close
Connect with us

Hi, what are you looking for?

ဆောင်းပါး

စိတ်ကျန်းမာရေးသတိပြုပါ

-​အောင်​ရေးသားသည်။

“နိုင်ငံရေးအခြေအနေကြောင့် စိတ်ဓာတ်တွေအရမ်းကျနေလို့ဘာလုပ်သင့်လဲခင်ဗျ”

လူမှုကွန်ရက်မှာစိတ်ကျန်းမာရေးပြသနာတွေနဲ့ပတ်သတ်လို့မျှဝေအကြံပေးကြတဲ့အဖွဲ့စာမျက်နှာတစ်ခုမှာ တွေ့ရတဲ့ရေးသားမျှဝေမှုထဲကကောက်နှုတ်ထားတာပါ။

နောက်ထပ်မျှဝေအကြံတောင်းထားတဲ့ ရင်ဖွင့်မှုတစ်ခုကတော့ ဒီလိုပါ။

Public Service Announcement

Public Service Announcement

“အဆင်မပြေတာတွေကြား ပူပန်မှုတွေနဲ့ ညဖက်အိပ်မရတာ အလိုလိုစိတ်တိုနေတာကြာပြီ ဘယ်စိတ် ရောဂါဆရာဝန်ပြသင့်လဲ”

ဒါတွေကတော့ စစ်အာဏာရှင်စနစ်အောက် တကျော့ပြန်ကျရောက်နေတဲ့ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ မျက်မှောက်အခြေအနေတွေကို ထင်ဟပ်နေစေတာပါ။ မှန်ပါတယ်။

ကိုဗစ်နဲ့စစ်အာဏာသိမ်းကာလနောက်ပိုင်းမြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေးဆိုင်ရာပြသနာတွေကို ရင်ဆိုင်ကြုံတွေ့နေရသူတွေ တိုးပွားလာနေတယ်လို့ ကုလသမဂ္ဂ လက်အောက်အပါအဝင် အစိုးရ မဟုတ်တဲ့ နိုင်ငံတကာနဲ့ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်၊စစ်တမ်းတွေကဆိုပါတယ်။

ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာမလုံခြုံမှု၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့စီးပွားရေး၊လူမှုရေးမပြေလည်မှုတွေ၊ နေ့စဉ် တိုက်ပွဲနဲ့လေကြောင်းတိုက်ခိုက်ခံရမှု၊ နေရပ်စွန့်ခွာ ထွက်ပြေးရတာ၊ မိသားစုဝင်တွေဆုံးရှုံး ထိခိုက်ဒဏ်ရာရတာ၊ကိုယ်လက်အင်္ဂါဆုံးရှုံးတာတွေကြောင့် စိတ်ကျ၊စိတ်ဖိစီးမှုတွေကို ကြုံတွေ့နေ ကြရတာပါ။

ဒါ့အပြင်ဖြစ်ရပ်ဆိုးကြုံတွေ့ရခြင်းရဲ့ နောက်ဆက်တွဲ ပြင်းထန်စိတ်ဖိစီးမှုဝေဒနာ (PTSD)နဲ့မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်း စတဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ခံစားနေကြရတာဖြစ်ပါတယ်။

ကိန်းဂဏန်းတွေအရ အနီးစပ်ဆုံးကြည့်ရင်တော့ အခုလိုတွေ့နိုင်မှာလည်းဖြစ်ပါတယ်။

“မြန်မာနိုင်ငံကပြည်သူ ၇ဦးမှာ ၁ဦးက တစ်ကိုယ်ရည်စိတ်လုံခြုံမှုမရှိဘဲစိုးထိတ်နေရတယ်”

