နိုဝင်ဘာ-၁၈၊၂၀၂၅။နေ့သစ်/People’s Spring
မန္တလေးတိုင်း၊မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA)ကဆုတ်ခွာပြီး စစ်တပ်ဝင်လာချိန်မှာတော်လှန်ရေးအဖွဲ့တွေကို မတိုက်ခိုက်ဖို့ ခေါ်ပြောတယ်လို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။
TNLAက မိုးကုတ်မြို့ကနေဆုတ်ခွာမယ်လို့အောက်တိုဘာလ ၂၉ရက်မှာ သတင်းထုတ်ပြန်ပြီးတဲ့နောက်မန္တလေးတိုင်းအတွင်းက PDFတပ်ရင်းတွေက မိုးကုတ်မြို့ကိုကာကွယ်မယ်လို့ တညီတညွတ်တည်းထုတ်ပြန်ခဲ့ကြပါတယ်။မန္တလေးတိုင်းက PDF တွေ ၊ပကဖ တွေအပြင် စစ်ကိုင်းတိုင်းကPDFတပ်ရင်းတွေပါ မိုးကုတ်မြို့ကိုကာကွယ်ဖို့မြို့ဝန်းကျင်ကို ရောက်ရှိနေကြတာပါ။
စပ်တပ်နဲ့အတူဝင်လာရင်သေနတ်မဖောက်ဖို့၊မတိုက်ခိုက်ဖို့ တော်လှန်ရေးတပ်တွေကို TNLAကနိုဝင်ဘာလ၁၆ ရက်နေ့မှာ ခေါ်ပြောခဲ့တာလို့ မိုးကုတ်မြို့အနီးရှိနေတဲ့တော်လှန်ရေးတပ်ရဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

Public Service Announcement
“ အဓိကကတော့ TNLA က ရှိသမျှတပ်တွေခေါ်ပြီး ချွေးသိပ်ပြီးတော့မှနှစ်သိမ့်နေတာပါပဲ” လို့ အထက်ပါတာဝန်ရှိသူတဦးကပြောပါတယ်။
နောက်ထပ်စစ်ကိုင်းတိုင်းဘက်က တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကလည်း မိုးကုတ်မြို့ထဲကနေ ဆုတ်ပေးထားရတယ်လို့ ဆိုပါတယ်။
ဒီသတင်းတွေကြောင့် မိုးကုတ်မြို့ဒေသခံ ပြည်သူ တွေစစ်ဘေးရှောင်နေကြပြီးမြို့ခံပြည်သူတဝက်ကျော်ဟာ ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
အော်တိုဘာလ၂၇ရက်နဲ့၂၈ရက်နေ့က တရုတ်နိုင်ငံကူမင်းမြို့မှာ စစ်ကောင်စီနဲ့ဆွေးနွေးပြီးတဲ့နောက် သတ်မှတ်ကာလအတွင်း မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကနေ တအာင်းတပ်တွေ ပြန်လည်ဆုတ်ခွာမယ်လို့ TNLAက အောက်တိုဘာလ၂၉ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။တအာင်းဒေသကိုလည်းမြန်မာစစ်
