Connect with us
close

Hi, what are you looking for?

LuduNwayOo

ဘာသာပြန် ဆောင်းပါး

“စစ်​ကောင်စီအတွက် အရင်းအနှီးကြီးတဲ့​ အောင်​ဇေယျစစ်ဆင်​ရေး “

စိတ်ဓာတ်ပိုင်းက အောက်စည်းရောက်နေတဲ့အပြင် စစ်ကောင်စီ တပ်တွေဟာ တပ်သားတွေ၊ သံချပ်ကာယာဉ်တွေ၊ လက်နက်ကြီး ယူနစ်တွေနဲ့ လေတပ် ပစ်ကူတို့ကို ချိန်သားကိုက် ပူးပေါင်းပြီး ရွေ့လျားစစ်ဆင် ချီတက်ရတဲ့ အခြေအနေမှာ အတွေ့အကြုံ နည်းလွန်းတဲ့ ဟာကွက်ကြီး တစ်ခုလည်း ရှိနေပြန်ပါတယ်။

"စစ်​ကောင်စီအတွက် အရင်းအနှီးကြီးတဲ့​ အောင်​ဇေယျစစ်ဆင်​ရေး "
"စစ်​ကောင်စီအတွက် အရင်းအနှီးကြီးတဲ့​ အောင်​ဇေယျစစ်ဆင်​ရေး "

(အပိုင်း ၁)

People’s Spring

နွှဲသမျှ ပွဲတိုင်းလိုလို အကွဲကွဲ အပြဲပြဲ ခံနေရတဲ့ ၆ လတာ ကာလအပြီးမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ အင်အား အလုံးအရင်း အသုံးပြုထားတဲ့ ထိုးစစ်ကြီး တစ်ခုကို အကောင်အထည် ဖော်လာပါတော့တယ်။ အဲဒီ စစ်ဆင်ရေးဟာ အရင်းအနှီးကြီးကြီး စွန့်စား ပုံအောထားရတာဖြစ်ပြီး စိတ်ဓာတ်ရေးရာအရ အကြီးအကျယ် အားတက်စရာ အောင်ပွဲ ဖြစ်နိုင်သလို ရှုံးလိုက်မယ် ဆိုရင်လည်း ဆိုးဆိုးရွားရွားတွေကို မျှော်လင့်ထားရပါလိမ့်မယ်။

ဆယ်စုနှစ်တွေ တော်တော်များများအတွင်း မြန်မာစစ်တပ်ရဲ့ အကြီးကျယ်ဆုံး နဲ့ တစ်ခုတည်းသော အထင်ရှားဆုံး စစ်ဆင်ရေးကြီးဟာ ကရင်အမျိုးသား အစည်းအရုံး (KNU)နဲ့ မဟာမိတ် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)တွေကို ဦးတည် တိုက်ခိုက်တာဖြစ်ပြီး ရည်မှန်းချက်ကတော့ စီးပွားရေးအရ အင်မတန် အချက်အခြာကျတဲ့ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး ဗဟိုချက် မြဝတီမြို့ကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ဖို့ပါပဲ။

Public Service Announcement

Public Service Announcement

ကုန်းဘောင်မင်းဆက်ရဲ့ အထင်ကရ မြန်မာဘုရင် အလောင်းမင်းတရားကို အစွဲပြုပြီး သူ့ရဲ့နာမည်ရင်းအတိုင်း အခု စစ်ဆင်ရေးကို အောင်ဇေယျ လို့မှည့်ခေါ်ထားပါတယ်။ ၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ချိန်ကစလို့ မြန်မာစစ်တပ်ရဲ့ သမိုင်းကြောင်းတလျှောက် အခြေအနေ အဆိုးဆုံးလို့ ယူဆရမယ့် ကာလမျိုးမှာ အောင်ဇေယျ စစ်ဆင်ရေးကို ဆင်နွှဲလာတာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်ထဲက နယ်စပ်ကုန်သွယ်ရေး ကဏ္ဍကနေ စစ်ကောင်စီရဲ့ နိုင်ငံခြား ဝင်ငွေ အရင်းအမြစ်တွေကို ပြန်လည် လက်လှမ်းယူနိုင်ဖို့ကိုရော၊ လက်ရှိ အရှုံးတွေကို သိက္ခာဆယ်ဖို့ အတွက်ပါ ဒီစစ်ဆင်ရေးက သိပ်အရေးကြီးပါတယ်။

