ဇော်ဟိတ်/People’s Spring
နံနက်အလင်းရောင်စဝင်ခါစ တောသူတောင်သားများ မျက်နှာသစ်ပြီး တောထဲသွားဖို့ပြင်ရုံရှိနေချိန် ရွာထဲတွင် သေနတ်သံတစ်ချက်ကြားလိုက်ရသည်။ စစ်အုပ်စုက ရုတ်တရက်ပစ်ခတ်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ရွာသူရွာသားများ ကြောက်အားလန့်အားဖြင့် ထပြေးကြရတော့သည်။
“ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ရတာ။ ဖုန်းတွေမပါဘူး။ ပိုက်ဆံအိတ်တွေမပါဘူး။ အကုန်လုံးနီးပါး ကျန်ခဲ့ကြတာ။ အဲချိန်မှာဘယ်သူ့ဘယ်သူမှလည်းမကယ်နိုင် ကိုယ်လွတ်ရုန်းပြေးခဲ့ကြရတာ။” ဟု ရွာခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-အမြင့်လမ်းရှိ ထနောင်းတောတောင်ရွာကို ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ နံနက် ၆ နာရီမထိုးမီ ၁၅ မိနစ်ခန့်အလိုတွင် အင်အား ၆၀ နီးပါးပါသော စစ်ကောင်စီတပ်က ရုတ်တရက်ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်သည်။
ဆိုင်ကယ်ဖြင့်ပြေးရန်ကြိုးစားသူများမှာလည်း ဆိုင်ကယ်ပေါ်ရောက်ပြီးမှ စက်နှိုးမရ၍ ထားခဲ့ကာ လူလွတ်ထွက်ပြေးရသူတွေလည်းရှိသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုလေဖြတ်သူကိုသယ်ပိုးဖို့အခွင့်အရေး မရခဲ့ကြတော့ပေ။

“ အချိန်နည်းနည်းလေးမှကို ကြိုမသိဘူး။ ရွာထဲရောက်ပြီး ဂန်း(သေနတ်)ဖောက်ပြီဆိုမှသိတာ။ သူတို့နဲ့ထိပ်တိုက်တိုးပြီး မိသွားတဲ့သူတွေလည်းရှိတယ်။” ဟု နယ်ခံတစ်ဦးက ပြောသည်။
ထနောင်းတောရွာသည် စစ်ကောင်စီတပ်နှင့် ယခုမှနဖူးတွေ့ဒူးတွေ့ဆုံဖူးသည်တော့ မဟုတ်ပါ။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ထနောင်းတောတောင်ရွာနှင့် မြောက်ရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက်ဝင်ရောက်ခဲ့အကြမ်းဖက်ခဲ့ဖူးသည်။ထိုစဥ်ကနေအိမ် ၇ လုံး မီးရှို့ဖျက်ဆီးခဲ့ကာအရပ်သားပြည်သူတစ်ဦးနှင့် PDF တပ်ဖွဲ့ဝင် တစ်ဦးကိုပါ သတ်ဖြတ်သွားခဲ့ဖူးသည်။
သို့သော်ယခုအကြိမ်တွင်တော့ မထင်ထားသည့် နံနက်လင်းအားကြီးချိန်ဝင်ရောက်လာခဲ့၍ ပြေးနိုင်သူလွတ်ခဲ့သော်လည်း မပြေးနိုင်သူ အထူးသဖြင့် သက်ကြီးရွယ်အိုများ ရွာထဲတွင် ကျန်ရစ်ခဲ့ကြသည်။
စစ်အုပ်စုပစ်ခတ်ပြီးဝင်လာတော့ ထနောင်းတောတောင်ရွာနေ အသက်၆၈ နှစ်အရွယ် ဦးမျိုး(အမည်လွှဲ)တစ်ယောက် ကျန်သည့်မိသားစုဝင်တွေထွက်ပြေးခိုင်းခဲ့သော်လည်း သူကိုယ်တိုင်ကတော့ နေအိမ်မှာပင်နေရစ်ခဲ့သည်။
သူတို့ နေအိမ်တွင် အသက် ၈၇ နှစ်အရွယ် ယောက္ခမဖြစ်သူအမေကြီးမှာ လေဖြတ်ပြီး အိပ်ရာမှမထနိုင်ပေ။ ကိုယ်လွတ်ရုန်းပြေးလျှင်ရသော်လည်း မိဘသဖွယ်ဖြစ်နေသည့် ယောက္ခမကြီးကို သမက်ဖြစ်သူမှာမထားရက်။ ထို့ကြောင့် အမယ်ကြီးအိုကို ပွေ့ချီရင်း ရွာအပြင်အထိမပြေးနိုင်၍ အိမ်သာထဲကိုဝင်ပုန်းခဲ့ကြသည်။
ရွာထဲသို့ဝင်ရောက်ပြီး တစ်နာရီခန့်အကြာ နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီတပ်သည် ဘာတိုက်ပွဲမှဖြစ်ပွားခြင်းလည်းမရှိဘဲ နေအိမ်များကို မီးစတင်ရှို့ပါလေတော့သည်။

