close
Connect with us

Hi, what are you looking for?

အတွေးအမြင်

ဗုံးသံသေနတ်သံတွေကို လွှမ်းသွားတဲ့ အီဂျစ်မင်းသမီးရဲ့ပွဲတက်ဝတ်စုံ

Scorio/People’s Spring

လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလရဲ့ ညတစ်ည။ ကိုင်ရိုနိုင်ငံတကာရုပ်ရှင်ပွဲတော်ရဲ့ ကော်ဇောနီထက်မှာ အီဂျစ်မင်းသမီး ရာနီယာ ယူးဆက်ဖ် (Rania Youssef) တစ်ယောက် ဇာပါးအနက်ရောင် ဝတ်စုံရှည်တစ်ထည် ဝတ်ပြီး လမ်းလျှောက်ခဲ့တယ်။ အဲဒီဝတ်စုံဟာ သူမရဲ့ ခြေထောက်တွေကို ပေါ်လွင်စေခဲ့တာကြောင့် အီဂျစ်နဲ့ အာရပ်ကမ္ဘာတစ်ခုလုံးမှာ မီးဟုန်းဟုန်းတောက်သလို ဆူပွက်သွားခဲ့ပါတယ်။အမျိုးဘာသာ၊သာသနာကို စော်ကားတယ်၊ဘာဖြစ်တယ်ညာဖြစ်တယ်စသဖြင့်ပေါ့။

​ရက်ပေါင်းများစွာကြာအောင်လူမှုကွန်ရက်စာမျက်နှာတွေမှာ အီဂျစ်မင်းသမီးရဲ့ဝတ်စုံဟာ ယဉ်ကျေးမှုနဲ့ ကိုက်ညီရဲ့လား၊ မင်းသမီးကို ထောင်ချသင့်သလားဆိုတဲ့ အငြင်းအခုန်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ အိမ်နီးချင်း ဆူဒန်နိုင်ငံရဲ့ ကောင်းကင်ယံမှာတော့ တိုက်လေယာဉ်တွေ ပျံသန်းနေပြီး အရပ်သားတွေ နေထိုင်ရာ ရပ်ကွက်တွေပေါ်ကို ဗုံးတွေ ကြွေကျနေခဲ့ပါတယ်။

ယီမင်မှာလည်း ကလေးငယ်တွေဟာ ဗုံးဒဏ်နဲ့ ငတ်မွတ်ခေါင်းပါးမှုကြောင့် မိနစ်တိုင်းမှာ သေဆုံးနေကြပါတယ်။

Public Service Announcement

Public Service Announcement

အာရပ်ကမ္ဘာက လူထုဟာ သေနတ်သံ၊ ဗုံးသံတွေကြားက လူ့အသက်တွေ ဆုံးရှုံးနေရမှုကိုတော့ “ News Feed” ထဲမှာ တစ်ချက်ပွတ်ဆွဲပြီး ကျော်သွားနိုင်ခဲ့ကြပေမဲ့၊ မင်းသမီးတစ်ယောက်ရဲ့ ဝတ်စုံတိုတဲ့ကိစ္စကိုတော့ ကမ္ဘာပျက်သလိုမျိုး အားတက်သရော တုံ့ပြန်ခဲ့ကြတာပါပဲ။

တစ်​နေ့က ဖေဖော်ဝါရီ ၂၇ ရက်ညပိုင်းက​ဖေစ်ဘွခ် လူမှုကွန်ရက်မှာ အကြောင်းအရာတစ်ခု ပွက်လောထခဲ့ပါတယ်။ ဇာတ်မင်းသားအောင်ဇမ္ဗူ ဇာတ်ကပြခွင့်တစ်နှစ်အပိတ်ခံရတဲ့သတင်းအတွက်ပါ။ Facebook Newsfeed အထက်ဆွဲလည်း အောင်ဇမ္ဗူ၊ အောက်ဆွဲလည်း အောင်ဇမ္ဗူ။

