close
Connect with us

Hi, what are you looking for?

ဆောင်းပါး

နားထောင်သူ၏ အသံတိတ်ဒဏ်ရာ

ဖုန်းတစ်ဖက်က အမျိုးသမီးကတော့ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံအောက်မှာ ကျန်နေခဲ့တဲ့ သူ့မိသားစုဝင်တွေရဲ့ အလောင်းကို ပြန်မရသေးကြောင်း တည်ငြိမ်စွာ ပြောပြနေသည်။ဖုန်းရဲ့တဖက်ခြမ်းမှာတော့ နားထောင်ပေးနေသူ မမေတစ်ယောက် စိတ်ထိန်းမရတော့ဘဲ ငိုနေမိသည်။

-သဇင်​ရေးသားသည်။

ဖုန်းတစ်ဖက်က အမျိုးသမီးကတော့ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံအောက်မှာ ကျန်နေခဲ့တဲ့ သူ့မိသားစုဝင်တွေရဲ့ အလောင်းကို ပြန်မရသေးကြောင်း တည်ငြိမ်စွာ ပြောပြနေသည်။ဖုန်းရဲ့တဖက်ခြမ်းမှာတော့ နားထောင်ပေးနေသူ မမေတစ်ယောက် စိတ်ထိန်းမရတော့ဘဲ ငိုနေမိသည်။

စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း (Psycho Social First Aid-PSFA)အရနားထောင်ပေးသူမမေသည် တခြားသူ၏ စိတ်ဒဏ်ရာကို သက်သာအောင် ကူညီနာထောင်ရင်း သူ့တွင်ပင် ယင်းစိတ်ဒဏ်ရာများက သူ့ကို ဝါးမြိုနေပြီဖြစ်ကြောင်း ပြန်ပြောင်းပြောပြခြင်း ဖြစ်သည်။

၂၀၂၅ မတ် ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့် မိသားစုဝင် ဆုံးရှုံးလိုက်ရသူများ၊ အလောင်းပင် ရှာမတွေ့သေးသူများ၏ မျှော်လင့်ချက်မဲ့ သောကများကို မမေ တစိုက်မတ်မတ် နားထောင်ပေးခဲ့သည်။ နားထောင်ပေးရုံတင်မက ထိုသူတို့၏ ဒဏ်ရာများကိုပါ သူမ၏ ရင်ဘတ်ထဲသို့ လွှဲပြောင်းရယူခဲ့မိသည် ။အဲ့ဒီရလဒ်အနေဖြင့် သူမ၏ နေ့စဉ်ဘဝကိုပါ ရိုက်ခတ်မှုတွေရှိလာပြီး မမေကိုယ်တိုင် အကူအညီလိုအပ်သူ ဖြစ်လာခဲ့​လေသည်။

Public Service Announcement

Public Service Announcement

အသက် ၃၀ ဝန်းကျင်အရွယ် မမေသည် Peer to peer supporter (ဘဝတူအချင်းချင်း စိတ်ပိုင်းဆိုင်ရာပံ့ပို့ ကူညီပေးသူ)တစ်ယောက်ဖြစ်သလို လုပ်သက် ၁၄ နှစ်ရှိသည့် သတင်းထောက်တဦးလည်းဖြစ်သည်။သတင်းလွတ်လပ်ခွင့်နှင့်အသက်အန္တရာယ် ခြိမ်းခြောက်မှုများကြောင့် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံတစ်နေရာတွင် နေထိုင်နေရသူဖြစ်သည်။

မမေသည် Exile Media(ပြည်ပရောက် သတင်းမီဒီယာ)တစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေပြီး သူမ၏အတွေ့ကြုံများကို ပြန်လည်အသုံးချလိုသည့် စိတ်ကြောင့် စိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့သူ ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ မေလ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ဖျက်အားပြင်းငလျင်ကြီးကြောင့် လူပေါင်းထောင်ချီသေဆုံးခဲ့ပြီး အ​ဆောက်အအုံ​ထောင်​ပေါင်းများစွာပျက်စီးခဲ့သည်။ နောက်ဆက်တွဲငလျင်ငယ်တွေကြောင့်လည်း စိတ်မလုံခြုံမှု၊စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှုများကို မြန်မာပြည်သူများ ယနေ့တိုင် ပြန်လည်မြင်ယောင် ခံစားနေရဆဲပါ။

