close
Connect with us

Hi, what are you looking for?

ဆောင်းပါး

မြစ်ဆုံစီမံကိန်းကန့်ကွက်ခဲ့သူအချို့စစ်အုပ်စုနောက်လိုက်ဖြစ်သွားတဲ့အခါ…

စစ်တပ်က ကချင်ပြည်နယ်မှာ ဗုံးပတ်ကြဲ​နေတဲ့တချိန်တည်းမှာပဲ အာရုံစိုက်လုပ်​နေတာတစ်ခုရှိ​နေပါတယ် ။ အာဏာသိမ်းစစ်အုပ်စုက မြစ်ဆုံဆည်စီမံကိန်း ပြန်စဖို့ ​ဒေသခံ​တွေကို စည်ရုံး​နေတာပဲဖြစ်ပါတယ်။

ရွက်ဝါ/People’s Spring

စစ်တပ်က ကချင်ပြည်နယ်မှာ ဗုံးပတ်ကြဲ​နေတဲ့တချိန်တည်းမှာပဲ အာရုံစိုက်လုပ်​နေတာတစ်ခုရှိ​နေပါတယ် ။ အာဏာသိမ်းစစ်အုပ်စုက မြစ်ဆုံဆည်စီမံကိန်း ပြန်စဖို့ ​ဒေသခံ​တွေကို စည်ရုံး​နေတာပဲဖြစ်ပါတယ်။

၂၀၂၅ခုနှစ် ဒီဇင်ဘာကစပြီး ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်တွေ၊ ဝန်ကြီးတွေတစ်​ယောက်ပြီးတစ်​​ယောက်လာပြီး ​ဒေသခံလူထုတွေ့ဆုံပွဲတွေ လုပ်၊ မြစ်ဆုံစီမံကိန်းပြန်စဖို့ စည်းရုံးလာကြပါတယ်။

“သူတို့က စည်းရုံးရေးကတော့ ခဏခဏ ဆက်တိုက်လုပ်နေတာပေါ့။ လတိုင်းလိုလိုပဲ။ မြစ်ကြီးနားမှာ အဲဒီလို မျိုးလုပ်နေတာ။ ဒါက သူတို့ရဲ့ မဲဆွယ်စည်းရုံးရေး ကြိုးပမ်းနေတာပေါ့။” လို့ မြစ်ကြီးနားမြို့နယ်ဒေသခံတဦးက ​ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းဒုခေါင်းဆောင် စိုးဝင်းက ၂၀၂၅ ဒီဇင်ဘာ ၁၆ ရက်မှာ မြစ်ကြီးနားကို လာရောက်ပါတယ်။သူက ရေအားလျှပ်စစ်ဟာ ကုန်ကျစရိတ် အသက်သာဆုံးဖြစ်တယ်ဆိုပြီးမြစ်ဆုံစီမံကိန်း ပြန်စဖို့ပြောဆိုစည်းရုံးပါတယ် ။

သူပြီး​တော့ ၂၀၂၆ ဇန်နဝါရီလ နဲ့ ဖေဖော်ဝါရီ လတွေမှာ စစ်ကောင်စီဝန်ကြီးတွေ မြစ်ကြီးနားကို ထပ်ရောက်လာပြီး လူထုတွေ့ဆုံပွဲဆိုပြီးလုပ်ကာ မြစ်ဆုံစီမံကိန်းကို လက်ခံဖို့ စည်းရုံးရေးထပ်ဆင်းကြပါတယ်။

စစ်ကောင်စီဝန်ကြီးတွေ၊ စစ်တပ်ခန့် ကချင်ပြည်နယ် အစိုးရခေါင်းဆောင်တွေက ဇန်နဝါရီလကုန်ပိုင်းမှာလူထုတွေ့ဆုံပွဲ ၂ကြိမ် ၊ ဖေဖော်ဝါရီ ၂၀ရက်မှာ ၁ကြိမ် စုစုပေါင်း မြစ်ကြီးနားမှာ လူထုတွေ့ဆုံပွဲ သုံးကြိမ်လုပ်ပြီး မြစ်ဆုံဆည်စီမံကိန်းစဖို့ ​ပြောဆိုစည်ရုံးကြပါတယ်။