တပ်မှလေယာဉ်ဗုံးကြဲခြင်း၊ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမလုပ်ဘဲ နှစ်ဖက်ရောက်ရှိသည့်နေရာမှာ တပ် တွေရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ မန္တလေးPDF၊ မိုးကုတ်ဗျူဟာ၊ TRI ဗျူဟာတို့အပါအဝင် တော်လှန်ရေးတပ်တွေက မိုးကုတ်မြို့နဲ့ မန္တလေးတိုင်းကမြို့တွေကိုကာကွယ်မယ်လို့ကြေညာခဲ့ကြပါတယ်။ ဒေသခံတွေကလည်း မိုးကုတ်မြို့အရေးမှာ တရုတ်အစိုးရပါဝင်ပတ်သက်နေတာနဲ့စစ်ကောင်စီထံ TNLAက ပြန်အပ်မယ်ဆိုတာကို ကန့်ကွက်တဲ့အနေနဲ့ ရော ၊စစ်တပ်ပြန်ဝင်လာမှာကို ဆန့်ကျင်တဲ့အနေနဲ့နိုဝင်ဘာလ၆ရက်နေ့ည၈နာရီတိတိမှာသံပုံးတီးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အခုရက်ပိုင်းမှာတော့TNLAရဲ့ဖိအားကြောင့် တော်လှန်ရေးအင်အားစုတွေကြားမှာလည်း သဘောထားမညီမှုတွေရှိနေပြီး ပြန်တိုက်မယ်ဆိုတဲ့တဖွဲ့နဲ့ မတိုက်ဘဲ ရှောင်သွားမယ်ဆိုတဲ့အဖွဲ့ သဘောထားကွဲလွဲနေတယ်လို့ People’s Spring က စုံစမ်းသိရှိရပါတယ်။
“ TNLAကလည်း တရုတ်ဖိအားတော့ တော်တော်ကြီးနေတာမှန်ပေမဲ့အခုလောက်ထိတော့မကြောက်သင့်ဘူး” လို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
နိုဝင်ဘာလ၃၀ရက်နဲ့ ဒီဇင်ဘာလ၁ ရက်နေ့မှာ စစ်တပ်နဲ့TNLA တပ်တွေ မိုးကုတ်မြို့ကို ပူးတွဲပြီးဝင်ရောက်လာမယ်လို့ သိထားကြောင်း မြို့ခံသတင်းရင်းမြစ်တွေကပြောပါတယ်။
မိုးကုတ်နဲ့မိုးမိတ်မြို့ထဲကို စစ်တပ်စစ်ကြောင်းတွေနဲ TNLAအတူတူဝင်ရောက်လာမယ်ဆိုပြီး ထွက်ပေါ်နေတဲ့သတင်းတွေအပြင် ဒေသတွင်းမှာလက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး TNLAအနေနဲ့ လူထုကို အချိန်မီရှင်းလင်းချက်ပေးစေလိုကြောင်းဒေသခံပြည်သူတွေက တောင်းဆိုနေကြပါတယ်။
TNLAက အောက်တိုဘာလ၂၉ရက်နေ့ကထုတ်ပြန်တဲ့သတင်းနဲ့ နိုဝင်ဘာလ ၁ရက်နေ့မှာ ထုတ်ပြန်တဲ့ တအာင်း ဒေသကို စစ်ကောင်စီက လေကြောင်းလက်နက်ကြီးနဲ့တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းထုတ်ပြန်ပြီးနောက်ပိုင်း တိုက်ပွဲသတင်းထုတ်ပြန်ခြင်းမရှိတော့ပါဘူး။ မိုးကုတ်မှာလက်ရှိဖြစ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့လည်း လူထုကိုအသိပေးခြင်းမရှိတော့ပါဘူး။ TNLAပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့်ဆက်သွယ်လို့မရပါဘူး။
TNLA တပ်တွေ ဆုတ်ခွာချိန်မှာ တရုတ်ဖိအားပေးမှုကြောင့် TNLAက မလွှဲမရှောင်သာ စစ်ကောင်စီကို လုံခြုံရေးယူပေးပြီး မိုးကုတ်နဲ့ မိုးမိတ်ကို ဝင်လာမယ့် သတင်းတွေ ထွက်ပေါ်နေပြီး ဒီအခြေအနေနဲ့ပတ်သက်ပြီး ရှမ်းမြောက်အရေးလေ့လာသူက အခုလိုပြောပါတယ်။