ဒီကိစ္စထဲမှာ စစ်ကောင်စီနဲ့ အရင်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)တို့ကြားက ဆက်ဆံရေးကလည်း ရှုပ်ရှုပ်ထွေးထွေး ပါဝင်လာပြန်တယ်။ အခုအချိန်မှာတော့ BGFဟာ စစ်တပ် လက်အောက်ခံ အဖြစ်ကနေ ခွဲထွက်ပြီး ဘက်မလိုက် ဝါဒနဲ့ ရပ်တည်ပါတယ်လို့ ကြွေးကြော်ရင်း ကရင် အမျိုးသား တပ်မတော် (KNA)အဖြစ် ပြောင်းလဲ ဖွဲ့စည်းမယ်လို့ဆိုထားပါတယ်။ BGFဟာ စောချစ်သူရဲ့ ဦးဆောင်မှုနဲ့အတူ သောင်ရင်းမြစ် တဝိုက်မှာ တရုတ် ဒုစရိုက်ဂိုဏ်းတွေကို ကာစီနိုရုံတွေနဲ့ ငွေလိမ်ဂိုဏ်းတွေကို လည်ပတ်ခွင့်ပြုပြီး အကာအကွယ် ပေးထားတယ်။ နယ်စပ် ကုန်သွယ်ရေး ကဏ္ဍနည်းတူ အဲဒီကနေလည်း စစ်ကောင်စီဟာ အကျိုးအမြတ်တွေ ခွဲဝေရရှိခဲ့တယ်။

ကရင်ပြည်နယ်ထဲမှာ နိုင်ငံရေးအရ ကွဲပြားမှုတွေ ရှိနေတာကို မေ့ထားရင်တောင် လက်ရှိ စစ်ကောင်စီက ဆင်နွှဲနေတဲ့ စစ်ဆင်ရေးကြီးဟာ ထိန်းချုပ်နယ်မြေ အများအပြား ဆုံးရှုံးပြီးတဲ့အချိန် လက်ရှိ စစ်ကောင်စီရဲ့ စစ်ရေးစွမ်းရင်နဲ့ ပတ်သက်ပြီး လက်တွေ့ အကျဆုံး အကဲဖြတ်နိုင်မယ့် စိတ်ဝင်စားစရာ အခင်းအကျင်းတခု ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးရဲ့ ရလဒ်ကိုကြည့်ပြီး စစ်ကောင်စီ သက်ဆိုးဆက်ရှည်နေတာဟာ လပိုင်းလောက်ဖြစ်မလား ၊ နှစ်တွေနဲ့ချီ ကြားဦးမလား ဆိုတာကိုတောင် မှန်းဆကြည့်လို့ ရနိုင်ပါတယ်။

ဧပြီလလယ်မှာ စတင်ခဲ့တဲ့ စစ်ဆင်ရေးရဲ့ ကနဦး ရည်မှန်းချက်ဟာ အာရှ အဝေးပြေး လမ်းပေါ်က ကော့ကရိတ်မြို့နဲ့ မတ်လနှောင်းပိုင်းမှာ မွန်တော်လှန်ရေး အင်အားစုတွေ လက်ထဲ ကျရောက်ခဲ့တဲ့ ဂျိုင်းမြစ် အနောက်ဖက်ခြမ်းက ကော့ဘိန်းရွာတို့ကို ပြန်လည် သိမ်းယူနိုင်ဖို့ ဖြစ်ပါတယ်။ ကော့ဘိန်းကို လက်လွှတ်ရခြင်းဟာ ကီလိုမီတာ ၃၀ လောက်ပဲဝေးတဲ့ မွန်ပြည်နယ် မြို့တော်နဲ့ အထင်ကရ ဆိပ်ကမ်းမြို့ တစ်ခုဖြစ်တဲ့ မော်လမြိုင်ကို ကြီးကြီးမားမား ခြိမ်းခြောက်လာနိုင်တဲ့ အခြေအနေ တစ်ခုအဖြစ် စစ်ကောင်စီကသဘောပေါက်ပါတယ်။