ဒီတွေ့ဆုံပွဲတွေဟာစီမံကိန်းကို ​ဒေသခံလူထုသဘောတူကြတယ်ဆိုပြီး ပြချင်လို့ စီမံကိန်းကိုမကန့်ကွက်​လောက်သူ​တွေကို​ခေါ်ပြီးလုပ်နေတာလို့မြစ်ကြီးနားမြို့နယ် ဒေသခံကပြောပါတယ်။

“သဘောတူတူ၊ မတူတူ သူတို့ကတော့ သဘောတူတယ်လို့ပဲ ထားလိုက်တာပေါ့။ သူတို့ကတော့ အဲဒီလိုပဲ” စစ်ကောင်စီက လူထုတွေ့ဆုံပွဲတွေ ဟန်ပြလုပ်​​နေတဲ့အ​ပေါ်ဒေသခံက ပြောပါတယ်။

ဧရာဝတီမြစ်ဆုံစီမံကိန်းဟာ ဗိုလ်ချုပ်မှူးကြီးသန်း​ရွှေရဲ့စစ်အစိုးရလက်ထက်မှာ စစ်အုပ်စုနဲ့တရုတ်အစိုးရကြား စတင်ဖို့သ​ဘောတူခဲ့တာပါ။ဒါ​ပေမယ့် ဦးသိန်းစိန်ရဲ့ အရပ်သားတစ်ပိုင်းအစိုးရလက်ထက်မှာ စီမံကိန်းကို ပညာ​ရှင်​တွေနဲ့ နိုင်ငံတစ်ဝန်းကန့်ကွက်မှု​တွေ​ကြောင့် ၂၀၁၁ စက်တင်ဘာ ၃၀ မှာ ၂၀၂၆ အထိစီမံကိန်းကိုရပ်ဆိုင်း​ကြောင်း​ကြေညာခဲ့ပါတယ် ။ ​ရွေး​ကောက်ခံအရပ်သားအစိုးရလက််ထက် ၂၀၁၆က​နေ ၂၀၂၀ ခုနှစ်အထိလည်းရပ်နားခဲ့ပါတယ်။အခုအခါမှာ စစ်အုပ်စုက တရုတ်အစိုးရဆီက စစ်​ရေး၊နိုင်ငံ​ရေး ၊စီးပွားရး ၊သံတမန်​ရေးစတဲ့အကူအညီများစွာရ​နေတာ​ကြောင့် တရုတ်အစိုးရအကြိုက်စီမံကိန်းကိုပြန်စပြီး ဧရာဝတီမြစ်ကိုတရုတ်ထိုးအပ်ဖို့ ကြံစည်​​နေတာဖြစ်တယ်လို့ ​လေ့လာ​စောင့်ကြည်သူ​တွေက​ပြောကြပါတယ် ။

မြစ်ဆုံစီမံကိန်းပြန်စဖို့ စစ်အုပ်စုကလူထုတွေ့ဆုံပွဲ လုပ်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ရက်မှာပဲ တိုက်ဆိုင်စွာ မြစ်ကြီးနား လေဆိပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရမှု ဖြစ်စဉ်လည်း ပေါ်ပေါက်ခဲ့ပါတယ်။ တိုက်ခိုက်ခံရမှုမှာ ခရီးသည်လေယာဉ် အမြီးပိုင်းထိခိုက်ပျက်စီးမှု ဖြစ်ခဲ့ပေမယ့် လူထိခိုက်မှုတွေတော့ မရှိပါဘူး။