“စောင့်ကြည့်ဖို့တော့လိုပါသေးတယ်။တကယ်လို့များ သတင်းထွက်နေသလို စကစနဲ့ TNLA ပူးတွဲပြီး မိုးကုတ်နဲ့ မိုးမိတ်နယ်ထဲဝင်လာရင်တော့ KIA နဲ့ PDF တွေက ပြန်လည်ခုခံတိုက်ခိုက်လာနိုင်ပြီး တိုက်ပွဲက ပြန်ပြီး ကျယ်ပြန့်လာနိုင်ပါတယ်” လို့ ရှမ်းမြောက်အရေးလေ့လာသူက ပြောပါတယ်။
တအာင်းသတင်းရင်းမြစ်တဦးကလည်း TNLAဟာ နိုဝင်ဘာ လကုန် နောက်ဆုံးထား ဆုတ်ခွာရမှာ ဖြစ်ပြီးတပ်အချို့ မြို့တွင်းကနေ မြို့ပြင်ကို ဆုတ်ခွာတာရှိတယ်လို့ပြောပါတယ်။ ဒါပေမဲ့ အပစ်ရပ်စဲရေးသဘောတူညီချက်မျာ စစ်ကောင်စီတပ်တွေကို TNLAကလုံခြုံရေးယူပေးရမယ်ဆိုတဲ့ အချက်ပါတာမတွေ့ဘူးလို့လည်း တအာင်းသတင်းရင်းမြစ်ကပြောပါတယ်။
“အတိအကျ ဆွေးနွေးထားတာမျိုးလည်းမတွေ့ရဘူးဗျ”လို့ တအာင်းသတင်းရင်းမြစ်ကနိုဝင်ဘာလဆန်းပိုင်းမှာပြောထားပါတယ်။
ကချင်းစစ်ရေးသတင်းရင်းမြစ်တဦးကတော့ TNLA တပ်တွေဟာ နိုဝင်ဘာ ၂၅ နောက်ဆုံးထားပြီးမိုးမိတ်က ထွက်မယ်လို့ ကြားရကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ သုံးသပ်ရေးသားထားပါတယ်။
ဒါအပြင်မိုးမိတ်ဟာ စစ်ကောင်စီရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)ဧရိယာဖြစ်ပေမယ့် မြောက်ဘက်ရွှေလီမြစ်တဘက်ကမ်း မဘိမ်း နဲ့.ဆက်စပ်နယ်မြေ မံစီ တ ကြောမှာ KIA ထိုင်ထားလို့ အဲဒီလမ်းကဝင်လာဖို့ မဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။
မိုးမိတ်ဟာ KIA တပ်မဟာ ၄ ၊ရင်း (၃၄)လှုပ်ရှားတဲ့နယ်မြေဖြစ်ပီး မိုးမိတ်အရှေ့ Manpat နဲ့ အနောက်ဘက်ဘော်ဒေး(မန်ကျည်းပင်တကြော)မှာ KPDF နဲ့အတူ အထိုင်ချထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဘော်ဒေး မှာ NUG၊ SSPP၊ ABSDF၊ KPDF၊ KIAနဲ့ TNLA တပ်တွေရှိတယ်လို့ အသိပေးပါတယ်။
ဆက်ပြီးတော့မိုးမိတ်ကို စစ်တပ်တပ်ဝင်လာနိုင်တဲ့ အခြေအနေတွေကိုလည်း ကချင်စစ်ရေးသတင်းရင်းမြစ်က အခုလိုခန့်မှန်းထားပါတယ်။