ဧပြီ ၂၅ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ အဲဒီ ကနဦး ရည်မှန်းချက်တွေ ပြည့်မြောက်သွားတယ်။ ကော့ဘိန်းကို ပြန်သိမ်းနိုင်ခဲ့ပြီး ကုန်းကြောင်းရော၊ မြစ်ကြောင်းကနေပါ စစ်တပ်တွေ ဆက်ချီတက်ခဲ့တယ်။

ကော့ကရိတ်မြို့ ကိုလည်း ပြန်ထိန်းချုပ်လိုက်ပြီးတဲ့နောက် အခု အောင်ဇေယျ စစ်ဆင်ရေးရဲ့ ဦးစားပေး ရည်မှန်းချက် ဧရိယာကို ချုံ့ပစ်လိုက်လို့ ရသွားပါတယ်။ စစ်ကောင်စီဟာ စစ်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးထားတဲ့ ကော့ကရိတ်ကို သောင်ရင်းမြစ်ဝှမ်း၊ မြဝတီမြို့တို့နဲ့ ပိုင်းခြားထားရာ ဒေါနတောင်တန်းကို ဖြတ်သန်းချီတက်ဖို့ အဓိက အားစိုက်လာပါတယ်။

ဧပြီလထဲမှာ အပြန်အလှန် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အချိန် ဘက်မလိုက် ဝါဒီအဖြစ် ကြေညာထားသူ အခွင့်ရေးသမား စောချစ်သူကတော့ လောလောဆယ် မြဝတီကို ပြန်လည် ထိန်းချုပ်ထားတယ်။ မြို့ထဲမှာ အင်အား သိပ်များများ မရှိလှတဲ့ စစ်ကောင်စီရဲ့ အကြွင်းအကျန် တပ်အင်အား တချို့က စောချစ်သူရဲ့ KNAက ကာကွယ်ပေးထားလို့ လုံခြုံနေတယ်။

နေပြည်တော်က ဗိုလ်ချုပ်တွေရော၊ KNU ပါ ရှေ့တန်း စစ်မြေပြင်က အခြေအနေတွေကို သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ ထုတ်ပြန်တာမျိုး မရှိတာကြောင့် တိုက်ပွဲအနေအထားက ဘာတွေ ဖြစ်နေသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ အောင်ဇေယျ စစ်ဆင်ရေးနဲ့ ဆက်နွှယ်တဲ့ တိုက်ပွဲ အခြေအနေတွေကို ဆန်းစစ်တဲ့ အခါမှာတော့ ရှုထောင့်သုံးခုကိုမဖြစ်မနေ အလေးထားသင့်ပါတယ်။

ပထမဆုံး အရေးကြီးတဲ့ အချက်က စစ်ကောင်စီရဲ့ ဒုတိယ စစ်ဦးစီးချုပ်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် အောင်ဇေယျ စစ်ဆင်ရေးကို ကွပ်ကဲနေပါတယ်။ တစ်နည်းအားဖြင့် စစ်ဆင်ရေးရဲ့ အောင်မြင်မှုအပေါ် ဘယ်လောက် အလေးထားသင့်သလဲ ဆိုတာကို စစ်ကောင်စီက ကောင်းကောင်း သိနေတဲ့ သဘောပါပဲ။ မော်လမြိုင်မှာ အခြေစိုက်တဲ့ အရှေတောင်တိုင်းစစ်ဌာနချုပ် (ရတခ)အပြင် တခြားစစ်တိုင်းဒေသတွေက အရင်းအမြစ်တွေကိုပါ တော်တော်လေး မြှုပ်နှံ အသုံးပြုထားတယ်။

