အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အာဆီယံနှင့် ဆက်ဆံရေး ပြန်လည်သုံးသပ်မည်ဟု ဦးမင်းအောင်လှိုင် ခြိမ်းခြောက်

အာဆီယံ၏ မြန်မာ့အရေးရပ်တည်ချက်သည် အဖွဲ့ဝင်သုံးနိုင်ငံ၏ ဘက်လိုက်မှုကြောင့်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က စွပ်စွဲပြီး ဘုံသဘောတူညီချက်ငါးရပ်ကိုလည်း မည်သည့်အခါကမျှ သဘောတူခဲ့ခြင်းမရှိဟု ဆိုသည်။

အာဆီယံထိပ်သီးအစည်းအဝေးက မြန်မာ့အရေးနှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့သည့် ဆုံးဖြတ်ချက်သည် ကျိုးကြောင်းဆီလျော်မှုမရှိကြောင်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြစ်တင်ဝေဖန်လိုက်ပြီး အာဆီယံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးကို ပြန်လည်သုံးသပ်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုလိုက်သည်။

စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီ အမတ်များ လွှမ်းမိုးထားသည့် နေပြည်တော်ရှိ လွှတ်တော်တွင် ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) နံနက်ပိုင်းက သုံးနာရီကြာ မိန့်ခွန်းပြောကြားစဉ် ဦးမင်းအောင်လှိုင်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အာဆီယံ၏ မြန်မာ့အရေးရပ်တည်ချက်သည် အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောထားကို ကိုယ်စားမပြုဘဲ အဖွဲ့ဝင်သုံးနိုင်ငံ၏ ဘက်လိုက်မှုနှင့် အစွဲအလမ်းများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ၎င်းက စွပ်စွဲခဲ့သည်။ သို့သော် မည်သည့် သုံးနိုင်ငံဆိုသည်ကိုမူ တိတိကျကျထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

“လုပ်ပိုင်ခွင့် ရှိတဲ့သူတွေ၊ လုပ်ပိုင်ခွင့် လူပုဂ္ဂိုလ် သုံး၊ လေးဦးကနေပြီးတော့မှ သူတို့ရဲ့ပုဂ္ဂိုလ်ရေးဆန္ဒနဲ့ ဆန့်ကျင်ဆွေးနွေးနေတာဖြစ်တယ်လို့ သုံးသပ်လို့ရပါတယ်။  ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အာဆီယံနဲ့ ဆက်ဆံရေးကိုလည်း ရှေ့ဆက်ပြီးတော့ သုံးသပ်ပြီး ဆောင်ရွက်သွားဖို့ ကျွန်တော်တို့အစိုးရအနေနဲ့ ဆုံးဖြတ်ထားကြောင်း ပြောလိုပါတယ်”ဟု ဦးမင်းအောင်လှိုင်က  ပြောသည်။

“ မြန်မာနိုင်ငံနဲ့ အာဆီယံဆက်ဆံရေး ပုံမှန် ပြန်လည်ဖြစ်ဖို့အတွက် မြန်မာနိုင်ငံရဲ့ ရပ်တည်ချက် အချုပ်အခြာ အာဏာနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားကိုလည်း ထည့်သွင်းပြီးမှ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်လက်ဆွေးနွေးသွားပါမယ်” 

၎င်းသမ္မတရာထူး ရယူပြီးနောက် သွားရောက်ခဲ့သည့် အာဆီယံနိုင်ငံများဖြစ်သော လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှားတို့က မြန်မာနိုင်ငံနှင့် ပုံမှန်ဆက်ဆံရေးရှိနိုင်ရန် လိုလားကြောင်း ပြောသည်ဟု ၎င်းက ဆိုသည်။​

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ ခင်ဗျားကို အာဆီယံဆွေးနွေးပွဲမှာ တွေ့ချင်တယ်လို့ ဒီလိုပြောကြတာတွေရှိတယ်၊ တချို့လည်း တရင်တနှီးပေါ့၊ တချို့လည်း အစည်းအဝေးမှာထည့်ပြောတာရှိတယ်၊ ဆိုတော့ အာဆီယံမှာ လုပ်နေတဲ့ ကိစ္စက နိုင်ငံအားလုံးရဲ့ ဆန္ဒမဟုတ်ပါဘူး”ဟု ဦးမင်းအောင်လှိုင်က ပြောသည်။ 