စစ်ကောင်စီကတော့ အဲဒီတိုက်ခိုက်ခံရမှုဟာ KIA/PDF တပ်ဖွဲ့တွေရဲ့လက်ချက်လို့ စုံစမ်းစစ်​​ဆေးတာ​တောင်မလုပ်ပဲ စွပ်စွဲထုတ်ပြန်ပါတယ်။ စစ်အုပ်စုထုတ်ပြန် ချက်ကို စစ်တပ် ဝါဒဖြန့်သူတွေကလည်း ဟန်ချက်ညီညီ ဖော်ပြတာ လူမှုကွန်ရက်တွေမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ဖွဲ့တွေကို အထင်အမြင်လွဲမှားစေမယ့် ရေးသားဖော်ပြချက်တွေကိုဆက်တိုက်လုပ်ခဲ့ကြပါတယ်။

မြစ်ကြီးနား လေဆိပ် တိုက်ခိုက်မှု ဖြစ်ရပ်ဟာစစ်ကောင်စီရဲ့ ဖန်တီးမှုသာဖြစ်ပြီးမြစ်ဆုံပြန်စဖို့ စစ်တပ် စည်းရုံးနေချိန်မှာ မြစ်ဆုံစီမံကိန်း လက်မခံကြောင်း၊ ပြည်သူ့လူထုနဲ့အတူ တသားတည်းရပ်တည်မှာ ဖြစ်ကြောင်းဖော်ပြထားတဲ့ KIA အပေါ် အထင်အမြင်လွဲမှားအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ် တွေက သုံးသပ်ပါတယ်။

စစ်ကောင်စီက မြစ်ဆုံပြန်စဖို့ လူထုတွေ့ဆုံပွဲတွေလုပ်နေတဲ့အပေါ် အာရုံဝေဝါးအောင် KIA အပေါ် အမြင်မှားအောင် စစ်ကောင်စီ ကြိုးပမ်းနေတယ်ဆိုတဲ့ထင်မြင်ချက်အပေါ် KIAသတင်းပြန်ကြား

ရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း လက်ခံပါတယ်။

“ဒါလည်းဖြစ်နိုင်ပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက People’s Spring ကို​ပြောပါတယ်။

KIA အနေနဲ့ကတော့ စစ်ကောင်စီ စွပ်စွဲထားသလို မြစ်ကြီးနားလေဆိပ်ကို တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“KIA ရဲ့ မူဝါဒကအခုလိုမျိုး ပြည်သူလူထုနဲ့ ပတ်သက်တဲ့ အိုးအိမ်တွေ ကားတွေ ပစ္စည်းတွေ သင်္ဘောတွေ လေယာဉ်တွေ ပစ်ခတ်ဖို ကျနော်တို ပေါ်လစီမရှိပါဘူး။ ပြည်သူလူထု ထိခိုက်နစ်နာတာမျိုးကို ကျနော်တို ဘယ်တော့မှ မလုပ်ဘူး။ အရင်တုန်းကလည်း လွန်ခဲ့တဲ့ အချိန်ကာလမှာလည်း ကျနော်တို အဲဒါမျိုး လုပ်တာမျိုးမရှိဘူး အခုလည်း မလုပ်ပါဘူး။နောင်မှာလည်း လုပ်မှာ မဟုတ်ပါဘူး” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါပေမဲ့ စစ်အုပ်စုက တော့ သူတို့ရဲ့ ဝါဒဖြန့်သူတွေ လှုံ့ဆော်ခဲ့သလိုပဲဖေဖော်ဝါရီ ၂၁၊ ၂၂၊ ၂၃ရက်တွေမှာ KIA ထိန်းချုပ်နယ်မြေ အသီးသီးကို လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်