ဒီစစ်ဆင်ရေးမှာ စစ်တပ်ရဲ့ အဓိက အားအထားဆုံး တိုက်ခိုက်ရေး အင်အားစုတွေဖြစ်တဲ့ ခြေမြန်တပ်မ ၁၀ ခုထဲက ၃ ခုကို ထုတ်နုတ် အသုံးပြုထားတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာ အခြေစိုက်တဲ့ တပ်မ ၅၅၊ ကရင်ပြည်နယ်ရဲ့ မြို့တော် ဘားအံမှာ ဖြန့်ကျက်ထားတဲ့ တပ်မ ၂၂၊ မွန်ပြည်နယ်သထုံမှာရှိတဲ့ တပ်မ ၄၄ တို့ရဲ့ လက်အောက်ခံ တပ်တွေကို စုစည်းထားတာပါ။

ဒါတင်မကဘဲ အရင်ကတည်းက ကော့ကရိတ်မှာ အခြေစိုက်ထားပြီး တိုက်ပွဲဒဏ်ကြောင့် အတော်လေး ဖွဲ့စည်းပုံ အားလျော့နေတဲ့ အမှတ် ၁၂ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ ၁၂ )ရဲ့ လက်ကျန် တပ်ဖွဲ့ဝင်တွေလည်း ဒီစစ်ဆင်ရေးကြီးမှာ ပူးပေါင်းပါဝင်နေတယ်လို့ ယူဆရပါတယ်။ ဒီတော့စစ်တပ် ဖွဲ့စည်းပုံအရ တပ်ရင်း ၉ ရင်းစာလောက်နဲ့ ညီမျှတဲ့ စစ်သည်အင်အား ၁၀၀၀ ကနေ ၁၃၀၀ ကြားလောက်ထိ အောင်ဇေယျ စစ်ဆင်ရေးမှာ ပါဝင် တိုက်ခိုက်နေဖွယ် ရှိပါတယ်။

ယူကရိန်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ BTR-3U သံချပ်ကာ သယ်ယူပို့ဆောင်ရေးနဲ့ တိုက်ခိုက်ရေးယာဉ်တွေ၊ အရွယ်အစား ပိုသေးတဲ့ ရုရှားလုပ် BRDM ကင်းထောက် ယာဉ်ငယ်တွေကိုလည်း စစ်ပွဲမှာ စစ်ကောင်စီက ထုတ်သုံးနေတယ်။ လက်နက်ကြီး ပစ်အားမှာလည်း ထရပ်ကားတွေပေါ် တင်ဆောင်လာတဲ့ ၁၂၂ မမ နဲ့ ၂၄၀ မမ အတွဲလိုက်ပစ် (MLRS)တွေကို အားကိုးနေတယ်။ ၂၄၀ မမ MLRSဟာ မြောက်ကိုရီးယား နည်းပညာနဲ့ တည်ဆောက်ထားတာဖြစ်ပြီး ကီလိုမီတာ ၄၀ လောက် အကွာအဝေးက ပစ်မှတ်တွေကိုတောင် တာဝေးပစ်ခတ်နိုင်တယ်။

အောင်ဇေယျစစ်ဆင်ရေးမှာ စစ်ကောင်စီရဲ့ လေတပ်ကလည်း လေယာဉ် အမျိုးအစားပေါင်းစုံကို အသုံးပြုပြီး ခြေလျင်တပ်တွေကို ကူညီပေးနေတယ်။ ရုရှားလုပ် Yak-130 အမျိုးအစား အပေါ့စား တိုက်လေယာဉ်တွေ၊ Mi-35 Hind တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ၊ သက်တမ်း အတော်လေး ရင့်နေပြီဖြစ်ပြီး ရုရှားက တပ်ဆင် တည်ဆောက်တဲ့ MiG-29 တိုက်လေယာဉ်တွေ၊ ဘက်စုံသုံး တိုက်လေယာဉ်အဖြစ် တရုတ်နဲ့ ပါကစ္စတန် ပူးပေါင်း တည်ဆောက်ထားတဲ့ JF-17 တိုက်လေယာဉ်တွေ အကုန်လုံးကို ထုတ်သုံးနေပုံ ပေါ်ပါတယ်။ အဲဒီ JF-17တွေကို ၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာမသိမ်းခင် ကတည်းက လေတပ်က ဝယ်ယူထားတာဖြစ်ပြီး နည်းပညာပိုင်း ချွတ်ယွင်းမှုတွေ ဗရပွကြောင့် မပျံသန်းနိုင်ဘဲ အချိန်အတော်ကြာ မြေစိုက်ထားခဲ့ရတာပါ။ အခုတော့ အဲဒီလေယာဉ်တွေကိုပါ စစ်တပ်က အသုံးပြုနေတယ်လို့ ယုံကြည်ရပါတယ်။

လေတပ်မှာ လေယာဉ် အရင်းအမြစ်တွေ လွန်လွန်ကဲကဲ အသုံးချရလို့ အကျပ်ဆိုက်နေတဲ့ အထောက်အထား တစ်ခုကို နိုဝင်ဘာလတုန်းက ရှမ်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စပြီး တွေ့လာရတယ်။ အဲဒါကတော့ ဒလက်အင်ဂျင် နှစ်လုံးတပ်ထားတဲ့ တရုတ်လုပ် Y-12 အပေါ့စား သယ်ယူပို့ဆောင်ရေး လေယာဉ်တွေကို စစ်တပ်က ဗုံးကြဲလေယာဉ်အဖြစ် သုံးစွဲလာတာပါပဲ။ တကယ့် ဗုံးကြဲလေယာဉ်တွေလိုမျိုး ဗုံးတွေကို ပစ်မှတ်ချိန်ရွယ်ပြီး စနစ်တကျ ကြဲချတာ မဟုတ်ပါဘူး။ လေယာဉ် အဖွဲ့သားတွေက ၈၂ မမနဲ့ ၁၂၀ မမ မော်တာထိပ်ဖူးတွေကို လေယာဉ် ဘေးတံခါးဖွင့်ပြီး ရမ်းသမ်း ပစ်ချကြတာပါ။

ဒုတိယမြောက် ဆန်းစစ်ကြည့်သင့်တဲ့ ရှုထောင့်ကတော့ စစ်ဆင်ရေးရဲ့ တိုးတက်မှု အရှိန်အဟုန်ပါပဲ။ ပထမဆုံး အဆင့်မှာ အောင်ဇေယျ စစ်ဆင်ရေးရဲ့ ပင်မ ခြေကုပ်စခန်းအဖြစ် အသုံးချဖို့ ကော့ကရိတ်မြို့ကို ရအောင် ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီနောက် ဒေါနတောင်တန်းရဲ့ တစ်ဖက်ခြမ်းကို ရောက်ဖို့ အဓိက လမ်းကြောင်းနှစ်ခု ခွဲဖြန့်ပြီး ချီတက်ဖို့ စစ်ကောင်စီက ကြိုးစားနေတယ်။ ၂၀၁၅ ခုနှစ်ကမှ တည်ဆောက် ပြီးစီးခဲ့တဲ့ အာရှ အဝေးပြေး လမ်းမကြီးကနေ တစ်ဖွဲ့က ချီတက်ပြီး နောက်တစ်ဖွဲ့ကတော့ လမ်းဟောင်းအတိုင်း မြောက်ဖက်ကနေ ဒေါနတောင်တန်းကို ဖြတ်ကျော်ဖို့ပါ။ စစ်ကောင်စီဟာ တောလမ်းကနေ ချီတက်တဲ့ စစ်ကြောင်းကို အတတ်နိုင်ဆုံး သိုသိုသိပ်သိပ် တပ်ဖျောက်ပြီး တော်လှန်ရေး အင်အားစုတွေရဲ့ ခံစစ် အတားအဆီးတွေကို ကျော်နိုင်ဖို့ မျှော်လင့်ခဲ့ပုံ ရတယ်။ အဲဒီလမ်းဟာ ခြေလျင်ချီတက်ဖို့သာ အဆင်ပြေပြီး စစ်သုံးယန္တရားတွေနဲ့ သံချပ်ကာယာဉ်တွေကို အသုံးပြုနိုင်ဖို့ အကန့်အသတ် အရမ်းများပါတယ်။ အဲဒီ စစ်ကြောင်းရဲ့ တည်နေရာနဲ့ ရည်မှန်းချက် အောင်မြင်မှု အခြေအနေတွေကို သိဖို့တော့ ခက်ပါတယ်။