မမေသည် ငလျင်ဒဏ်ကို ကိုယ်တွေ့မကြုံခဲ့ရပေမယ့် စိတ်မချမ်းမြေ့ဖွယ်ရာ၊ အထိအရှများကို တလွှာချင်း နားထောင်ရတဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့သူဖြစ်၍သော်လည်းကောင်း၊ထိုအချိန်က မြေငလျင်ကြောင့် နေ့စဉ်နဲ့အမျှတိုးလာနေသည့် လူသေဆုံးမှု သတင်းတွေကို နေ့စဉ်ထုတ်လုပ်နေရသူဖြစ်၍သော်လည်းကောင်း စိတ်ထိခိုက်ဖွယ်မြင်ကွင်းများ ၊အသံများကို နေ့စဉ် ကြားနေ၊ မြင်နေရသူဖြစ်သည်။

ငလျင်အပြီး တစ်လအကြာတွင် ငလျင်ဒဏ်သင့်ပြည်သူများကို စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့သည့် ဝန်ဆောင်မှုပေးရန်အတွက် စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုပေးသည့်(Psycho Social First Aid-PSFA) အဖွဲ့တစ်ခုတွင် မမေ ပါဝင်ကူညီဖို့ ဆုံးဖြတ်ခဲ့သည်။

မမေလုပ်ဆောင်ရသည့်တာဝန်မှာ တစ်ဖက်လူ၏ စကားကို နားထောင်ခြင်း၊ စောင့်ထိန်းခြင်းနှင့် လိုအပ်သည့် ကုသမှုအတွက် ကျွမ်းကျင်ပညာရှင်များထံ လမ်းညွှန်ချိတ်ဆက်ပေးပြီး အကူအညီယူသူ၏ စိတ်ပိုင်းဆိုင်ရာ ပြန်လည်နာလန်ထူလာရေး ခရီးစဉ်မှာဘေးကနေလက်တွဲဖေးမပေးရသူ ဖြစ်သည်။

ထိုအဖွဲ့၌စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်ရင်း ငလျင်ဒဏ်သင့် ဒေသကလူပေါင်း ၂၂ ဦး၏ဆုံးရှုံးမှုကြီးမားသော စိတ်ဒဏ်ရာများကို နားထောင်ပေးခဲ့သည်။တနေ့လျှင် အမျိုးသမီး ၂ယောက် နှုန်းဖြင့် တစ်လအတွင်းအမျိုးသမီး၂၂ယောက်နှင့် စကားပြောခဲ့သည်ဟု မမေကဆိုသည်။

“တစ်ယောက်နဲ့စကားပြောပြီးသွားရင် ရင်ထဲမှာကျန်ခဲ့တာလေ၊ အဲ့တစ်နေ့လုံးကိုယ့်မှာ နေလို့ မရဘူးဖြစ်တယ်။ ဝမ်းနည်းတယ်။ ငါဘာမှ မလုပ်ပေးနိုင်လိုက်လေချင်း ဆိုတဲ့ ခံစားချက်တွေရတာလေနော်၊ အဆိုးဆုံးက အဲ့တာပဲလေ၊သူများပြောတာကို နားထောင်နေရင်းနဲ့ ငါဘာမှလည်း မလုပ်ပေးနိုင်ပါလားဆိုတဲ့ စိတ်က ကိုယ့်ဆီပြန်ရောက်လာတယ်”

“မိသားစုတွေ ရှာမတွေ့သေးဘူး။ အိမ်မက်မက်တယ်။ ကျွန်မ အဲ့လိုဆို ဘယ်လိုလုပ်ရမလဲ။ဘယ်နားမှာသွားရှာရင် ရှာလို့ရမလဲ” စသော ဆံချည်မျှင် တစ်မျှင်စာမျှ မျှော်လင့်ချက်ကိုပင် ဆုပ်ကိုင်ထားသူများနှင့် စကားပြော နှစ်သိမ့်ပြီး သူတို့ရဲ့အပူ​တွေကို မျှ​ဝေရသည်မှာ မမေအတွက် အင်မတန် ခက်ခဲသည်ဟုရင်ဖွင့်သည်။