တိုက်လုပ်ခဲ့ပါတယ်။ သုံးရက်အတွင်း နေရာ ၁၀ခုထက်မနည်းကို စစ်အုပ်စုက ဗုံးကြဲခဲ့ရာ ဗုံးကြဲခဲ့တဲ့ နေရာအများစုက အရပ်သားပစ်မှတ်တွေ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ ​ဖေ​ဖော်ဝါရီ ၂၄ ရက်မှာလည်း စစ်တပ်က ကချင်ပြည်နယ်ကိုဗုံးကြဲခဲ့ပါ​သေးတယ်။

ကချင်မှာဗုံးကြဲသံတွေ ညံနေတဲ့ တချိန်ထဲမှာ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေကတော့ မြစ်ဆုံဆည်စီမံကိန်း ဘာကြောင့်လုပ်သင့်တယ်ဆိုတာတွေကို ဝေဝေဆာဆာ ဖော်ပြ​နေကြတာပါ။

တချိန်က မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းဖို့ တက်ကြွစွာပါဝင်ခဲ့ဖူးတဲ့မီဒီယာကတောင် လေသံပြောင်းပြီး စစ်ကောင်စီ အာဘော်အတိုင်းဖော်ပြထားတာ တွေ့ရပါတယ်။မြစ်ဆုံစီမံကိန်းကို ပြင်းအား ၈ မဂ္ဂနီကျုရှိတဲ့ငလျင်ကြီးလှုပ်ရင်​တောင်ငလျင်ဒဏ်ခံနိုင်တဲ့ဒီဇိုင်းနဲ့တည်ဆောက်မယ်၊လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်တာ၊ တန်ဖိုးရှိတဲ့ စီမံကိန်းဖြစ်လို့ ဒေသခံတွေ လက်တွဲကြဖို့ နဲ့ စီမံကိန်းဧရိယာမှာ ပါဝင်နေတဲ့ဒေသခံတွေကို နစ်နာကြေး လျောကြေးပေးဖို့ရှိတာစတဲ့ စစ်ကောင်စီဝါဒဖြန့်တဲ့ သတင်းအချက်အလက်တွေကို ဝါဒဖြန့် ဖော်ပြနေကြတာတွေ့ရပါတယ်။

တဖက်မှာလည်း ဒေသခံ ပြည်သူတွေအပြင် ပညာရှင်တွေကလည်း မြစ်ဆုံဆည်လုပ်ရင်ကြုံရနိုင်တဲ့ စိုးရိမ်ဖွယ်ရာ အခြေအနေတွေကို မီးမောင်းထိုးပြသပြီး စစ်အုပ်စုလုပ်ရပ် ရပ်တန်းကရပ်ဖို့ သတိပေးခဲ့ပါတယ်။စစ်ကောင်စီကမြစ်ဆုံဆည်စီမံကိန်းလုပ်ဖို့ပြင်ဆင်လာတဲ့အပေါ် ကမ္ဘာအရပ်ရပ်မှာ ဘူမိသိပ္ပံပညာရပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ မြန်မာဘူမိသိပ္ပံပညာရှင်တွေကဇန်နဝါရီ ၁၅ရက်မှာ ကြေ

ညာချက်ထုတ်ပြန်ပြီး စီမံကိန်းလုပ်ရင် မြန်မာတနိုင်ငံလုံး ဆိုးကျိုး အန္တရာယ် ကျရောက်နိုင်ခြေတွေကိုအ​လေူအနက်သတိပေးခဲ့ပါတယ်။