ကုလသမဂ္ဂဖွံဖြိုးမှုအစီအစဥ်(UNDP)ရဲ့၂၀၂၅ခုနှစ်အောက်တိုဘာ၁၀ရက်စွဲနဲ့အစီရင်ခံစာထုတ်ပြန်ချက် ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာကပြည်သူ ၂.၅ သန်းက တစ်ကိုယ်ရည်လုံခြုံရေးအတွက် ကြောက်လန့် နေရပြီးလူဦးရေ၆သန်းလောက်ကညဖက်တစ်ကိုယ်တည်းအပြင်ထွက်ဖို့စိုးရွံ့နေရတယ်လို့လည်းဆိုပါ တယ်။

ပဋိပက္ခနဲ့ဆင်းရဲငတ်မွတ်မှုတွေ ကြုံတွေ့နေရတဲ့ ဒေသတွေမှာတော့ လူငယ်၃ဦးမှာ၁ ဦးက စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုတွေကိုခံစားနေရတယ်လို့အစီရင်ခံစာမှာပါရှိပါတယ်။ ၂၀၂၅ ခုနှစ် မေလ University College Londonရဲ့ မြန်မာနိုင်ငံကလူပေါင်း ၇ ထောင်ကျော်ကို စစ်တမ်းကောက်ပြီး ပြုစုခဲ့တဲ့ ဆယ်ကျော်သက် အမျိုးသမီးများရဲ့ စိတ်ပိုင်းဆိုင်ရာ စာတမ်းကလည်းအခုလိုဆိုပါတယ်။

စာတမ်းမှာ ဆယ်ကျော်သက်အမျိုးသမီးလေးတွေက မိသားစုဝင်ကို ဆုံးရှုံးရတာ၊ မိသားစုနဲ့ ခွဲခွာနေရတာ တို့ကြောင့် ၉၄ ရာခိုင်နှုန်းကျော်က စိတ်ကျရောဂါတစ်ခုမဟုတ်တစ်ခုကို ခံစားနေရတယ်လို့ ဖော်ပြထား ပါတယ်။

ဒီထဲက၇၀ ရာခိုင်နှုန်းကတော့စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကြောင့် ညဘက် အိပ်မပျော်တာ၊ တချို့ဆိုရင် ကိုယ့်ကိုယ်ကိုယ်နာကျင်အောင်ပြုလုပ်ဖို့ ကြံစည်တဲ့အထိရှိနေတယ်လို့ဆိုပါတယ်။ အဲဒီလို စိတ်ကျန်း မာရေးပြသနာတွေခံစားနေရသူတွေအထဲ မဖြူချေ(အိမ်နာမည်)လည်းပါဝင်ပါတယ်။

အသက်၂၇နှစ်အရွယ်မဖြူချေကမိသားစုဝင်၃ဦးနဲ့အတူရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်ကရန်ကုန်မြို့ကို စစ်ဘေးတိမ်းရှောင်လာသူပါ။ ဇာတိမှာကျန်ရစ်ခဲ့တဲ့ဆွေမျိုးမိတ်ဆွေတွေနဲ့ခွဲခွာနေရတာအပြင် နေသားမကျတဲ့ဒေသမှာ စားဝတ်နေရေးအခက်အခဲတွေရင်ဆိုင်နေရတာတို့ကြောင့် နေ့စဥ်စိတ်ဖိစီးမှု တွေခံစားနေရတယ်လို့သူကဆိုပါတယ်။

“ပိုင်ဆိုင်တာအကုန်ထားပြီးပြေးလာရတာပါ။ဒီမှာက(ရန်ကုန်)တစ်ခုမှအဆင်မပြေပါ။ပြန်လို့လည်းမရ၊ စိတ်မောရပါတယ်”