ထိုသို့ ကြုံတွေ့ရသည်မှာ မမေတစ်ယောက်တည်းပင်မဟုတ်ပေ။ သူမ၏ လုပ်ဖော်ကိုင်ဖက်တချို့လည်း ယင်းသို့ ခံစားရကြောင်း မမေက ရှင်းပြသည်။

●နေ့စဉ်ဘဝသို့ကူးစက်လာသည့် အပူလှိုင်းများ

တစ်နေ့ထက်တစ်နေ့ ပြဿနာအသေးအမွှားများကိုပင် စိတ်မရှည်တော့ကြောင်း မမေဆိုသည်။

ကြီးမားသော ဒုက္ခများကို နေ့စဉ်ထိတွေ့နေရသဖြင့် အိမ်ရှိမိသားစုဝင်များ၏ သာမန်ပြဿနာများကိုပင်“နင်တို့က ဒီလောက်လေးနဲ့ ဘာဖြစ်နေတာလဲ”ဟု သူမ၏အတွင်းစိတ်၌ တခါတရံနှိုင်းယှဉ်နေမိသည်အထိဖြစ်လာသည်။

စိတ်အတက်အကျမြန်ကာစကားပြောဆိုပုံ ပြောင်းလဲလာသည်ဟု သူမနှင့် ရင်းနှီးသူများကဆိုကြောင်း မမေက ပြန်ပြောပြသည်။

သတင်းဌာနတခုတည်းမှ လုပ်ဖော်ကိုင်ဖက်လည်းဖြစ် အ​နေနီးသူလည်းဖြစ်တဲ့ မိတ်​ဆွေတဦးကပင် “မမေက နောက်လူတစ်ယောက်ဖြစ်သွားသလိုပဲ။ စကားပြောတာ ရင့်သိီးလာတယ် ”ဟု မှတ်ချက်ပေးရသည့်အထိ သူမ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ ဆိုးရွားခဲ့သည်။

ထို့အပြင် ၎င်းလုပ်ဆောင်နေသည့် စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့ရသည့် အလုပ်နှင့် သတင်းရေးသားခြင်း အလုပ်အပေါ် အဓိပ္ပာယ်မဲ့သလို ခံစားလာရသည်။

“ငါက ဒီလူတွေပြောတာ နားထောင်ပေးနေရင်းနဲ့ ငါ ဘာမှ ပြန်မလုပ်ပေးနိုင်ဘူး။ ငါက နားထောင်းပေးနေတာနဲ့ ငါက ပြီးပြီလားပေါ့။ ငါကဘာလဲ အဲ့လိုတွေ ဖြစ်တယ်။တချိန်တည်းမှာပဲ သတင်းတွေထုတ်တဲ့အခါမှာ အဲ့ဒီခံစားချက်တွေ သတင်းမှာ မပါသွားဖို့ကိုလည်း အရမ်းထိန်းချုပ်ရတယ်”လို့ မမေက ဆိုသည်။

အဆိုးဆုံးမှာ မမေထံမှ စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ ယူသူများကိုပင် ပြဿနာအကြီးအသေးခွဲကာ အပြစ်တင်စိတ် ဝင်လာခြင်းပင်ဖြစ်သည်။