မြစ်ဆုံဒေသဟာ ဒေသခံ တိုင်းရင်းသား ပေါင်းစုံတို့ရဲ့ ရိုးရာအမွေအနှစ်နဲ့ သဘာဝအမွေအနှစ်များ ဖြစ်တဲ့အပြင် ဧရာဝတီမြစ်ကြီးရဲ့ မြစ်ဖျား ခံရာ နေရာလည်းဖြစ်လို့ဘယ်အရာနဲ့မှ တန်ဖိုးမဖြတ်နိုင်ကြောင်းဖော်ပြပြီးပညာရပ်ဆိုင်ရာအချက်အလက်တွေအရ မြစ်ဆုံဆည်ဆောက်လုပ်ဖို့ လုံး၀ မသင့်တော်ဘူးလို့ အကြံပြုထားပါတယ်။ငလျင်ဘေးကြုံရနိုင်တာ၊ ဆည်ကျိုးကျနိုင်တာ၊ မြေပြိုတာ၊ ဧရာ၀တီ မြစ်ကြောင်းတလျှောက်နဲ့ မြှစ်ဝှမ်းဒေသ စိုက်ပျိုးရေးထိခိုက်နိုင်တာ အပါအဝင်ပညာရပ်

ဆိုင်ရာ အချက်၈ချက်ကိုဖော်ပြပြီး ဆည်မလုပ်သင့်ကြောင်း အကြံပြုခဲ့တာဖြစ်ပါတယ်။

အဲဒီအချက်တွေကတော့ မြစ်ဆုံဒေသဟာ ငလျင်ဇုန်တိုင်းတာမှုဇယားအရ အန္တရာယ်ကြီးမားတဲ့ “ပြင်းထန် ငလျင်ဇုန်မှာရှိနေတာ၊ဘူမိဗေဒဆိုင်ရာ အနေအထား(Geological structure)အရ မကြာသေးခင်က ၂၀၂၅ ခုနှစ် မတ်လမှာလှုပ်ရှားခဲ့တဲ့ အင်အားပြင်းငလျင် ကိုဖြစ်ပေါ်စေတဲ့ စစ်ကိုင်း ပြတ်ရွှေ့ကြီးနဲ့ အလွန်နီးကပ်နေတာတွေကို ပညာရှင်တွေကထောက်ပြပါတယ်။

ဒါ့အပြင် မြစ်ဆုံကဲ့သို့သောနေရာမှာ ကြီးမားတဲ့ ရေကာတာတည်ဆောက်ပါကရေကာတာကြီး ကြောင့်ဖိအားပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပြီး အင်အားကြီး ငလျင်တွေ ဖြစ်ပေါ်လာနိုင်တာ၊ သိရှိပြီးသောဘူမိဗေဒဆိုင်ရာအချက်အလက်များအရ မြစ်ဆုံဒေသရဲ့ မေခနဲ့ မလိခမြစ်ဝှမ်းတစ်လျှောက်ဟာ တန်ဖိုးကြီးပြီး စီပွားဖြစ်ထုတ်လုပ်နိုင်မယ့် ရွှေနဲ့ မြေရှား သတ္ထုသိုက်ကြီးတွေ အပါအဝင် အဖိုးတန်သယံဇာတတွေ တွေ့ရှိနိုင်မယ့်ဒေသဖြစ်တာ၊မြစ်ဆုံဒေသမှာမိုးသည်းထန်ခြင်း၊မတ်စောက်သောတောင်တန်းများရှိခြင်းနဲ့မတည်ငြိမ် သော ဘူမိဗေဒအနေအထားတွေကြောင့် မြေပြိုမှုကြီးများဖြစ်ပေါ်လာနိုင်တာ တွေကို ပညာရှင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဓိကမြစ်ကြီးတလျှောက်ရေစီးနှုန်းကိုထိန်းချုပ်ခြင်းဟာသဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ အနည်ပို့ချမှုစနစ်ကို ပြောင်းလဲစေကာ နှုံးတင်မြေနု အပေါ်မှီခိုနေရတဲ့ မြစ်ဝှမ်း တလျှောက် ကိုင်းကျွန်းလုပ်ငန်းတွေနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ရဲ့ စိုက်ပျိုးရေးကို ထိခိုက် နိုင်ကြောင်းလည်း ထောက်ပြထားပါတယ်။