နောက်ထပ်သာဓကပြစရာတစ်ဦးကတော့စစ်ကောင်စီထိန်းချုပ် မြစ်ဝကျွန်းပေါ် ဒေတစ်ခုက ကိုဇော်(ငယ်နာမည်)ဖြစ်ပါတယ်။ သူက ၂၀၂၁စစ်အာဏာမသိမ်းမီက အလုပ်အကိုင်အဆင်ပြေသူ တစ်ဦးဖြစ်တယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အလုပ်လက်မဲ့ဖြစ်ခဲ့ကာ စီးပွားရေး၊လူမှုရေး မပြေလည်မှုတွေ ကြုံတွေ့ခဲ့ရတဲ့အပြင်တော် လှန်ရေးမှာလည်း ထိထိရောက်ရောက်မပါဝင်နိုင်လို့ စိတ်ဓါတ်ကျခဲ့ရ တယ်လို့သူကရင်ဖွင့်ပါတယ်။

“ညဖက်တွေဆိုအိပ်မပျော်ဘူး။အလိုလိုလည်းစိတ်တိုနေတယ်။လမ်းပျောက်နေသလိုခံစားရတယ်”

စိတ်ကျန်းမာရေးဘယ်လိုစောင့်ရှောက်သင့်လဲ

မြန်မာနိုင်ငံကပြည်သူတွေဟာ ကိုဗစ်နဲ့ အာဏာသိမ်းမှုနောက်ဆက်တွဲဂယက်တွေကြောင့် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုတွေကိုလိုအပ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အပါအဝင် ကျန်းမာရေးနဲ့ဆက်စပ်အဖွဲ့အစည်းတွေကဆိုပါတယ်။

စိတ်ကျန်းမာအတွက် တစ်ကိုယ်ရည် စောင့်ရှောက်ပေးနိုင်မယ့် အဓိကနည်းလမ်းတွေကိုလည်း အခုလိုအကြံပြုထားပါတယ်။

၁။စိတ်ညစ်၊စိတ်ဖိစီးလာချိန်မှာယုံကြည်ရသူတစ်ဦးဦးနဲ့စကားပြောဆိုပေးရပါမယ်။

၂။အနားယူချိန်လိုအပ်ပါတယ်။

၃။ လမ်းလျှောက်တာလို ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတစ်ခုခုကိုပြုလုပ်ပေးပါ။

၄။ ဝါသနာပါတဲ့၊နှစ်သက်ခုံမင်တဲ့ အရာတစ်ခုခုကိုပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

ကိုဗစ်ရောဂါကပ်ဘေးအပြင်၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်ခံ ရမှုတွေကို ဆိုးရွားစွာ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအနေနဲ့ လက်ရှိကာလ မှာစိတ်ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ရန်နဲ့ကုသမှုပေးနိုင်ရန် စိတ်ကျန်းမာရေး ဝန်ဆောင်မှု တွေကို လက်လှမ်းမီ နိုင်ရန် အလွန်အရေးကြီးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကျန်းမာရေးဝန်ကြီးဌာန ကလည်းထုတ်ပြန်ထားပါတယ်။

ဆရာဝန်၊ စိတ်ပညာရှင်တွေအပြင် မိသားစုနဲ့လူမှုအသိုင်းအဝိုင်း၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းတွေရဲ့ စိတ်ပိုင်းလူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးပေးမှုမှာ အခြေခံကျပြီး ထိရောက်အရေးကြီးကြောင်းကိုလည်း သတိပြုရမယ်လို့၂၀၂၅ခုနှစ်အောက်တိုဘာလ၁၀ရက်ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ထုတ်ပြန်ချက်မှာအကြံပြုထားတာပါ။

အရက်နဲ့ မူးယစ်ဆေးဝါးသုံးစွဲတာ၊ လူအများကို ရှောင်ဖယ် သီးသန့်နေထိုင်တာ၊ ကိစ္စရပ်တွေကို ဒေါသနဲ့ဖြေရှင်းတာစတဲ့ အပြုသဘောမဆောင်တဲ့ စိတ်ဖိစီးမှုကိုင်တွယ်ဖြေရှင်းနည်းတွေကို ရှောင်ရှားရန် လည်းသတိပေးထားပါတယ်။