ထို့အပြင် ၂၀၂၁ ခုနှစ် ဧပြီလတွင် အာဆီယံက ချမှတ်ခဲ့သည့် မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးရပ်ကို ၎င်းအနေဖြင့် မည်သည့်အခါကမျှ သဘောတူခဲ့ခြင်းမရှိကြောင်းလည်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

အာဆီယံအဖွဲ့၏ အခြေခံမူတရပ်ဖြစ်သော အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရေးမူဝါဒကို မြန်မာနိုင်ငံအပေါ်တွင်သာ ခြွင်းချက်ထား၍ ကျင့်သုံးနေကြောင်းလည်း ၎င်းက စွပ်စွဲခဲ့သည်။

“အာဆီယံနိုင်ငံ အဖွဲ့ဝင်တစ်ခုကို နိုင်ငံရေးအရ ဖိအားပေးတာတွေ နိုင်ငံကို သိက္ခာကျခြင်းမျိုးလုပ်တာတွေ မရှိခဲ့ပါဘူး၊ မြန်မာနိုင်ငံကိုကျမှ လာပြီး လုပ်တာမျိုးတွေ တွေ့ရပါတယ်” ဟု ဦးမင်းအောင်လှိုင်က ပြောသည်။ 

အာဆီယံ၏ ဆက်ဆံပုံနှင့် ပတ်သက်၍ ဝေဖန်ရာတွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်ကြေးအဖြစ် နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်သန်းခန့်ကို ယနေ့အချိန်အထိ ပုံမှန်ပေးသွင်းနေသော်လည်း ထိုက်သင့်သည့် အကူအညီများ မရရှိကြောင်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ညည်းညူပြောဆိုခဲ့သည်။

“ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ အချိန်ကစပြီး နှစ်စဉ်ကြေးတွေလည်း ပေးပါတယ်။ တစ်နှစ်ကို ဒေါ်လာတစ်သန်းပါ။ ရက်ပိုင်းအတွင်းမှာပဲ နောက်ဆုံးပေးရမယ့်အရစ် ဒေါ်လာ သုံးသိန်းကျော် လက်မှတ် ထိုးပေးလိုက်ပါတယ်။ ကျွန်တော် ခွင့်ပြုလိုက်ပါတယ်။ နှစ်စဉ် မပျက်ပါဘူး။ ကျွန်တော်တို့ ပေးပါတယ်”ဟု စစ်ခေါင်းဆောင်က ဆိုသည်။ 

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ကြီးအပြီး အကူအညီအဖြစ် အာဆီယံမှ အမေရိကန်ဒေါ်လာ ၃၁ သန်းသာ ရရှိခဲ့ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ ထို့အပြင် ငလျင်ဘေးအပြီး ကမ္ဘာ့ဘဏ်ထံမှ ချေးငွေအသစ် တစုံတရာ ရရှိခဲ့ခြင်းမရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။


“ အာဆီယံက AHA စင်တာကနေ ကူတာ ၃၀ ဒသမ ၁၂၅ သန်း ပဲ အကူအညီရခဲ့ပါတယ်။ ကျွန်တော်တို့အစိုးရ အဲဒီကာလမှာ  နိုင်ငံခြားငွေအနေနဲ့ ၁ ဒသမ ၈ ဘီလီယံသုံးစွဲခဲ့ရပါတယ်။ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ သုံးရတာဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်တို့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ကနေ ဘာချေးငွေမှ၊ ဘာအကူအညီမှလည်း မရခဲ့ပါဘူး”  

စစ်ခေါင်းဆောင်၏ ယခုတုံ့ပြန်မှုသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးက မြန်မာစစ်အုပ်စု၏ နိုင်ငံရေးအဆင့် ကိုယ်စားပြုတက်ရောက်ခွင့်ကို ကန့်သတ်မှု ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် အာဆီယံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံအတွင်း အရပ်သားများကို အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ပြစ်တင်ရှုတ်ချခဲ့ပြီး ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရာ၌ အဓိပ္ပာယ်ရှိသည့် တိုးတက်မှုများ မရရှိမချင်း စစ်အုပ်စု၏ နိုင်ငံရေးအဆင့် ကိုယ်စားပြုတက်ရောက်ခွင့်ကို ဆက်လက်ကန့်သတ်ထားရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်မှုတွင် ရေရှည်တည်တံ့သည့် တိုးတက်မှုများ ရရှိလာပါက မြန်မာနိုင်ငံ၏ နိုင်ငံရေးအဆင့် ကိုယ်စားပြုပါဝင်ခွင့်ကို တဖြည်းဖြည်း ပြန်လည်ခွင့်ပြုနိုင်မည့် အလားအလာကို လည်း အာဆီယံက ဖွင့်ထားခဲ့သည်။