ဒါ့အပြင်နိုင်ငံတော်လုံခြုံရေးအရ မြစ်ဆုံဒေသမှာ ဆည် ၇ ခုဆောက်လုပ်ပြီး၊အခြေအနေ အကြောင်းကြောင်းကြောင့် တစ်ပြိုင်နက်ပျက်စီးမယ်ဆိုရင် မြစ်ဆုံဒေသအပြင် ကချင် ပြည်နယ်နဲ့ မြန်မာပြည် တစ်ပြည်လုံးအတွက် ကြီးမားသောဆိုးကျိုးအန္တရာယ်တွေ ကျရောက် နိုင်တာကို သတိပေးထားပါတယ်။

မြစ်ဆုံကဲ့သို့ ကြီးမားသော ဆည်ကြီးများ ဆောက်လုပ်ရင် မမျှော်လင့်သော ရေကာတာ ကျိုးပေါက်ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဥပမာပေး ဖော်ပြထားပါတယ်။ ဒီလို ဥပမာပေးရာမှာ မြစ်ဆုံဆည်လုပ်ဖို့ လိုလားနေတဲ့ တရုတ်နိုင်ငံမှာ ၁၉၅၄ မှ ၂၀၂၃ အထိ နှစ်ပေါင်း ၇၀နီးပါးအတွင်း ရေကာတာပေါင်း ၃၆၀၀ ကျိုးကျ ပျက်စီး ခဲ့တာရယယ် အဲဒီအထဲမှာ ဘန်ချောင်ဆည်( Banqiao ရေကာတာ) ကျိုးကျမှုကြောင့် လူပေါင်း နှစ်သိန်းသုံးသောင်း – ၂၃၀,၀၀၀ သေဆုံးခဲ့တာကို မြန်မာဘူမိပညာရှင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဥပမာပေး ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း မြစ်ဆုံစီမံကိန်း လုပ်ရင် အစားထိုးမရတဲ့ သဘာ၀ပတ်ဝန်းကျင် ဆိုးကျိုးတွေကြုံရမယ်လို သတိပေးပြီး လူထုတွေနဲ့အတူ တသားတည်းရှိကြောင်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ စစ်ရေး၊ နိုင်ငံရေး အဘက်ဘက်မှာ အထိနာခဲ့သလို မြန်မာလူထုနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု မခံရတဲ့ အာဏာသိမ်းစစ်အုပ်စုကတော့ သူနဲ့ ပလင်းတူဗူးစို့ တရုတ်အစိုးရ အလိုကျ စီမံကိန်းဖြစ်မြောက်ရေးကို နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတာပါ။

စစ်အုပ်စုဟာ စီမံကိန်းဖြစ်မြောက်ဖို့ ကြိုးပမ်းရာမှာ သူ့ရဲ့ လက်ကိုင်ဒုတ်လို့ ခေါ်ဆိုနိုင်တဲ့ ကချင်နိုင်ငံရေးပါတီ ခေါင်းဆောင်အချို့ကိုပါ အသုံးပြုခဲ့တာလည်းတွေ့ရပါတယ်။အဲဒီထဲမှာစစ်ကောင်စီခန့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ လက်ရှိ စစ်ကောင်စီဖွဲ့ထားတဲ့ အမျိုးသားကာ

ကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအကြံပေး ဒေါ်ဒွဲဘူ တို့လည်း ပါဝင်​နေပါတယ်။

အရင်က စီမံကိန်း ရပ်ဆိုင်းရေး ရှေ့တန်းက ဆန္ဒပြခဲ့တဲ့ ဦးခက်ထိန်နန်ဟာ အခုအခါ စစ်အုပ်စုရဲ့ မြစ်ဆုံပြန်စနိုင်ရေး လှုပ်ရှားမှုမှာ ​ရှေ့တန်းက ပါဝင်နေရသလို ဒေါ်ဒွဲဘူဟာဆိုရင်လည်း စစ်ကောင်စီအလိုကျ မြစ်ဆုံစီမံကိန်း ဒေသခံတွေ လက်ခံလာစေဖို့ ဆော်ဩနေတာ တွေ့ရပါတယ်။