ကော့ကရိတ်ကနေ စစ်ကြောင်းတွေ စတင် ထွက်ခွာလာပြီး နှစ်ပတ်လောက် ကြာမြင့်တဲ့ထိ အခြေအနေအရ စစ်ကောင်စီ တပ်ဖွဲ့တွေ ရှေ့တိုးပြီး ချီတက်နိုင်တာက အတော်လေး နှေးကွေးနေဆဲလို့ သတင်းတွေက ဖော်ပြကြပါတယ်။ အာရှလမ်းအတိုင်း တောင်ပိုင်းကနေ ချီတက်တဲ့ စစ်ကောင်စီ တပ်တွေဟာ လမ်းတစ်ဝက်လောက် အရောက်၊ တောနော် ရေတံခွန်နားမှာ တော်လှန်ရေးတပ်တွေရဲ့ မာမာထန်ထန် ကြားဖြတ် ဟန့်တားမှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘူးလို့ ယူဆရပါတယ်။

အခြေအနေတွေကို ကြည့်ရင်တော့ စစ်ကောင်စီဟာ တော်လှန်ရေး အင်အားစုတွေကို တိုက်ခိုက်ရာမှာ လူအင်အား နဲ့ မြန်နှုန်းဆိုတဲ့ အဓိက အင်အားနှစ်ခုကိုပဲ ပုံအော အားကိုးရမယ့် အခြေအနေ ဖြစ်ပါတယ်။ တောင်ထူထပ်တဲ့ မြေပြင်အနေအထား၊ ကျဉ်းမြောင်းတဲ့ ချီတက်လမ်းတွေကြောင့် တော်လှန်ရေးဖက်က စောင့်ကြို ဟန့်တားမယ့် အစီအစဉ်တွေ ပိုပြီး ပြင်ဆင်နိုင်စေတဲ့ အားသာချက်မျိုးရှိနေတယ်။

စစ်ကောင်စီအတွက် လောလောဆယ် ခေါင်းခဲရတဲ့ ပြဿနာ တစ်ခုလည်း ရှိပြန်ပါတယ်။ အဲဒါကတော့ လက်အောက်ခံ တပ်တွေရဲ့ စိတ်ဓာတ် တက်ကြွမှု အခြေအနေပါပဲ။ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ အခုနှစ် မတ်လထိ အတောအတွင်း ဒေသခံ တော်လှန်ရေး အင်အားစုတွေနဲ့ တိုက်ခိုက်သမျှ တိုက်ပွဲတိုင်းမှာ စစ်ကောင်စီတပ်တွေ အလဲလဲ အကွဲကွဲ ရှုံးနိမ့်ခဲ့တယ်။ အကျိုးဆက် အနေနဲ့ စိတ်ဓာတ်ပိုင်းလည်း သိသိသာသာ ကျဆင်းနေတယ်။ လက်ရှိ အောင်ဇေယျ စစ်ဆင်ရေးရဲ့ အခြေအနေကလည်း ထင်ရှားမြင်သာတဲ့ အသာစီး ရလဒ်တွေ မရှိတာကြောင့် အဲဒီ စိတ်ဓာတ်ကျဆင်းမှုတွေကို ကုစားပေးဖို့ မဖြစ်နိုင်လောက်ပါဘူး။