၂၀၂၁ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပခဲ့သည့် အာဆီယံအထူးထိပ်သီးအစည်းအဝေးသို့ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ထိုအစည်းအဝေးတွင် မြန်မာ့အရေး ဘုံသဘောတူညီချက်ငါးရပ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သဘောတူညီချက်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်သူအားလုံးအကြား တွေ့ဆုံဆွေးနွေးရန်၊ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရန်၊ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရန်နှင့် အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံသို့ လာရောက်၍ သက်ဆိုင်သူများနှင့် တွေ့ဆုံရန် စသည့်အချက်များ ပါဝင်သည်။

သို့သော် ထိုသဘောတူညီချက် ချမှတ်ပြီးနောက်ပိုင်းတွင်လည်း စစ်တပ်က တော်လှန်ရေးအင်အားစုများကို ထိုးစစ်ဆင်မှုများနှင့် အရပ်သားများအပေါ်တွင် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်မှုတွင် တိုးတက်မှုမရှိခြင်းကြောင့် အာဆီယံက အကြိမ်ကြိမ် ဝေဖန်ခဲ့သည်။

ထို့နောက် အာဆီယံသည် ဦးမင်းအောင်လှိုင်နှင့် စစ်အုပ်စု၏ အဆင့်မြင့်အရာရှိများကို ထိပ်သီးအစည်းအဝေးများနှင့် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပြီး နိုင်ငံရေးအရ ကိုယ်စားပြုခြင်းမရှိသည့် အရာရှိများကိုသာ တက်ရောက်ခွင့်ပြုခဲ့သည်။

ယခုနှစ်အစောပိုင်းတွင် စစ်တပ်က ဦးစီးကျင်းပခဲ့သည့် ရွေးကောက်ပွဲများအပြီး စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က သမ္မတရာထူး ရယူခဲ့သော်လည်း အာဆီယံက ယင်းကန့်သတ်ချက်များကို ဆက်လက်ထားရှိခဲ့သည်။

ဦးမင်းအောင်လှိုင်သည် မကြာသေးမီက အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့နှင့် သံတမန်ဆက်ဆံရေး ပြန်လည်တိုးမြှင့်ရန် ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ အာဆီယံကို ပြင်းထန်စွာ ဝေဖန်လိုက်ခြင်းဖြစ်သည်။

အာဆီယံနှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်မည်ဟု ခြိမ်းခြောက်ခြင်းသည် နှစ်ဖက်အကြား သဘောထားကွဲလွဲမှု ပိုမိုပြင်းထန်လာသည့် လက္ခဏာဖြစ်သော်လည်း မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ နုတ်ထွက်စေမည့် တရားဝင်အစီအစဉ်တစုံတရာကိုမူ ဦးမင်းအောင်လှိုင်က ကြေညာထားခြင်း မရှိသေးပေ။

အာဆီယံနှင့် ဆက်ဆံရေး သုံးသပ်ရန် ပြောဆိုခဲ့သော်လည်း အမေရိကန်နိုင်ငံနှင့် အတိုင်းအတာတစ်ခုအထိ ဆက်ဆံရေးရှိကြောင်း ဦးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့သည်။ 

“ ကျွန်တော်တို့အပေါ်မှာ အမြဲ ပြဿနာဖြစ်နေတဲ့ အင်အားကြီးနိုင်ငံ အမေရိကန်နဲ့လည်း ကျွန်တော်တို့ ဆွေးနွေးမှုရှိနေပါတယ်၊ ဘာပဲပြောပြော ဆက်ဆံမှုတစ်ခုတော့ရှိနေတဲ့ အတိုင်းအတာတစ်ခုတော့ ရှိပါတယ်။ သို့သော်လည်း ကျွန်တော်တို့ အလုံးစုံတော့ မမေ့ပျောက်သေးပါဘူး။ ဆက်ဆံမှုတွေ ဆွေးနွေးမှုတွေရှိနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အာဏာသိမ်းစစ်အစိုးရခေါင်းဆောင်က ၎င်းတို့အနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိကြောင်းပါ ထည့်သွင်းပြောဆိုသွားသည်။


နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles