီကျော် ကြာအောင် ဗုံးအလုံး ၅၀ နီးပါး ကြဲခဲ့သလို ရော့ကတ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော်က နိုဝင်ဘာလ ၁၇ ရက် တွင် ထုတ်ပြန်သည်။
ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင်ပြည်သူများဖြစ်သည့် အသက် သုံးနှစ်အရွယ် ကလေး တစ်ဦး၊ ကိုယ်ဝန်ငါးလလွယ်ထားရသည့် အမျိုးသမီး တစ်ဦးအပြင် အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးလေးဦး စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့သည်။ ထို့အပြင် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို လူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဆိုသည်။
ပလက်ဝမြို့နယ်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလကတည်းက AA က ထိန်းချုပ်ထားခြင်းဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူများအပါအဝင် ထိခိုက်ဒဏ်ရာရသူများပြားရသည့် အခြေအနေနှင့် ပတ်သက်၍ အရပ်သားများနေထိုင်သည့်နေရာကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်သည့်အတွက် ထိခိုက်သေဆုံးမှု များပြားရခြင်းဖြစ်သည်ဟု AA ပြောရေးဆိုခွင့်ရှိသူရုံးက Myanmar Now ကို ပြောသည်။
“ ပလက်ဝမြို့နယ်ကို လေကြာင်း တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်မှာ အခုလောက်ထိ အသေအပျောက်များရတာက အပြစ်မဲ့အရပ်သားနေတဲ့ နေရာတွေကို အကြမ်းဖက်စစ်ကောင်စီက ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေတာ ကြောင့် အပြစ်မဲ့ပြည်သူတွေသေဆုံး အနာတရ များရတာဖြစ်ပါတယ်”ဟု အထက်ပါရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ ဒါဟာ အလွန်ဆိုးဝါးရက်စက်အောက်တန်းကျတဲ့ လူယုတ်မာအကြမ်းဖက်သမားတွေရဲ့လုပ်ရပ် ဖြစ်ပါတယ်။ ဒါဟာလူသားမျိုးနွယ်အပေါ်မှာကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်သလို Geneva Convention ကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ပါတယ်” ဟု ထိုသူက ဆက်ပြောသည်။
ကုလားတန်မြစ်အရှေ့ဘက်ကမ်း သူဌေးကုန်းရွာမှာ ပလက်ဝမြို့မှ မိုင်အနည်းခန့်သာကွာဝေးပြီး ယခင်က ပလက်ဝမြို့သစ်စီမံကိန်းနယ်မြေတွင် ပါဝင်သည့်နေရာလည်းဖြစ်သလို ဆမီး- ပလက်ဝ- ကျောက်တော် လမ်းမကြီးဘေးရှိ ကျေးရွာလည်းဖြစ်သည်။
“နယ်မြေအနေထားအရအရင်က မြို့သစ်စီမံကိန်းဧရိယာထဲမှာပါတယ်။ အခုကတော့ ချင်းတွေက အဲ့ဒီမှာ သိပ်မရှိတော့ဘူး။ အများဆုံးကတော့ ရခိုင်တွေဖြစ်လိမ့်မယ်ထင်တယ်။ သုံးသပ်မယ်ဆိုရင်တော့ ကုန်သွယ်ရေး ဆိုတာထက် ရခိုင့်တပ်တော်ဘက်က စခန်းတွေရှိနိုင်တဲ့နေရာဖြစ်နိုင်တယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ပလက်ဝ ဒေသခံအမျိုးသား တစ်ဦးကပြောသည်။
လူနေကျေးရွာကို AA စခန်းများ ရှိသည်ဟု ယူဆ၍ ဗုံးကြဲချခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ဆိုကြသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။
ပလက်ဝမြို့နယ်မှ စစ်ရှောင်အရေးကူညီနေသူ အမျိုးသားတစ်ဦးကလည်း သူဌေးကုန်းရွာအတွင်း ဗုံးကြဲခံရကြောင်း၊ ရခိုင်ဘက်မှ စစ်ရှောင်သူအချို့ နေထိုင်ကြောင်း ပြောသည်။
“ULA/ AA ထိန်းချုပ်တဲ့နေရာမှာရှိတော့ သူဌေးကုန်းရွာက။ (ဗုံးကျတာက) ရွာထဲမှာလို့ပြောတယ်။ အိမ်တွေလည်း တော်တော်ပျက်စီးတယ်။ ရခိုင်ဘက်က စစ်ရှောင်တချို့ပါတယ်။ … ပလက်ဝ- ကျောက်တော် ကားလမ်းဘေးရွာ၊ အဲ့ဒီရွာက နည်းနည်းအတွင်းထဲမှာတော့ရှိတော့ရှိတယ်။ သူတို့ (စစ်တပ်)က သတင်းအချက်လက်ဘယ်လိုရလဲတော့မသိဘူး” ဟု ထိုအမျိုးသားက ဆိုသည်။