“ငါ့ကို ဘာတွေလာပြောနေတာလဲပေါ့။ကြည့်ဦး သူများတွေဆိုရင် ဘယ်လိုတောင်ဖြစ်သွားပြီပေါ့။ ကိုယ့်စိတ်ထဲမှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေတာလေ ၊ဒီလိုမျိုး မတွေးရဘူးဆိုတဲ့ စိတ်ရှိတယ်။ တပြိုင်တည်းမှာပဲ တကယ့်ကို လူတွေဟာ ဒုက္ခပေါင်းစုံခံစားနေရတယ်။အဲ့တာနင့်ကိစ္စက ဘယ်လောက်ကြီးမားနေလို့လဲ ဆိုတာမျိုးပေါ့။ ကိုယ် Peer support လုပ်ပေးနေတဲ့သူအပေါ်မှာ အပြစ်တင်စိတ်ဖြစ်တယ်။ သူ့ထက်ဆိုးတဲ့သူတွေရှိနေတာကိုပေါ့လေ ။ ဒါတွေက ကိုယ့်စိတ်ထဲမှာဖြစ်နေခဲ့တာ” ဟု ငလျင်ကြောင့် ထိိိခိုက်နစ်နာခဲ့သူများ၏ နာကျင်မှုနှင့် နှိုင်းယှဉ်ကာ သူမ၏ကျင့်ဝတ်ကိုပင် မျက်ကွယ်ပြုမိသည်အထိ ဖြစ်လာခဲ့သည်။

လူတစ်ဦး၏ နာကျင်မှုကို အခြားသူတစ်ဦး၏ နာကျင်မှုနှင့် အဆင့်အတန်းခွဲ၊ နှိုင်းယှဉ်ကာ အသေးအဖွဲဟု သတ်မှတ်၍မရခြင်းသည် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးသူတိုင်း လိုက်နာရမည့် အခြေခံ စာနာမှုကျင့်ဝတ် (Empathy Ethics) ပင်ဖြစ်သည်။

သို့သော် မမေ၏ ရင်ထဲသို့ စီးဝင်လာသော ဆင့်ပွားစိတ်ဒဏ်ရာများက ထိုအခြေခံသဘောတရားကိုပင် ဝါးမြိုသွားခဲ့သည်။

မမေ၏ အလုပ်သဘောအရ ဖုန်းနှင့်ကွန်ပြူတာရှေ့တွင်တနေ့တာ ကုန်ဆုံးရသည်မှာများသော်လည်း ငလျင်မတိုင်ခင်က နားချိန်ဟူ၍ သပ်သပ်မတ်မတ်ပင် ရှိခဲ့သည်ဟု သူက​ပြောသည်။

ငလျင်သင့်သူများအား စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုသည့်(PSFA) ဝန်ဆောင်မှု အလုပ်ကို တာဝန်ယူချိန်မှစ၍ မမေ၏ အားလဒ်ချိန်များကို ထို အလုပ်အတွက် မြှုပ်နှံခဲ့ရသည်။ဤသည်မှာ မမေ၏ စိတ်ပိုင်းဆိုင်ရာ ပြိုလဲခြင်းအစပင်ဖြစ်သည်။

အလုပ်တာဝန်များအား ပြီးစီးလိုစိတ်၊တာဝန်ကျေလိုစိတ်နှင့် တဖက်တွင် စာနာမှု၏ အဖိုးအခအဖြစ် ပေးဆပ်လိုက်ရသည့် သူမ၏ စိတ်စွမ်းအင်မှာ ချုံးချုံးကျ ပျက်စီးသွားခဲ့ရပြီ။

ယင်းနောက် PSFA တစ်လတာ ပေးအပြီးတွင် ဆက်လုပ်ရန်ပင် မဖြစ်နိုင်တော့ကြောင်း ထိုအဖွဲ့ တာဝန်ရှိသူထံ ဖွင့်ဟခဲ့သည်။

“ဒီအဖွဲ့ကို စဝင်ထဲက အနည်းဆုံးသုံးလလုပ်ပေးပါ့မယ်ဆိုပြီးတော့ကတိပြုရတယ်။အဲ့တာကိုပါ ငိုယိုပြီးတော့ကျွန်မ မလုပ်နိုင်တော့ပါဘူးဆိုတော့ သူတို့က နားလည်ပါတယ်။ ဒါမယ့်ကိုယ်က ဆက်မလုပ်နိုင်ဘူးဆိုတဲ့ ခံစားချက်လည်း ကိုယ့်ဆီမှာ လာရှိတယ်။အဲ့ဒါအပြင် ကိုယ်ပထမလုပ်နေတဲ့ Peer to Peer Supportကိုလည်း ရပ်လိုက်ရတယ်”