အောင်ဇမ္ဗူ ဇာတ်ကပြခွင့်ပိတ်တဲ့သတင်းထွက်ပေါ်မလာခင် တစ်ရက်ကပဲ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာမှာ အာဏာသိမ်းစစ်တ​ပ်က စစ်ရှောင်ပြည်သူ ၇ ဦးကိုသတ်ဖြတ်ခဲ့ပါတယ်။ သေဆုံးသူ ၇ ဦးမှာ ၅ ဦးက ဇာတ်သဘင်ဖျော်ဖြေမှုတွေကို ကြိုက်နှစ်သက်နိုင်တဲ့ အမျိုးသမီး ၅ ဦးလည်း ပါဝင်ပါတယ်။

တ​နေ့က မနက်ပိုင်းမှာပဲ ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်တနေရာကိုလည်း အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်သွားခဲ့ပါတယ်။

နေ့ခင်းပိုင်းမှာတော့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာဂိတ်မှာ စစ်တပ်က ကုန်ကားအစီး ၁၀၀ ကျော်ဖမ်းပြီး ကုန်တွေသိမ်းယူနေခဲ့ပါတယ်။အဲဒီဂိတ်ဟာ လူငယ်တွေကို ပေါ်တာဆွဲတာ၊ဖမ်းဆီးပြီး အရှင်လတ်လတ်မီးရှို့ခဲ့တာ ၊တန့်ဆည်မြို့နယ်ကို ကထိန်ခင်းဖို့သွားတဲ့ ဇနီးမောင်နှံကိုဖမ်းဆီးပြီး ဇနီးကို အ‌‌ဓမ္မပြုကျင့်သတ်ဖြတ်ပြီးရွှေငွေတွေ လုယူတာ တွေဆက်တိုက်ကျူးလွန်ထားတဲ့ ဂိတ်ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ တော်လှန်ရေးတပ်တွေသိမ်းထားတဲ့တကောင်းမြို့ကို စစ်တပ်က ပြန်ထိန်းချုပ်နိုငိဖို့ကြိုးစားနေလို့ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်​တွေက စွန့်စွန့်စားစားခုခံတိုက်ခိုက်​နေကြပါတယ်။

တော်လှန်​ရေးတပ်​​တွေဘက်ကလည်း တကောင်းမြို့လက်မလွှတ်ရရေးကို NUGရဲ့ မန္တလေးတိုင်းကွပ်ကဲရေးက ကွပ်ကဲပြီး အပြင်းအထန်ပြန်လည်ခုခံနေချိန် ဖြစ်ပါတယ်။

အာရပ်ကမ္ဘာက အီဂျစ်မင်းသမီးဝတ်စုံကိစ္စလိုပဲ မြန်မာပြည်က လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာလည်း တနိုင်ငံလုံးမှာဖြစ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေအစား အောင်ဇမ္ဗူ ဇာတ်ကပြခွင့်ပိတ်တဲ့သတင်းကသာ စိုးမိုးသွားခဲ့ပါတယ်။ ဒီတင်မပြီး​သေးပဲ ပြည်သူတချို့အာရုံစိုက်လာချိန်မှာ အောင်ဇမ္ဗူကို ဇာတ်ကခွင့်ပြန်ပြုတယ်လို့လုပ်ပြီး လူ​တွေအာရုံအတက်အကျလိုသလိုဖန်တီးပြီး လိုရာပုံသွင်းတာကို​တွေ့ရပြန်ပါတယ်။

မြန်မာပြည်ကပြည်သူတွေဟာ စာနာတရားကင်းမဲ့တယ်လို့ ကျနော်မယုံကြည်ပါဘူး။ မစွပ်စွဲရက်ပါဘူး။အာဏာသိမ်းကာလ ၅ နှစ်ကျော်ခဲ့ပြီ။ လူတွေပင်ပန်းနေကြပြီ။

နိုင်ငံတကာက ပညာရှင်တွေက ဒါကို “ Compassion Fatigue” (စာနာမှုကြောင့် ပင်ပန်းနွမ်းနယ်ခြင်း) လို့ ခေါ်ကြပါသတဲ့။ စစ်ပွဲသတင်းတွေကို ခါးခါးသီးသီး ကြားရဖန်များလာတဲ့အခါ လူတွေရဲ့ ဦးနှောက်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အဲဒီသတင်းတွေကို ပိတ်ချလိုက် (Shut down) လုပ်လိုက်တာပါတဲ့။

