Scorpio/People’s Spring
စစ်ကောင်စီရဲ့ စက်သုံးဆီချွေတာရေး စုံမခွဲတဲ့စနစ်ဟာ ပြည်သူတွေကို အတော်လေးဒုက္ခပေးနေပါတယ်။ စုံမခွဲတဲ့စနစ်ဟာ အပြင်ထွက်ခွင့်နဲ့ စက်သုံးဆီဝယ်ယူခွင့်အတွက် ဖြစ်တာမို့ ပြည်သူတွေဟာ စုံမခွဲတဲ့စနစ်အမျိုးမျိုးကြားမှာ အဆင်မပြေမှုတွေ ဖြစ်ပွားနေတာပါ။
ဂဏန်းနံပါတ်ကို နှစ်နဲ့စားရင်ပြတ်တာ စုံ၊ နှစ်နဲ့စားလို့မပြတ်တာ မ လို့ သိကြပြီးသားပါ။ အဲဒီမှာ ရှုပ်ထွေးကုန်တာက ထုတ်ပြန်တဲ့ စစ်ကောင်စီရယ်၊ ဖမ်းကြမယ့်ယာဥ်ထိန်းရဲရယ်၊ ဆီရောင်းမယ့် ဆီဆိုင်တွေရယ် တစ်ခုနဲ့တစ်ခု စုံမခွဲတာကို ဘယ်နေရာကဂဏန်း ယူမလဲဆိုတာ မကွဲပြားတာ ပြဿနာတက်နေတာပါ။

စစ်ကောင်စီထုတ်ပြန်ချက်မှာ နမူနာပေးထားတာက 1A၊ 3A ဆို ‘မ’၊ 2A 4A ဆို ‘စုံ’လို့ နမူနာပေးပါတယ်။ နှစ်လုံးတွဲဂဏန်းတွေကို နမူနာပေးမထားတဲ့အတွက် နှစ်လုံးတွဲဂဏန်းဆိုရင် ရှေ့က ဂဏန်းကို ယူတဲ့သူလည်းရှိသလို နောက်ဂဏန်းကို ယူတဲ့သူလည်း ရှိနေပါတယ်။

Public Service Announcement
ဥပမာ နံပါတ် 78W၊ 12345 ဆိုပါစို့။

အဲဒီနံပါတ်ဟာ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရဆိုရင် စုံပါ။ ဒါကို စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်နေဆဲဖြစ်တဲ့၊ Facebook လူမှုကွန်ရက်မှာ လူသိများတဲ့ ယာဥ်ထိန်းအရာရှိ Nay Myo Thu Ra ဆိုသူက “ 78 W ဆိုရင်
ရှေ့ဂဏန်း 7 ကိုယူပါ့မယ်။ ဒါကြောင့် “ မ” ပါ။
69 W ဆိုရင် ရှေ့ဂဏန်း 6 ကိုယူပါ့မယ်။ ဒါကြောင့် “ စုံ” ပါ” တဲ့။ ပြည်သူတွေပိုလို့ ရှုပ်ထွေးသွားစေခဲ့တယ်။