●ပြန်လည်ပျိုးထောင်ခြင်းနှင့် သူမ၏ ခံတပ်စည်း

စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုသည်နေ့စဉ်ဘဝကိုပါ သက်ရောက်မှုရှိလာသောအခါ မမေသည် ရှင်သန်ရေးအတွက် အလုပ်များကို လွှတ်ချခဲ့ရသည်။

“(Management)မလုပ်နိုင်တော့ဘူး။ ကိုယ့်ကိုယ်ကိုလည်း မလုပ်နိုင်တော့ဘူး၊ မိသားစုထဲမှာလည်း မလုပ်နိုင်တော့ဘူး” ဟု သူမက ဆိုသည်။

စားဝတ်နေရေးအတွက် သတင်းရေးသားသည့်အလုပ်မှလွဲ၍ ကျန်အလုပ်များကို အကုန်ရပ်ဆိုင်းလိုက်သည်။ထို့နောက် ကိုယ့်ကိုယ်ကို ပြန်လည်ပျိုးထောင်ရန် ၊စိတ်အေးချမ်းမှုရရှိရန် လေ့ကျင့်ခန်းများဖြင့် ကုစားရန်ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့။ထိုသို့ ရုန်းထွက်ရန် ကြိုးစားမှုသည် ပို၍နက်သော တွင်းနက်ကြီးထဲ ကျသွားဟန်တူသည်ဟု မမေက ဆိုသည်။

“ကိုယ့်ရဲ့ ပုံမှန်လည်ပတ်နေတဲ့အခြေအနေက ပြတ်ထွက်သွားတာပေ့ါနော် ။ အိမ်ကို လာလည်တဲ့သူတွေနဲ့ အိမ်က သူတွေဘာပြောလဲဆိုရင် လိပ်ပြာလွင့်နေသလိုပဲတဲ့ ။စကားတော့ပြောနေတယ် စိတ်က လူမှာ မရှိနေဘူး၊ပြီးရင် ဘာပြောလိုက်မှန်းလဲမသိဘူး။ဘယ်သူနဲ့ဘာပြောနေတာလဲ ၊နောက်ဆက်ပြီး ဘာပြောမှာလဲဆိုတာလည်း ကျွန်မ မမှတ်မိဘူး”

အနီးအနားရှိနေသူများက စိတ်ကိုထိန်းချုပ်ရန်ပင် သတိပေးပြောဆိုသည့်စကားသံများမမေ ပို၍ကြားလာရသည်။

မမေသည် ၎င်း၏ စိတ်ကို ဖွင့်ချရန် ကျွမ်းကျင်သူများထံမှ Counseling (စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု)ယူရမည်ကိုလည်း တုန်လှုပ်နေမိသည်ဟု ဆိုသည်။

သူမ၏ စိတ်ဒဏ်ရာများကို ဖွင့်ချရန် ကြိုးစားလိုက်တိုင်း နားထဲတွင်ငလျင်သင့်သူများ၏ အကူအညီတောင်းသံများနှင့် နာကျင်စရာ စကားလုံးများကို ပြန်လည်ကြားယောင် မိနေသည်ဟု အသံခပ်သဲ့သဲ့ဖြင့် ပြောသည်။

“ခုလိုအင်တာဗျူးဖြေတဲ့အချိန်မှာလည်း အဲ့ဒီအကြောင်းအရာတွေကို အသေးစိတ်ပြန်ပြီး ပြောဖို့ခက်တယ်။အဲ့ဒီတုန်းက ခံစားရတဲ့အခြေအနေတွေ ပြန်ပြီးမှ မခံစားချင်ဘူး။ အဲ့ဒီဟာက ခုထိ ကျွန်မစိတ်ထဲမှာ ရှိနေတုန်းပဲ။ မသက်သာဘူးပဲ ပြောရမလား။ မေ့ထားတာပဲရှိတာ။ ပြီးသွားလို့ ပြီးသွားတာပဲ။အကြောင်းအရာတိုက််််ဆိုင်တိုင်း ငလျင်လို့ ပြောတဲ့အခါတိုင်းမှာ အဲ့ဒီသက်ရောက်မှု အဲ့ဒီခံစားချက်တွေက ကျွန်မဆီ ပြန်ရောက်လာတယ်”