လေကြောင်းတိုက်ခိုက်မှုကိုလူတွေကငါတို့မတားဆီးနိုင်ဘူးလို့ ခံစားရပါတယ်။ဒါပေမဲ့ဇာတ်သဘင်အဖွဲ့ ပိတ်ခံရတာမျိုးကျတော့ Social Media မှာ ဝိုင်းဆဲရင်၊ ဝိုင်းပြောရင် တစ်ခုခု ပြောင်းလဲသွားနိုင်တယ်လို့ ထင်တတ်ကြတာကြောင့် ပိုပြီး အားတက်သရော တုံ့ပြန်ကြတာပါ။

ဒါပေမဲ့ တစ်ခုတော့ စိုးရိမ်မိတာ ရှိပါတယ်။ အဲဒါကတော့ မတရားမှုကို “ ရိုးသွားတယ်” လို့ သတ်မှတ်လိုက်ကြမှာကိုပါ။ လေယာဉ်သံကြားတာ၊ ဗုံးကြဲခံရတာဟာ နေ့စဉ်ဖြစ်စဉ်တစ်ခုလို ဖြစ်လာတဲ့အခါလူတွေရဲ့စိတ်ဝင်စားမှု (Attention Span) ဟာ လျော့ကျသွားပါတယ်။ အဲဒီအချိန်မှာမှ ကိုယ်နဲ့ရင်းနှီးတဲ့၊ ကိုယ်ကြည့်နေကျ ဇာတ်မင်းသားတစ်ယောက် ကခွင့်မရတော့ဘူးဆိုတဲ့ သတင်းဟာ လူတွေအတွက် “ အထူးအဆန်း” ဖြစ်သွားပြီး ပိုလို့တောင် ဆူပွက်စေခဲ့ပါတယ်။

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ စာနာမှုကင်းမဲ့သွားတာထက်၊ စိတ်ဒဏ်ရာတွေကြားမှာ ဘာကို အရင်ဆုံး အော်ဟစ်ရမလဲဆိုတာ လမ်းပျောက်နေကြတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကောင်းကင်ကကျလာတဲ့ ဗုံးသံထက် ပွဲခင်းထဲက ဆိုင်းသံက ပိုကျယ်လောင်နေသရွေ့တော့ ကျွန်တော်တို့ရဲ့ လူသားချင်းစာနာမှုဟာ မေးခွန်းထုတ်စရာ ဖြစ်နေဦးမှာပါပဲ။

ဇာတ်သဘင်အဖွဲ့ ကပြခွင့်အပိတ်ခံလိုက်ရလို့ ဇာတ်စင်ရှေ့က ပွဲကြည့်ပရိသတ်တွေ ဆူညံပွက်နေချိန် အညာနဲ့တိုင်းရင်းသားဒေသတွေမှာ လေယာဥ်လာလို့ ဗုံးခိုကျင်းထဲ ပြေးပုန်းနေရသူတွေ ရှိနေပါတယ်။ ဇာတ်မင်းသား ကပြခွင့် တစ်နှစ်အပိတ်ခံရလို့ ပူဆွေးနေချိန် ကိုယ့်အိမ်ကလေး မီးတင်ရှို့ခံရလို့ ငိုကြွေးနေရသူတွေရှိနေပါတယ်။

အနုပညာကို ခံစားလို့ရပါတယ်။ မောစရာကောင်းတဲ့ဘဝကြီးမှာ အနုပညာနဲ့အပန်းဖြေခွင့်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စာနာမှုတွေဟာ ဇာတ်ခုံပေါ်က မင်းသားအတွက်ပဲ ဖြစ်နေပြီး၊ ဗုံးခိုကျင်းထဲက ပြည်သူတွေအတွက်တော့ အသံတိတ်နေတာမျိုး… မျက်နှာမလိုက်မိဖို့ လိုပါလိမ့်မယ်။” ။

ဆက်စပ်သတင်းများ