နွေဦးပေါက်တောင်လေမြူးမြူးတွင် ထနောင်းတောတောင်ရွာရှိ နေအိမ်များ တစ်လုံးပြီးတစ်လုံး မီးတင်ရှို့ခံခဲ့ရသည်။
နေအိမ်တစ်လုံးဖြစ်မြောက်ဖို့ နှစ်ပေါင်းများစွာကြိုးစားခဲ့ရသော်လည်း စစ်ကောင်စီ၏လက်ချက်ကြောင့် ထနောင်းတောတောင်ရွာရှိ နေအိမ်အလုံး ၆၀ခန့်မှာ နာရီပိုင်းအတွင်း ပြာကျခဲ့ရသည်။
ထိုစစ်ကြောင်းသည် မုံရွာ-မန္တလေးအမြန်လမ်းရှိ မြေနဲကျေးရွာအဝင် စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများဖြစ်သည်။ ရွာကို အကြမ်းဖက် မီးရှို့သူများတွင် မနီးမဝေးရှိ မုံရွာနယ်၏ နာမည်ကျော် ပျူစောထီးရွာဖြစ်သော တောပုရွာမှပျူများလည်း ပါဝင်ကြောင်း နယ်ခံများက ပြောသည်။
အားရအောင် မီးရှို့ ဖျက်ဆီးပြီးနောက်စစ်ကောင်စီတပ်က နံနက် ၁၁ နာရီခွဲခန့်တွင် တောပုမြောက်ပိုင်းပျူကျေးရွာသို့ ဝင်သွားကြသည်။ တောပုရွာမှတဆင့် ဆိုင်ကယ်၁၅စီးဖြင့် ၄င်းတို့တပ်စွဲရာ စွမ်းရည်ထက်ဆီဆိုင်သို့ပြန်သွားခဲ့ကြလေသည်။

စစ်အုပ်စုထွက်ခွာသွားပြီးနောက် ပကဖရဲဘော်များ၊ အနီးဝန်းကျင်လူငယ်များ၊ စစ်ရှောင်ကူညီသူများက ရွာအတွင်းဝင်ရောက်၍ မီးငြှိမ်းသင့်တာငြှိမ်းခဲ့ကြသည်။
နေအိမ်တစ်အိမ်ရောက်တော့ အိမ်သာထဲက အသံတစ်သံကိုကြားလိုက်ကြရသည်။ အိမ်သာမှာမီးစွဲလောင်ထားပြီး အပြင်ကပါချက်ထိုးထားသည်။ ဖွင့်
ကြည့်လိုက်တော့ အသက်၈၀ ကျော်ယောက္ခမကြီးနှင့် ၆၀ ကျော်သမက်တို့ လဲကျနေသည်ကို တွေ့လိုက်ရသည်။
ယောက္ခမဖြစ်သူအမေကြီးမှာ သေဆုံးသွားခဲ့ပြီဖြစ်သည်။ သမက်ဖြစ်သူမှာတော့ အသက်ငွေ့ငွေ့သာကျန်တော့သည်။ ရှေးဦးသူနာပြုစုနည်းဖြင့် အသက်ကယ်ခဲ့သော်လည်း သမက်ဖြစ်သူကိုလည်းမကယ်နိုင်ခဲ့ကြတော့။
၎င်းတို့နှစ်ဦးအိမ်သာထဲရှိနေသည်ကို စစ်ကောင်စီတပ်က သိလျက်နှင့် ထွက်မပြေးနိုင်အောင် အိမ်သာတံခါးကို ချက်ထိုးကာ မီးရှို့သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သွားရောက်ကူညီခဲ့သူများက ပြောသည်။
“ ယင်လုံအိမ်သာကို ကလန့်ထိုးပြီး ဘေးကနေမီးရှို့လိုက်တာ။” ဟု သွားရောက်ကူညီခဲ့သူတစ်ဦးကအတွေ့အကြုံကို ပြောပြသည်။

