တာရာ/People’s Spring
စစ်ကောင်စီက လွှတ်ပေးဦးမယ်အထင်နဲ့ အကျဥ်းထောင်တွေရဲ့ရှေ့မှာ အကျဥ်းကျမိသားစုဝင်တွေဟာ ညနက်သည်အထိ စောင့်ဆိုင်းခဲ့ကြပါတယ်။
မနေ့က မတ်လ ၃ ရက်နေ့မှာလည်း ၅၀(ည) နဲ့ ၅၂ (က) တွေထပ်မံလွှတ်ပေးမယ်လို့ သတင်းတွေထွက်ပြီးနောက်ပိုင်း အင်းစိန်အကျဉ်းထောင်ရှေ့မှာ မိသားစုဝင်တွေနဲ့ ပြည်သူတွေက ထပ်မံစောင့်ဆိုင်းခဲ့ကြပါတယ်။
မတ်လ ၂ ရက်နေ့မှာ နိုင်ကျဉ်းအကျဉ်းသား ၇၀၀၀ ကျော်လွှတ်ပေးမယ်လို့ အာဏာသိမ်းစစ်တပ်က ကြေညာခဲ့ပြီးနောက် အင်းစိန်အကျဉ်ထောင်ကနေ တစ်ထောင်ကျော်လွတ်မြောက်စာရင်းထဲပါဝင်ခဲ့ပါတယ်။

Public Service Announcement
သို့ပေမယ့် ၁၀၀၀ နီးပါးသာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး အဲပုဒ်မနဲ့ ကျန်ရှိနေသေးသူတွေကို ဆက်လွှတ်ပေးမယ်လို့ ဆိုတာကြောင့် မိသားစုဝင်တွေက ထပ်မံပြီး လာရောက်စောင့်ဆိုင်းခဲ့ကြတာဖြစ်ပါတယ်။
မနက်အစောပိုင်းကတည်းက လာရောက်စောင့်ဆိုင်းနေသူများအနက် မိသားစုဝင်များ အများစု ပါဝင်ပြီး အချို့ကတော့ လွတ်လာမယ့်ကိုယ့်တူကိုယ့်သားဝတ်ဖို့ အဝတ်အစားတွေ၊ အစားအသောက်တွေနဲ့ ဆေးဝါးတွေကိုပါ ကြိုကြိုတင်တင် ယူဆောင်လာခဲ့ကြပါတယ်။
ထောင်ရှေ့နာရီပေါင်းများစွာ ငုပ်တုပ်ထိုင်စောင့်ရင်း ထောင်တံခါး ဖွင့်သံပိတ်သံတွေ၊ ကြားတဲ့အခါတိုင်း စောင့်မျှော်နေသူတွေဟာ စိတ်လှုပ်ရှားလာပြီး ခေါင်းကလေးထောင်လာကြတယ်။
ထောင်တံခါးဝကို မျှော်ငေးနေတဲ့ အမျိုးသမီးကြီးတစ်ဦးကတော့ သားဖြစ်သူကိို လာစောင့်တာလို့ ပြောပြတယ်။ “ဒီတစ်ခါတော့ စာရင်းထဲ ပါမယ်လို့ မျှော်လင့်ပါတယ်။ မနက်အစောကြီးကတည်းက လာစောင့်နေတာပါ” လို့ သူက မျှော်လင့်ချက်အပြည့်နဲ့ ပြောပြတယ်။
အစ်ကိုဖြစ်သူကို စောင့်ဆိုင်းနေတဲ့ လူငယ်တစ်ဦးကလည်း “လွတ်မယ်ဆိုတဲ့ သတင်းကြားလို့ မနက် ၆ နာရီလောက်ကတည်းက ရောက်နေပါတယ်။ အိမ်ကလည်း စောင့်နေကြပါတယ်” လို့ ဆိုပါတယ်။
နိုင်ကျဥ်းမိသားစုဝင်တွေ နောက်ထပ်ရင်ဆိုင်ရတဲ့အခက်အခဲတစ်ခုကတော့ စစ်ကောင်စီအောက်အကျဉ်းဦးစီးဌာနက မိသားစုတွေထံကနေ လိမ်လည်ပိုက်ဆံတောင်းတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားနေတာပါ။
” အကျဉ်းဦးစီးဌာနက ဖုန်းဆက်တယ်။ ညီဖြစ်သူလွတ်တယ်ပေါ့။ လာကြိုဆိုပြီးပြောတယ်။ လက်ဖက်ရည်ဖိုးကတော့ကြည့်ပေးဆိုပြီးပြောတယ်။ ညအထိမလွတ်လာသေးဘူး” လို့ ၅၀(ည) နဲ့ ထောင်ကျနေသူတစ်ဦးရဲ့အစ်ကိုဖြစ်သူကပြောပါတယ်။