“အနောက်ဖက် တတက၁၃ (တွင်းငယ်) ကနေ လာနိုင်ပါတယ်…တွင်းငယ်မှNUG ၊ABSDF ၊PDF ၊PLA …စုဖွဲ့မှု ကောင်းသလိုမန်ကျည်းပင်တကြောမှာလည်း ဆိုခဲ့တဲ့အတိုင်း KIA, KPDF..တို့အသင့်ရှိနေပါတယ်။..။ အ ရှေ့ဖက်ကဆိုရင်,ကျောက်မဲ-မိုင်းငေါ့-manpat လမ်းအတိုင်းလာနိုင်ပါတယ်။
Manpat မှာKIAရင်း၃၄ ရှိနေပါတယ်။ အနောက်တောင်ဖက် ကျောက်မဲ-မိုင်းလုံ-မိုးကုတ်လမ်းအတိုင်းဝင်လာရင်…မိုးကုတ်ဗျူဟာ၊mdy-pdf ၊ စသည်ဖြင့်…ရှိနေပါတယ်။ အရှေ့မြောက်ဖက် မန်တုံ ၊မုံးဝီး တကြော ကနေလည်းလာနိုင်ပါတယ်” လို့ခန့်မှန်းရေးသားထားပါတယ်။
ဒါ့အပြင် မိုးမိတ်မှာလေဆိပ်ငယ်တခုရှိလို့ လေကြောင်းကလည်း ဝင်နိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။မိုးမိတ်ကိုစစ်တပ်စစ်ကြောင်းတွေ ဝင်လာရင် TNLA ရှိတဲ့ လမ်းတွေက ဆိုရင် TNLAကလမ်းဖွင့်ပေးမှရမယ့်အနေအထားလို့လည်း ရေးသားထားပါတယ်။ မိုင်းငေါ့၊ မိုင်းလုံ၊ မန်တုံ၊ မုံဝီ ဟာ TNLA ထိမ်းချုပ်နယ်မြေတွေဖြစ်ပြီး SSPPတပ်လည်း အနည်းအကျဉ်းရှိနိုင်တယ်လို့ ဆိုပါတယ်။
“TNLA-စကမ ပစ်ရပ်သဘောတူညီချက်အရ နှစ်ဖက်တပ်တွေ ရောက်ရာအရပ်မှာ ရပ်နေရမယ်လို့သဘောတူထားတယ်ဆိုရင်…စကမ စစ်ကြောင်းတွေမိုးမိတ်,မိုးကုတ်ကို အလွယ်တကူမရောက်နိုင်ပါဘူး။TNLA (သို့) အခြားတဖွဲ့ဖွဲ့က….လမ်းဖွင့်ပေးခဲ့မယ်ဆိုရင်တော့, ဖွင့်ပေးသူ ဟာ…မိအေးသုံးခါနာတဲ့ကိန်းကြုံရပါလိမ့်မယ်။ နယ်မြေရှုံးမယ်..တပ်ပေါင်းစုက ချေမူန်းတာခံရမယ်။ နိုင်ငံရေးတံတွေးခွက်ထဲ မျောသွားမယ်”လို့ကချင်စစ်ရေးသတင်းရင်းမြစ်က ရေးသားထားပြီး မိအေးသုံးခါမနာစေလိုဟု ဖော်ပြထားပါတယ်။
တအာင်းသတင်းရင်းမြစ်ကတော့လက်ရှိမှာTNLAအနေနဲ့ မဖြစ်မနေအပစ်ရပ်လိုက်ရပေမယ့် အထင်အမြင် မလွဲမှားစေချင်ဘူးလို့ ပြောပါတယ်။
“TNLAကိုနွေဦးတော်လှန်ရေးထဲပါဖို့ခက်ခဲအောင် ဆန္ဒစောပြီး ပြစ်တင်ဝေဖန်တာမျိုးမဟုတ်ဘဲ ပူးပေါင်းနိုင်တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ အပစ်ရပ်တာဟာ ကာလတခုပါပဲ။ စကစ ကျရှုံးမှသာ နိုင်ငံရေးပြဿနာပြေလည်မယ်ဆိုတာ TNLAက လက်ခံယုံကြည်ထားတယ်” လို့ တအာင်းသတင်းရင်းမြစ်က ပြောပါတယ်။
မိုးကုတ်မြို့ခံတစ်ဦးကတော့ ” TNLAအနေနဲ့ အခုလောက်အထိ မျက်နှာပြောင်မတိုက်သင့်ဘူး” လို့ ဝေဖန်ပါတယ်။





















