ဒါ့အပြင် စိတ်ကျန်းမာရေးဆိုင်ရာအထူးကုဆရာဝန်တစ်ဦးကလည်း စိတ်ကျန်းမာရေးအတွက် မိမိကိုယ်ကိုစောင့်ရှောက်နိုင်ရန် အဓိကအခြေခံအကျဆုံးအချက်မှာ Thinking Healthyလို့ခေါ်တဲ့ ကောင်းမွန်စွာတွေးခေါ်စဥ်းစားပေးမှုပဲဖြစ်တယ်လို့ပြောပါတယ်။

တိုင်းပြည်ရဲ့လက်ရှိအခြေအနေအရ လူတိုင်းကိုယ်စီမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ သူကဆက်ပြောပါတယ်။ ဒီလိုအခြေအနေမှာ ကြုံတွေ့နေရတဲ့ပြသနာတွေကိုအခက်အခဲလို့သာ မြင်ယောင်မိပြီး မကျော်လွားနိုင်တော့ဘူးလို့ခံစားရကာ ကိုယ့်ကိုယ်ကို အားမရတာ၊ မကျေနပ်တာ၊ သိမ်ငယ်တာတွေဖြစ်လာရင် နောက်ဆက်တွဲစိတ်ခံစားမှုတွေ မကောင်းမွန်တော့ဘူးလို့ အထက်ပါ စိတ်ကျန်းမာရေးအထူးကုကရှင်းပြပါတယ်။

“အနီးစပ်ဆုံးဆိုရင်ကိုယ့်မိသားစုအပေါ်ဆက်ဆံတာအရင်လိုမဟုတ်တော့ဘူး၊စိတ်မရှည်တော့ဘူး။ကလေးတွေအပေါ်လည်းစိတ်မရှည်ဘူး၊အော်ငေါက်မိတယ်၊ကိုယ်နောက်ထပ်အလုပ်တွေလုပ်ဖို့လည်းခွန်အားမရှိတော့ဘူး”လို့စိတ်ဖိစီးမှုကြောင့်ပြောင်းလဲလာတဲ့အပြုအမှုတချို့ကိုသူကဆက်ရှင်းပြပါတယ်။

ဒီလိုအခြေအနေတွေကို ဖြတ်ကျော်ရမယ့်နည်းလမ်းကိုလည်း “ ဒါကိုကျွန်တော်တို့က ကောင်းမွန်တဲ့ တွေးခေါ်တဲ့ပုံစံနဲ့စဥ်းစားရမှာပေါ့”လို့စိတ်ကျန်းရေးအထူးကုကအကြံပြုပါတယ်။

သာဓကအနေနဲ့လည်း

  • အလုပ်အကိုင်၊စီးပွားရေးမပြေလည်ရင်လည်း လက်ရှိကာလ နိုင်ငံရေး အခြေအနေတွေအရ လူတိုင်း ကိုယ်စီအခက်အခဲတွေ ရင်ဆိုင်နေကြရတယ်၊ ကိုယ်တစ်ဦးမဟုတ်လို့ တွေးတောပေးတာ။
  • အရင်ကကိုယ်လုပ်ကိုင်အောင်မြင်မှုတွေကို ပြန်စဥ်းစားပေးတာ၊ နောက်ထပ် အခွင့်အလမ်းတွေ ထပ်ရှာဖွေနိုင်သေးတာ။
  • အလုပ်အကိုင်၊စီးပွားရေးမပြေလည်သေးချိန်မှာလည်း ကလေးထိန်းတာ၊အိမ်မှု ကိစ္စ ကူညီပေးတာနဲ့ မိသားစုကိုအချိန်ပေးတာ စတာတွေဆောင်ရွက်ပေးခြင်းနဲ့ စိတ်ခွန်အား(motivation)ရရှိနိုင်တယ်လို့ အထက်ပါစိတ်ကျန်းမာရေးအထူးကုက လမ်းညွန်အကြံပေးပါတယ်။