ရေအားလျှပ်စစ်ရရှိမှအိပ်မက်တွေအကောင်ထည်ပေါ်လာမှာဖြစ်လို့စိုးရိမ်မှုမရှိဘဲ အပြောင်းအလဲကို လက်ခံဖို့ ဒေါ်ဒွဲဘူက ဖေဖော်ဝါရီ ၂၀ရက် မြစ်ကြီးနား လူထုတွေ့ဆုံပွဲမှာ​လေသံ​​ပြောင်းပြီး ပြောဆိုခဲ့တာ တွေ့ရပါတယ်။

“ကျမတို့ ပြည်နယ်မှာ အဓိကကျတဲ့ မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေးကို ကျမတို့အနေနဲ့ အထူး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဆိုတဲ့ ဒေါ်ဒွဲဘူရဲ့ တချိန်က လူထုကို ကတိပေးခဲ့တဲ့စကားနဲ့ အခု သူ့စကားတွေက ဗလောင်းဗလဲ ဖြစ်နေတာ မြင်ရမှာပါ။

စစ်အုပ်စုဘက်က စစ်ဆုံစီမံကိန်း ပြန်စဖို့ ကြိုးပမ်းလာနေသလို ကချင်လူထုတွေကလည်း မြစ်ဆုံစီမံကိန်း လက်မခံကြောင်း ဆန္ဒထုတ်ဖော်မှုတွေကို စစ်အုပ်စုရဲ့ ရန်ကြားကပဲ နည်းမျိုးစုံနဲ့ တဖန်ပြုလုပ်လာကြတာ တွေ့ရပါတယ်။ ဖားကန့်ဒေသ၊ မြစ်ကြီးနားမြို့နယ် ဧရာ၀တီ မြစ်ဘေးမှာ မြစ်ဆုံလက်မခံကြောင်း ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ကြသလိုစီမံကိန်းအမှန်တကယ်လုပ်လာရင်လည်းဆန့်ကျင်ကန့်ကွက်ဖို့ပြင်ဆင်နေကြပါတယ်။

စီမံကိန်းပြန်စဖို့ကြိုးပမ်းလာတဲ့ အခြေအနေတွေအပေါ် ဒေသခံတွေကလည်းအစည်းအဝေးလုပ်ပြီး သဘောထားဆုံးဖြတ်ချက်တွေချမှတ်ထားတာ ရှိတယ်လို့ မြစ်ဆုံအနီး ကျေးရွာက ဒေသခံ အမျိုးသား တဦးက ပြောပါတယ်။

“တကယ်လို့ ဒီစီမံကန်းကို မဖြစ်မနေ ဝင်လာမယ်ဆိုရင် ကျနော်တို့လည်း အတက်နိုင်ဆုံးတော့ ကာကွယ်ဖို့ ဆန့်ကျင်ဖို့ အဲဒီလောက်အထိ နောက်ဆုံးအစည်းအဝေးက ဒီလိုပဲ ဆုံးဖြတ်ထားပါတယ်” လို့ သူက ပြောပါတယ်။

ကချင်လူထုတွေ့ဆုံမှုတွေဟာ စစ်အုပ်စု အစီအစဉ်အတိုင်း လုပ်ဆောင်နေတာ ဖြစ်သလို ဒေသခံတွေကလည်း မူလသဘောထားအတိုင်း စီမံကိန်းကို ကန့်ကွက်သွားဖို့ရှိတယ်လို့ အသိပေးပါတယ်။