စစ်ဆင်ရေး စတင်ပြီး သီတင်းသုံးပတ်တာ ကာလအတွင်း စစ်ကောင်စီ အသုံးပြုခဲ့တဲ့ စစ်အင်အားနဲ့ ပစ်အားတွေကိုလည်း ဆန်းစစ်ကြည့်သင့်ပါတယ်။ အဲဒီကာလအတွင်း စစ်တပ်ဖက်က သေကြေ ဒဏ်ရာရမှုတွေကြောင့် အနည်းဆုံး အင်အား ၃၀၀ လောက် ပြုန်းတီးမှု မရှိခဲ့ဘူးဆိုရင် အံ့ဩသင့်ပါတယ်။ ​တော်လှန်​ရေးတပ်​တွေ ဖက်က အကျအဆုံးကတော့ စစ်ကောင်စီထက် သေချာပေါက် ပိုနည်းမှာပါ။ ဒါပေမဲ့ ကိန်းဂဏန်း ခပ်သေးသေးတော့ ဖြစ်ဖွယ်မရှိပါဘူး။

စိတ်ဓာတ်ပိုင်းက အောက်စည်းရောက်နေတဲ့အပြင် စစ်ကောင်စီ တပ်တွေဟာ တပ်သားတွေ၊ သံချပ်ကာယာဉ်တွေ၊ လက်နက်ကြီး ယူနစ်တွေနဲ့ လေတပ် ပစ်ကူတို့ကို ချိန်သားကိုက် ပူးပေါင်းပြီး ရွေ့လျားစစ်ဆင် ချီတက်ရတဲ့ အခြေအနေမှာ အတွေ့အကြုံ နည်းလွန်းတဲ့ ဟာကွက်ကြီး တစ်ခုလည်း ရှိနေပြန်ပါတယ်။

(Asia Times သတင်းဌာနမှာ ​ဆောင်းပါးရှင် အန်​သိုနီ ​ဒေးဗစ်ရဲ့ “Myanmar’s faltering junta in a do-or-die offensive “ဆောင်းပါးကို ဘာသာပြန်ဆို​ဖော်ပြထားတာဖြစ်ပါတယ် ။​ဆောင်းပါး ပါ အာ​ဘော်က ​ဆောင်းပါးရှင်ရဲ့ အာ​ဘော်သာဖြစ်ပါတယ်)

ဆက်စပ်သတင်းများ

သတင်း

ဂျာမန်ကုမ္ပဏီ Traton SE၏ လက်အောက်ခံကုမ္ပဏီ MAN SEသည် Sinotruk ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ Sinotruk (Hongkong)တွင် ရှယ်ယာ ၂၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။

သတင်း

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၇ရက်ခန့်တွင် မော်လမြိုင်မြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ဧပြီ ၁၁ရက်တွင် ကော့ကရိတ်မြို့သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ လမ်းပိုင်းတလျှောက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြသည်။

သတင်း

အများပြည်သူသုံးနေရာများသည် GPS (တည်နေရာ) အလွယ်တကူရှာဖွေနိုင်ပြီး လေကြောင်းက အတိအကျတိုက်ခိုက်နိုင်ခြင်းကြောင့် ယခုလို သတိပေးရခြင်းဖြစ်သည်ဟု အဆိုပါဝါရင့်တော်လှန်ရေးခေါင်းဆောင်အချို့ သတိပေးလိုက်ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများသည် ယခင်ကလည်းအလင်းဝင်ရောက်လာရန် ချိတ်ဆက်မှုများရှိခဲ့သည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။