အဲဒီလို အပြုသဘောတွေးခေါ်လိုက်ရင် စိတ်ခံစားချက်တွေကောင်းမွန်လာပြီး အဆင်ပြေလာမယ်လို့ ဆက်ပြောပါတယ်။ “မိသားစုနဲ့ဆက်ဆံရေးလည်းအဆင်ပြေလာမယ်၊အခြားသူတွေနဲ့လည်းဆက်ဆံရေးကအဆင်ပြေလာ တယ်”

ဒါ့အပြင် ပဋိပက္ခဒေသကပြည်သူတွေနဲ့စစ်ဘေးရှောင်တွေအနေနဲ့လည်း စိတ်ကျန်းမာရေးဆိုင်ရာ မိမိ.ကိုယ့်ကိုယ်ကိုစောင့်ရှောက်နိုင်ဖို့လိုအပ်တယ်လို့ စိတ်ကျန်းမာရေးဆိုင်ရာ အထူးကုဆရာဝန် အပါအဝင် ကျန်းမာရေးပညာရှင်တွေကအကြံပြုပြောဆိုပါတယ်။

စစ်ဘေးရှောင်တွေအနေနဲ့လည်း ရောက်ရှိရာဒေသမှာ ကိုယ်တက်နိုင်ရာဆောင်ရွက်တာ၊ မျှော်လင့်ချက် တစ်ခုခုကို ရည်မှန်းဆုပ်ကိုင်ထားတာစတဲ့ နည်းလမ်းတွေနဲ့ လက်တလောစိတ်ဖိစီးမှုနဲ့အခက်အခဲတွေကို ရင်ဆိုင်ကျော်လွားနိုင်မယ်လို့ အထက်ကစိတ်ကျန်းမာရေးအထူးကုကပြောပါတယ်။

“ကိုယ့်အတွက်ဒါမှမဟုတ်မိသားစုအတွက်၊ကလေးအတွက်ပေါ့ မျှော်လင့်ချက်တစ်ခုရှိနေရင် အခုအချိန် မှာရင်ဆိုင်နေရတဲ့ပြသနာတွေကိုပိုလုပ်နိုင်တာပေါ့၊မဟုတ်ရင်ဘဝကဆိုးလိုက်တာပေါ့အဲဒီလိုအတွေးတွေဝင်လာပြီးအရှုံးပေးချင်စိတ်တွေဝင်လာနိုင်တယ်”

ဘာတွေအခက်အခဲရှိလဲ၊ဘယ်လိုဖြေရှင်းနိုင်လဲ

ကျန်းမာရေးဝန်ထမ်းတချို့ကတော့ မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေးကို သိပ်အလေးမထားခဲ့ ကြတာ အပြင် ပညာရှင်အရေအတွက်ကလည်း နည်းပါးနေသေးတယ်လို့ ထောက်ပြကြပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ၂၀၁၉ စစ်တမ်းအရ မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင်က စိတ်ကျန်းမာရေး ဆိုင်ရာ ဆရာဝန် ၁၁၇ ယောက်ပဲရှိပါတယ်။ အာဏာသိမ်းခံရပြီး လက်ရှိကာလမှာလည်း စိတ်ကျန်း မာရေးဆိုင်ရာဆရာဝန် အရေအတွက်က တစ်ရာဝန်းကျင်သာရှိနိုင်တယ်လို့ စိတ်ကျန်းမာရေး ဆရာဝန် အပါအဝင်ကျန်းမာရေးဝန်ထမ်းတချို့ကခန့်မှန်းဖြေကြားခဲ့ပါတယ်။