ထိုလူများ၏စကားသံများကို တစ်ဖန်ပြန်ကြားရမည်ကို ကြောက်ရွံ့နေသည့် စိတ်ကပင် မမေ၏ အကြီးမားဆုံးသော စိတ်ဒဏ်ရာ ဖြစ်နေခဲ့သည်။

ဒါ့ကြောင့် ယင်းကိစ္စနှင့် ပတ်သတ်သည့် Counseling ယူခြင်း ၊အသေးစိတ်ပြန်လည်ပြောပြခြင်းကိုပင် ယနေ့အချိန်ထိ လုပ်ဆောင်နိုင်ခြင်းမရှိသေးဟု မမေက ဆိုပါသည်။

မမေသည် သူခံစားနေရသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမှ လွတ်မြောက်ရန်ကြိုးစားရာတွင် ခရီးထွက်ခြင်းက သူ့အတွက် အထောက်အကူဖြစ်စေခဲ့သည်ဟု​ပြောသည်။ပုံမှန်ကျင်လည်နေသည့် ပတ်ဝန်းကျင်မှ ခွဲထွက်လိုက်ခြင်းသည် သူမအတွက် စိတ်သက်သာရာရစေခဲ့သည်။

“ငါ ဒီလိုဖြစ်နေလို့ မရဘူး။ ဘာလို့ ဒီလိုတွေဖြစ်နေတာလဲ။ ဘာလုပ်ရမလဲဆိုတာ စဉ်းစားလို့မရတဲ့အခါမှာ၂ ရက် ၃ရက်လောက်ခရီးသွားလိုက်တယ်။ သွားလိုက်ပြီးတော့ ပြန်လာတဲ့အခါမှ လူကနည်းနည်းငြိမ်ပြီးတော့ ရှေ့ဆက်ရမယ့် အလုပ်တွေဆက်လုပ်နိုင်တာ၊ ဒီနယ်ပယ် ပတ်ဝန်းကျင်ကနေထွက်လိုက်တာပေါ့”

စိတ်ပိုင်းဆိုင်ရာ ကူညီထောက့်ပံ့သည်မှ ၈ လကြာ အနားယူပြီးနောက် မမေနှင့် ရင်းနှီးသည့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးသူ (Counselor) တချို့၏ ဖေးမမှု၊အကြံဉာဏ်ပေးမှုဖြင့် Peer to Peer Support လုပ်ပေးခြင်းကို ပြန်လည်စတင်နိုင်ခဲ့ပြီဟု သိရသည်။

သို့သော် “ ငလျင်” နှင့် ပတ်သက်သော အကြောင်းအရာများကို လက်မခံသေးရန် နှင့် မနိုင်ဝန်မထမ်းတော့ရန် ဆုံးဖြတ်ချက်ချ ထားသည်။

၎င်းမှာ ကြောက်စိတ်ထက် မိမိကိုယ်ကို ကာကွယ်ရန် တားဆီးထားသော “ စိတ်ပိုင်းဆိုင်ရာ စည်း” (Boundary) တစ်ခုပင်ဖြစ်​နေ​တော့သည်။ ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ မဂ္ဂနီကျု ၅.၂ ပြင်းအားအဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ရန်ကုန်မြစ်ဝအနီးကို ဗဟိုပြုပြီး ဒီ​နေ့မနက်မှာ ရစ်ခ်တာစကေး ၅ ဒဿမ ၃ အဆင့်ရှိတဲ့ငလျင်ကြောင့်လှုပ်ခတ်သွားပြီး ရန်ကုန်မြို့နယ်အများစုမှာ သိသာတဲ့ငလျင်ဒဏ်ခံစားခဲ့ရပါတယ်။

သတင်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးမှာ ရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ မြေငလျင်တခု လှုပ်ရှားသွားပြီး ဖားကန့်၊ မိုးကောင်းမြို့နယ်တွေမှာလည်း မြေလွှာလှုပ်ရှားမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

“မြန်မာနိုင်ငံကပြည်သူ ၇ဦးမှာ ၁ဦးက တစ်ကိုယ်ရည်စိတ်လုံခြုံမှုမရှိဘဲစိုးထိတ်နေရတယ်”