“ တကယ်က ယာဉ်ထိန်းဌာနရဲ့သက်ဆိုင်ရာတွေပဲ အရင်ညှိရမှာ။ သူတို့ဘာသာကို ၂မျိုးကွဲနေတာ” လို့ နေပြည်တော်က အခြားအမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီနဲ့ ယာဥ်ထိန်းရဲ မညီကြသလိုပဲ ဆီဆိုင်တွေလည်း မညီကြပါဘူး။ အထက်ပါ 78W ဆိုရင် ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ရှေ့ဂဏန်းကို ယူတဲ့ဆိုင်သာ သွားဝယ်မိရင် “ မ” လို့သတ်မှတ်ပြီး ရောင်းချပေးမှာ မဟုတ်ပါဘူး။
နောက်ထပ်ပိုဆိုးတာကတော့ နှစ်လုံးတွဲဂဏန်းကိုပေါင်းပြီး နှစ်နဲ့စားတာတွေ၊ နံပါတ်လေးလုံးက နောက်ဆုံးဂဏန်းကိုယူတာတွေလည်း ရှိနေတာကြောင့် ပိုရှုပ်ထွေးသွားစေခဲ့ပါတယ်။
ဒါကြောင့် ပြည်သူတွေဟာ ပထမဆုံးရက်ဖြစ်တဲ့ မတ်လ ၇ ရက်နေ့မှာတင် တိုင်ပတ်ခဲ့ပါတယ်။ ဒေသအသီးသီးမှာ စစ်ကောင်စီဖွဲ့ထားတဲ့အဖွဲ့တွေက နံပါတ်နဲ့ရက် တိုက်ပြီး စစ်ဆေးခဲ့ကြတယ်။ အဲဒီမှာ ပြည်သူတွေနဲ့ အငြင်းပွားရတာတွေရှိတယ်။
စစ်ဆေးရေးအဖွဲ့နဲ့ ပြဿနာတက်နေကြသလို ဆီဆိုင်တွေမှာလည်း စုံမပြဿနာကြောင့် ဂယက်ရိုက်နေပါတယ်။
နေပြည်တော်မှာတော့ ဥတ္တရသီရီ Denko ဆီဆိုင်က ဆိုင်ကယ်နံပါတ်ရဲ့ရှေ့ဆုံးဂဏန်းကိုသာယူပြီး 56W ဆိုရင် ရှေ့က နံပါတ် ၅ ကိုပဲယူကာ မဂဏန်းအဖြစ် သတ်မှတ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ စာတတ်သူမှန်သမျှ တစ်ကမ္ဘာလုံးက လူတွေသိတာက ၂ နဲ့ စားလို့ပြတ်ရင် “ စုံ” ၊ မပြတ်ရင် “ မ” လေ။ မြေပြင်မှာ အငြင်းပွားစရာဖြစ်မယ့်အရေးကစပြီ” လို့ ၎င်းအမျိုးသမီးက ပြောပါတယ်။
အလားတူ မန္တလေးမြို့မှာလည်း ဆီဆိုင်တွေဟာ စုံမခွဲခြားတဲ့စနစ် အမျိုးမျိုးဖြစ်နေကြတာကြောင့် ဆီဝယ်ယူရတာခက်ခဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “ အကြာကြီးတန်းပြီးမှ စုံဂဏန်းလို့သတ်မှတ်တယ်ဆိုပြီး ဝယ်မရခဲ့ဘူး” လို့ မန္တလေး မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီကတော့ ပြည်သူတွေ ဘယ်လိုဖြစ်နေနေ ဂရုမစိုက်ဘဲ အဖွဲ့စုံပါတဲ့ စစ်ဆေးရေးအဖွဲ့နဲ့ အရေးယူဖို့ ပြင်နေပါပြီ။
အဲဒီအဖွဲ့မှာ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး နယ်မြေခံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တရားရေးဌာန၊ ဥပဒေဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီနဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့မှ ကိုယ်စားလှယ်တွေ ပါဝင်မယ်လို့ သိရပါတယ်။
ဒါ့အပြင် ရပ်ကွက်ထဲက ပြည်သူ့စစ်ခေါ် ပျူစောထီးတွေလည်း ပါဝင်မှာဖြစ်ကြောင်း မန္တလေးမြို့ခံအချို့က ပြောပါတယ်။ “ အဲဒါဖမ်းဖို့ ပျူတွေကို သင်တန်းပေးနေတယ်ပြောတယ်” လို့ မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပညာပေးကာလကို မတ်လ ၁၃ ရက်နေ့အထိ သတ်မှတ်ထားပြီး မတ်လ ၁၄ ရက်နေ့ကစကာ အရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပါတယ်။
ပြစ်ဒဏ်အနေနဲ့ အလုပ်မဲ့ထောင်ဒဏ် (၁) လ၊ ငွေဒ-ဏ် ကျပ် (၂) သောင်း ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း စစ်ကောင်စီက ခြိမ်း
ခြောက်အသိပေးထားတာပါ။
စစ်ကောင်စီက မန္တလေးမြို့က Non CDM ဝန်
ထမ်းတွေကိုတော့ နေ့စဥ်ထွက်လို့ရတဲ့ကတ်ပြားတွေ ပေးဝေထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ပြည်သူအစစ်အမှန်တွေကတော့ အမျိုး
မျိုးအဖုံဖုံသော စုံမစနစ်မျိုးစုံကြောင့် ခေါင်းတွေရှုပ်ထွေးနေကြပါတယ်။
“ ခက်ခဲတဲ့သူတွေကတော့ ငြီးမနေတော့ဘူး။ စားဝတ်နေရေးအတွက် ဘာမှဂရုမစိုက်နိုင်ဘူး။ ထွက်နေကြတာပဲ” လို့ မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ ။

















