မြစ်ကြီးနားဒေသခံ တဦးက တော့ “သူတို့ အခု ဟောပြောပွဲတွေ လိုက်လုပ်နေတဲ့ လူကြီးတွေပေါ့ အထူးသဖြင့် ဒေါ်ဒွဲဘူတို့ ၊ ခက်ထိန်နန်တို့ဆိုတာ အရင်တုန်းကဆို သူတို့ကိုယ်တိုင် မြစ်ဆုံစီမံကိန်းကို သူတို့ကိုယ်တိုင် ကန့်ကွက်ခဲ့တာ။ ဒါပေမဲ့ အခုကျတော့စစ်ကောင်စီနောက်သူတို့ကနောက်လိုက်သွားပြီ” လို့ ပြောပါတယ်။

“ပြည်သူလူထုတွေလည်း သူတို့(စစ်အုပ်စုနောက်လိုက်တွေ)ရဲ့ စကားကို နားမထောင်ဘဲနဲ့ ကိုယ့်ရဲ့ ဒေသ ကိုယ့်ရဲ့ မြစ်ဆုံကို ထာ၀ရ တည်ရှိဖို့ အားလုံးမှာ တာဝန်ရှိတယ်။ အားလုံးက ကာကွယ်စောင့် ရှောက်ရမယ်။ အားလုံးက ကန့်ကွက်ရမယ် ပြောချင်ပါတယ်။”လို့ မြစ်ဆုံဒေသခံက ပြောပါတယ်။

(၂၀၁၁ ခုနှစ်မှာ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းအပြီးတိုင်ရပ်နားဖို့ ဦးခက်ထိန် နန်(ဘယ်ဘက်အစွန် အဖြူစတပ်​ကော်လံအမျိုးသား​ဘေးမှ ရိုးရာ ဦးထုပ်​ဆောင်းထားသူ) ပါဝင်ဆန္ဒထုတ်​ဖော်ခဲ့စဥ်။ ယခုအခါ ဦးခက်ထိန်နန် စစ်ကောင်စီခန့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်​နေပြီး​လေသံ​ပြောင်း​နေပြီဖြစ်ပါတယ်)

ဆက်စပ်သတင်းများ

သတင်း

KNU ဖားအံခရိုင်၊ တပ်မဟာ(၇)နယ်မြေ ပိုင်ကျုံဒေသအတွင်း ဖေဖော် ဝါရီ ၂၃ ရက်က စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးတယ််လို့ KNU ဗဟိုက မနေ့( ဖေဖော်ဝါရီ ၂၄ရက်) ညပိုင်းမှာထုတ်ပြန်ပါတယ်။

ဆောင်းပါး

မန္တလေးတိုင်းအတွင်းကတော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ နယ်မြေ တွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်မှာ ဧရာဝတီမြစ်​ကြောင်းတ​လျှာက်ကိုပါစိုးမိုးဖို့နိုင်ဖို့ ကြိုးစားလာပါတယ်။

ဆောင်းပါး

စစ်​ဘေးသင့်ဒေသကနေမန္တလေးမြို့ပေါ်ကို သွားရောက်နေထိုင်နေတဲ့ စစ်​ရှောင်ပြည်သူ မစိုး(အမည်လွှဲ)တို့မိသားစုဟာ ညခင်းတညမှာ ဖုန်းကိုယ်စီသုံးရင်း အနားယူနေကြတယ်။ ဘေးနားမှာတော့ အသက် ၂ နှစ်ဝန်းကျင်သမီးလေးက ဆော့ကစားနေတယ်။

သတင်း

ထိုင်း - မြန်မာနယ်စပ်က KNU တပ်မဟာ (၇) သိမ်းယူထားတဲ့ တပ်စခန်းတွေပြန်လည်ရယူဖို့အတွက်စစ်ကောင်စီတပ်ကမနေ့( ဖေဖော်ဝါရီ ၂၃ ရက်) ကစပြီး ဒေါနတောင်ခြေဘက်ဆီဦးတည်ကာစစ်ရေးလှုပ်ရှားလာတာကြောင့် KNU တပ်တွေနဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်သွားတယ်လို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။