အိမ်ခြေ ဆယ်နှင့်ချီသာရှိသည့် ရွာငယ်တစ်ခုကို ဗုံးသီးဒါဇင်နှင့်ချီကြဲသည်မှာ မည်သည့်အကြောင်းရင်းကြောင့် သေချာမသိရကြောင်း၊ စစ်ရှောင်ပြည်သူများလည်း ခိုလှုံရာနေရာဖြစ်သဖြင့် လူထုကြားထဲ အကြောက်တရား ထည့်သွင်းရန် ရည်ရွယ်ချက်ဖြင့် ကြဲချလည်းဖြစ်နိုင်ကြောင်း အထက်ပါ ပလက်ဝ ဒေသခံကမှတ်ချက်ပြုသည်။
ထိုလေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် စစ်တပ်ခန့်အပ်ထားသည့် ချင်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စွမ်းအင်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်ကို Myanmar Now က အကြိမ်ကြိမ် ဆက်သွယ်သော်လည်းမရခဲ့ပါ။
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့ သုံးပွင့်ဆိုင်ထိစပ်နေသည့် ပလက်ဝမြို့နယ်မှာ ကုန်စည်စီးဆင်းမှု ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်နယ်အတွက် အရေးပါသည့် ဝင်ပေါက် တစ်ခုလည်းဖြစ်သည်။

အာရက္ခတပ်တော် ထိန်းချုပ်ထားရာဒေသများကို လေကြောင်းဖိအားပေးတိုက်ခိုက်နေသည့် စစ်တပ်သည် ပလက်ဝမြို့နယ်ကိုလည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ တတိယပတ်ကလည်း ပလက်ဝမြို့နယ် ပီချောင်းဆုံဒေသနှင့် အနီးဝန်းကျင်ရှိ လုံးတူ- ထိန်ကောင်းရွာဝန်းကျင် လမ်းပိုင်းတနေရာကို နှစ်ရက်ဆက် လေကြောင်း တိုက်ခိုက်ခဲ့ရာ ခြောက်လသား ကလေးအပါအဝင် ကိုးဦးသေဆုံးခဲ့ပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော်၏ မဟာမိတ်ဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် CPU/CPA က ထုတ်ပြန် ထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပလက်ဝမြို့နယ်မှ ထောင်နှင့်ချီသည့် စစ်ဘေးရှောင်များမှာ ပလက်ဝ- မတူပီမြို့နယ်စပ်ရှိ ကျေးရွာများတွင်တိမ်းရှောင်နေရသလို နယ်နိမိတ်ချင်းထိစပ်နေသည့် အိန္ဒိယနိုင်ငံ အိုက်ဇော နှင့် လောင်တလိုင်တွင်လည်း ခိုလှုံနေကြသည်။ ထို့အပြင် ဒေသခံအချို့မှာ ဟားခါး၊ ရန်ကုန် စသည့် မြို့ကြီးများအထိ တိမ်းရှောင်နေရကြောင်း ပလက်ဝမြို့နယ် စစ်ရှောင်အရေးကူညီနေသူများထံက သိရသည်။
ပြည်နယ်တခုလုံးနီးပါး လက်လွှတ်ထားရသည့် ရခိုင်ပြည်နယ်ကို ပြန်ရရေးအတွက် စစ်တပ်က အရပ်သား ပစ်မှတ်များပါမချန်လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေပြီး တစ်ဖက်တွင်လည်း ရခိုင်ပြည်နယ်ကို ပင်လယ်ပြင်ဘက်မှတဆင့် စစ်ကြောင်းတစ်ခု၊ နယ်နိမိတ်ချင်း ထိစပ်နေသော ချင်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဘက်မှတဆင့် မြေပြင်စစ်ကြောင်းများဖြင့် ထိုးဖောက်နိုင်ရန် ကြိုးပမ်းနေသည်။
ရခိုင်ပြည်နယ်ထိ လမ်းပေါက်သည့် ချင်းတောင်ပိုင်းကို နယ်မြေပြန်စိုးမိုးနိုင်ရန် မကွေးတိုင်း ယောဒေသ ဘက်မှတဆင့် မင်းတပ်နှင့် ကန်ပက်လက်မြို့ကို အင်အား ထောင်နှင့်ချီသုံး၍ မြေပြင်စစ်ကြောင်း ထိုးနေသည်မှာ ငါးလကျော်ကြာမြင့်နေပြီဖြစ်သည်။
အောက်တိုဘာလအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုများတွင် အရပ်ဘက်ဆိုင်ရာနေရာများ၊ လူနေ အဆောက်အအုံများ၊ စစ်ဘေးရှောင်စခန်းများနှင့် အခြေခံအဆောက်အဦများကို အများဆုံး ပစ်မှတ်ထားခဲ့ပြီး ထိုသို့တိုက်ခိုက်ရာတွင် တိုက်လေယာဉ်၊ Y 12 ၊ ဒရုန်းစသဖြင့် ပေါင်းစပ်အသုံးပြု၍ အလွှာစုံ လေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ကထုတ်ပြန်သည်။
CDM စစ်သားများနှင့်စုဖွဲ့ထားသော ထိုအဖွဲ့သည် စစ်တပ်လေကြောင်းတိုက်ခိုက်မှုများကို လေ့လာစောင့်ကြည့်၍ အစီရင်ခံစာများ ထုတ်ပြန်လျက် ရှိသည်။