လက်ရှိအာဏာသိမ်းစစ်အုပ်စုလက်ထက်မှလည်းကျန်းမာရေး ကိစ္စ ရပ်တွေကိုအလေးမထားလို့ ပိုဆိုးရွားလာနိုင်တယ်လို့သူတို့ကဆိုပါတယ်။ ဒါပေမယ့်စိတ်ကျန်းမာရေးနဲ့ပတ်သတ်လို့ သံသယရှိလာရင် ပညာရှင်နဲ့မဆက်သွယ်နိုင်ရင်တောင် နီးစပ်ရာ Counseling Center(စိတ်ကျန်းမာရေးဆိုင်ရာ အကြံပေး ဆွေးနွေးအဖွဲ့အစည်း/ဆေးခန်း)တွေကို ဆက်သွယ်နိုင်တယ်လို့လည်း ကျန်းမာရေးဝန်ထမ်းတွေ ကအကြံပြုပါတယ်။

“စနစ်တကျလေ့ကျင့်ထားတဲ့နေရာတွေကိုစုံစမ်းဖို့တော့လိုတယ်။အခုဆိုရင်အွန်လိုင်းမှာရောအပြင်မှာပါအတော်များများရှိပါတယ်”လို့ ရန်ကုန်မြို့ကအထွေထွေရောဂါကုဆရာဝန်တစ်ဦးကဆိုပါတယ်။

ဒါမှအဆင်မပြေရင်တော့ သက်ဆိုင်ရာစိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ပြသသင့်တယ်လို့ သူက ဆက်ပြောပါတယ်။

အထက်က စိတ်ကျန်းမာရေးဆိုင်ရာအထူးကုဆရာဝန်ကတော့ mental health(စိတ်ကျန်းမာရေး)နဲ့ ပတ်သတ်လို့မြန်မာနိုင်ငံမှာဖြစ်နေတာက emergency needလိုဖြစ်နေပြီး မဖြစ်မနေ စောင့်ရှောက်မှု ပေးရမယ့်အနေအထားလို့ ထောက်ပြသတိပေးပါတယ်။

ဒါ့အပြင်စိတ်ကျန်းမာရေးဆိုတာက ဝဋ် နာကံနာမဟုတ်၊ရှက်ရွှံစရာမဟုတ်လို့ နောက်ဆက်တွဲ အကျိုးဆက်တွေ မဖြစ်စေဖို့ လိုအပ်သလို ပညာရှင်တွေဆီ ဆက်သွယ်ပြသရမယ်လို့ သူကဆက် ပြောပါတယ်။

“စိတ်ကျန်းမာရေးနဲ့ပတ်သတ်လို့ အကူအညီလိုအပ်တယ်ဆိုရင် ရှက်စရာမဟုတ်ဘူး၊ အကူအညီရနိုင်မယ့် နေရာကိုရှာပါ။သွားပါ၊အကူအညီတောင်းပါ။” ။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

"အိမ်ပြန်ချင်တာပေါ့။ ဒါပေမယ့် ကျွန်တော်တိုက်ပွဲကနားပြီး တခြားမှာတာဝန်ကျရင်တောင် အိမ်ပြန်ဖို့ကတော့မဖြစ်နိုင်သေးဘူး။ ဒီတော်လှန်ရေးမြန်မြန်ပြီးမှပဲ အဆင်ပြေမယ်"လို့ ကိုသူက သူဆန္ဒကိုပြောပါတယ်။

Infographics

ကိုယ့်ရဲ့ စိတ်အခြေအနေ၊ စိတ်ခံစားချက်တွေက ဘာတွေ ဖြစ်နေသလဲ ဆိုတာ သိပ်အရေးကြီးပါတယ်။ မျက်ကွယ် ပြုထားမိတာမျိုး ဘယ်တော့မှ မဖြစ်ပါစေနဲ့။

နိုင်ငံတကာ

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ သေနတ်သမားဟာ အိတ်တစ်လုံးကို ကိုင်ပြီး စျေးဝယ်စင်တာထဲ ဝင်ရောက်သွားရာကနေ နောက်ဆုံး ရဲတွေဆီ လက်နက်ချတဲ့ အချိန်ထိ ဖြစ်စဉ်တွေက မိနစ် ၉၀ လောက်အတွင်း ဖြစ်ပွားသွားခဲ့ကြောင်း တွေ့ရပါတယ်။

Facebook