ထိုနှစ်ဦးတင်မကသေးပေ။ လေဖြတ်နေသည့် အသက် ၆၃ နှစ်အရွယ် ဘကြီးတစ်ဦးမှာလည်း မပြေးနိုင်၍ နေအိမ်တွင် ကျန်ရစ်ခဲ့ရပြီးနောက် စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် မီးထဲပါ၍ ကွယ်လွန်ခဲ့ရသည်။
သက်ကြီးရွယ်အို၃ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရသည့်ဖြစ်စဥ်သည် ထိုကျေးရွာတစ်ဝိုက်တွင် ပထမဆုံးကြုံခဲ့ရခြင်းလည်းဖြစ်သည်။
စစ်အုပ်စုသည်အာဏာလုပြီးနောက် ၂၀၂၁ မေလမှ စ၍ ပြည်သူ့နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ရာ ၂၀၂၃ ဇန်နဝါရီလကုန်အထိ့ နိုင်ငံတစ်ဝန်း နေအိမ်အဆောက်အအုံပေါင်း ၅၅၄၈၄ အိမ်ကိုဖျက်ဆီးခဲ့သည်။ထိုအထဲတွင် စစ်ကိုင်းတိုင်းမှာ နေအိမ်အဆောက်အအုံပေါင်း ၄၃၂၉၂ လုံးဖြင့် အများဆုံးဖြစ်ကြောင်း စစ်အုပ်စုမီးရှို့ဖျက်ဆီးသောအချက်အလက်များကိုပြုစုထုတ်ပြန်ပေးနေသော Data For Myanmar ကဖော်ပြသည်။ ဖေဖော်ဝါရီ နှင့် မတ်လတွင် စစ်တပ်က စစ်ကိုင်း၊မန္တလေး ၊တနသာ်ရီတိုင်းအပါအဝင်ဒေသအများစုကို ထိုးစစ်ဆင်ပြီး မီးရှို့ဖျက်ဆီးမှု ပိုလုပ်လာသဖြင့် ယခုနောက်ဆုံးအခြေအနေမှာ ဇန်နဝါရီလကုန်ကထက် နေအိမ်အဆောက်အအုံသောင်းချီပိုများလာမည်ဖြစ်သည်။


ထိုအပြင် အကြမ်းဖက်စစ်အုပ်စုကပြည်သူများကို ဖမ်းဆီးသတ်ဖြတ် အကြမ်းဖက်မှု များကိုတိုးလုပ်နေသည်။ ၂၀၂၃ မတ် လ ၁၇ ရက်အထိ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)ကအချက်အလက်ရသမျှစုဆောင်းထုတ်ပြန်ထားသောစာရင်းအရ ထနောင်တောတောင်ရွာမှ သက်ကြီးရွယ်အို ၃ ဦးကဲ့သို့အသတ်ခံရသော ပြည်သူပေါင်း ၃၁၄၂ ဦးရှိနေပြီဖြစ်သည်။
“ ကြောက်စိတ်လည်းဖြစ်သလို မခံချင်စိတ်လည်း ပိုပြင်းပြလာတယ်။ သူတို့ရဲ့ယုတ်မာရက်စက်မှုတွေက ဒီလောက်အထိတောင် ယုတ်မာလိမ့်မယ်လို့ ထင်လည်းမထင်ခဲ့မိဘူး။ ဒီလောက်အထိဖြစ်သွားလို့ ပိုပြီးလည်းဒေါသထွက်မိတယ်” ဟု နယ်ခံတစ်ဦးက ခံပြင်းစွာဖြင့်ပြောလိုက်သည်။