ဒါပေမယ့် သူတို့အားလုံး လိမ်ညာခံခဲ့ရပါတယ် ။မတ်လ ၃ ရက်မှာမိုးချုပ်ပြီး မှောင်သာသွားတယ် ထပ်လွတ်လာသူမရှိခဲ့ပါဘူး ။ အင်းစိန်ထောင်ရှေ့ကပြည်သူတွေတင်မကပါဘူး ။နိုင်ငံတစ်ဝန်းကအခြားထောင်တွေမှာလည်း မတ် ၂ ရက်နေ့ လွတ်တာမှာ မပါတော့ မတ် ၃ ရက်နေ့မှာ ၅၀(ည) နဲ့ ၅၂ (က)ပုဒ်မတွေထဲ အကျဥ်းကျခံနေရသူတွေပြန်လွတ်လာလေမလား မိသားစုဝင် တွေကသွားရောက်စောင့်ဆိုင်းကြပါတယ်။ဒါပေမယ့်အများစုလွတ်မလာခဲ့ပါဘူး ။
စစ်ကောင်စီက နိုင်ကျဥ်းအရေအတွက် ခုနှစ်ထောင်ကျော် လွတ်မယ်ပြောပြီး လက်တွေ့မှာ အဲလောက်လွှတ်မပေးပဲ လိမ်ညာခဲ့ပြန်တာပါ။
မတ်လနေ့ညအထိ ရရှိတဲ့သတင်းအချက်အလက်တွေအရ လွတ်မြောက်လာသူ နိုင်ငံရေးအကျဥ်းသား လေးထောင်ဝန်းကျင်သာရှိတယ် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
“ ဘာပဲပြောပြော စစ်တပ်ပြောတဲ့ အရေအတွက် ခုနှစ်ထောင်ကျော် ဆိုတာ မရှိခဲ့ဘဲနဲ့ အကျဥ်းထောင်တွေမှာ ထောင်နဲ့ချီတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ပုဒ်မ ၅၂၊ ၅၀ည နဲ့အကပ်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ရှိနေဆဲပဲ။” လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
နိုင်ငံရေးအကျဥ်းသား လွှတ်ပေးရင် နိုင်ငံတကာက ဖြေလျှော့ပေးတယ် ၊ပြုပြင်ပြောင်းလဲတယ်လို့မြင်လာပြီး စစ်အုပ်စုအတွက်နိုင်ငံရေး ဖိအားတွေ လျော့ကျစေပါတယ် ။ဒီအခြေအနေကို သိတာကြောင့် အာဏာသိမ်းစစ်အုပ်စုက တကယ်လွှတ်ပေးတဲ့အရေအတွက်ထက် ကိန်းကဏာန်းတွေပိုပြောပြီး လိမ်ညာပြီးတော့နိုင်ငံရေးအရအမြတ်ထုတ်နေတာဖြစ်ဖြစ်ပါတယ် ။
“ နိုင်ငံရေးအကျဥ်းသား လွှတ်ပေးခြင်းက နိုင်ငံရေးထွက်ပေါက်ရစေတယ်လို့ ကမ္ဘာကြီးက နားလည်ထားတယ်။ ပြီးတော့ နိုင်ငံရေး ဖိအားတွေ လျော့ကျစေနိုင်တဲ့အခြေအနေရှိတယ်။ ဒါကြောင့်မို့လည်း ကိန်းဂဏန်းကြီးကြီးမားမားကို လွှတ်ပေးတဲ့ ပုံစံမျိုးကို ဖန်တီးခဲ့တာဖြစ်တယ်။ တကယ့်လက်တွေ့မှာတော့ နိုင်ငံရေးအကျဥ်းသားတွေကို ပြောထားတဲ့ အရေအတွက်တိုင်း လွှတ်ပေးခဲ့ခြင်းမရှိဘူးဆိုတာကို ဒါ စစ်တပ်ရဲ့မြင်သာတဲ့လုပ်ရပ်ပဲလို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်။” လို့ ကိုသိုက်ထွန်းဦးကလည်းပြောပါတယ်
မတ်လ ၂ ရက်မှာရော ၊မတ်လ ၃ ရက်မှာပါ ညရောက်တဲ့အထိ ရန်ကုန်၊ မန္တလေး၊ မုံရွာ အပါအဝင် အကျဥ်းထောင်တွေရဲ့ရှေ့မှာ ပြည်သူတွေဟာ ထောင်ထဲကထွက်လာမယ့်မိသားစုဝင်တွေကို မျှော်နေကြတုန်းပါ။ ပါမှပါပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ စောင့်မျှော်နေတုန်းပါ။
စောင့်ဆိုင်းနေသူတစ်ဦးက “မျှော်လင့်ချက်နဲ့ပဲ လာစောင့်နေတာပါ။ မလွတ်သေးရင်လည်း နောက်တစ်နေ့ ပြန်လာမယ်”လို့ ပြောပါတယ်။ ။

















































