close
Connect with us

Hi, what are you looking for?

ဆောင်းပါး

ပေါ်တာဆွဲခံရတဲ့ လူငယ်တွေရဲ့ အတွေ့အကြုံ

စစ်ကိုင်းတိုင်းက ယင်းမာပင်ခရိုင်ပကဖဆီကို ပေါ်တာဆွဲခံရတဲ့ ပြည်သူ့စစ်(စစ်မှုထမ်းတပ်သားသစ်) ၄ ဦး အလင်းဝင်ရောက်လာခဲ့ပါတယ်။ အဲဒီတပ်သား ၄ ဦးထဲက ၃ ဦးကနေ ၎င်းတို့ ပေါ်တာဆွဲခံရပုံ၊ စုဆောင်းရေးနဲ့သင်တန်းကျောင်းတွေမှာ ဖြတ်သန်းရပုံတွေ၊ စစ်တပ်နဲ့စစ်ကြောင်းထိုးစဥ် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် အခုလို ပြောပြခဲ့ကြပါတယ်။

(​စစ်တပ်ရဲ့ပေါ်တာဆွဲခံရပြီး အဓမ္မစစ်မှုထမ်းခဲ့ရပြီး​နောက် ပြည်သူ့ကာကွယ်​ရေးတပ်ထံအလင်းဝင်ခဲ့တဲ့သူ​တွေကအ​တွေ့အကြုံ​တွေကိုမျှ​ဝေစဥ်။ ဓါတ်ပုံ-ယင်းမာပင်ခရိုင်ပကခ)

ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်းက ယင်းမာပင်ခရိုင်ပကဖဆီကို ပေါ်တာဆွဲခံရတဲ့ ပြည်သူ့စစ်(စစ်မှုထမ်းတပ်သားသစ်) ၄ ဦး အလင်းဝင်ရောက်လာခဲ့ပါတယ်။ အဲဒီတပ်သား ၄ ဦးထဲက ၃ ဦးကနေ ၎င်းတို့ ပေါ်တာဆွဲခံရပုံ၊ စုဆောင်းရေးနဲ့သင်တန်းကျောင်းတွေမှာ ဖြတ်သန်းရပုံတွေ၊ စစ်တပ်နဲ့စစ်ကြောင်းထိုးစဥ် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် အခုလို ပြောပြခဲ့ကြပါတယ်။

▪︎ခရီးသွားရင်း အဆွဲခံရသူများ

သူတို့ထဲက ကိုမျိုးသဲဝင်းဆိုသူက အိမ်ထောင်သည်ပါ။ ပြည်၊ ရွှေတောင်မှာအိမ်ထောင်ကျတယ်။ ရွှေတောင်ကနေပြီးတော့ အမေ့အဆီအလည်အပြန်မှာ မကွေးဂိတ်မှာ ပေါ်တာအဆွဲခံရတယ်။ “ အောင်လံမိုးကားပေါ်မှာ။..သတင်းအတိအကျရလို့ စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီး ခေါ်တာ။ နောက်ပြီးတော့မှ သူတို့ကိုမေးတော့မှ ပေါ်တာဆွဲတာလို့ သိရတယ်။” လို့ သူက ပြောပြတယ်။

Public Service Announcement

Public Service Announcement

နောက်တစ်ယောက်ကတော့ ကိုသူရအောင်။ သူကတော့ အင်္ဂလိပ် Speaking တက်ဖို့ ရန်ကုန်ဆင်းလာတယ်။ ရွှေဘိုရောက်တော့ မိုးချုပ်နေလို့ ခရီးတထောက်နားတယ်။ ရွှေဘိုမြို့က တည်းခိုခန်းကိုသွားတည်းချိန် ညဘက်ဝင်ရောက်ပေါ်တာဆွဲခံလိုက်ရတာဖြစ်ကြောင်း သူက ပြောပါတယ်။

“ ကားပေါ်မှာအိပ်ရင် ပေါ်တာဆွဲခံရမှာစိုးလို့ တည်းခိုခန်းထဲ ဝင်အိပ်လိုက်တာ ပေါ်တာအဆွဲခံလိုက်ရတယ်။ အခန်းထဲထိ ဝင်ဆွဲခံရတာ။” လို့ ကိုသူရအောင်က ပြောတယ်။

ဆွဲတဲ့ညက သူနဲ့အတူတူ စစ်ကိုင်းက လူငယ်တစ်ယောက်လည်း အဆွဲခံရတယ်။ စစ်အုပ်စုဟာ သူတို့နှစ်ယောက်ကို ဖမ်းခေါ်ပြီး ရွှေဘိုမြို့ပေါ် ရပ်ကွက်ထဲတွေ အကုန်လုံးပတ်ပြီး ပေါ်တာဆက်ဆွဲဖို့ ကြိုးစားတယ်လို့ သိရတယ်။

“ သူတို့အင်အားက ၃၀ လောက်တော့ရှိမယ်။ အိမ်စီးကားတွေနဲ့ ရပ်ကွက်ထဲတွေပတ်ပြီး စုဆောင်းတာပေါ့။ အဲညကတော့ (တခြားပြည်သူတွေ) ကံကောင်းချင်တော့ ကျွန်တော်တို့နှစ်ယောက်ပဲ ပါလာတာ။” လို့ သူက ပြောတယ်။

နောက်တစ်ယောက်ကတော့ ကိုအောင်ကျော်ဝင်း။ စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ ကားသွားမောင်းရင်း ကားပျက်ချိန် ပေါ်တာအဆွဲခံရတာလို့ သူက ပြောတယ်။ “ ကားပျက်လို့ ကားအောက်ခဏအိပ်နေတာ။ လာခေါ်တယ်။ စကားပြောစရာရှိလို့တဲ့။ ဘာမပြောညာမပြောနဲ့ အချုပ်ခန်းကြီးထဲခေါ်ထည့်တာ။” လို့ ကိုအောင်ကျော်ဝင်းက ပြောတယ်။

▪︎တပ်မ ၃၃ က ငရဲခန်း

ကိုသူရအောင်ကတော့ ရွှေဘိုလေ့ကျင့်ရေး ၈ ထဲနှစ်ပတ်နီးပါးနေခဲ့ရပြီး ရဟတ်ယာဥ်နဲ့ တပ်မ ၃၃ ကို ထပ်ပို့ခံရတယ်။ တပ်မ ၃၃ ထဲမှာ ၆ ရက်နေခဲ့ရတယ်။ ၆ ရက်ဆိုပေမဲ့ ကိုသူရအောင်အတွက် တစ်သက်စာမမေ့နိုင်တော့တဲ့အခိုက်အတန့်လို့ သူကတင်စားတယ်။

တပ်မ ၃၃မှာ စစ်ကိုင်းတိုင်းထဲက ရွှေဘို၊ စစ်ကိုင်း၊ မုံရွာ၊ ကလေး၊ ကလေးဝ၊ ဟုမ္မလင်း၊ ဖောင်းပြင် စတဲ့ဒေသအသီးသီးက ပေါ်တာဆွဲခံရတဲ့သူတွေကို စုထားတာလို့ သူက ပြောတယ်။ သူတို့တတွေကို အကျဥ်းသားတွေလို ခြေကျင်းတွေခတ်လိုက်တယ်။ ဘားတိုက်ကြီးထဲမှာ ခန့်မှန်းခြေ လူ ၁၅၀ ကျော် လောက်ရှိတယ်။

ကျွေးတာကလည်း မသေထမင်းမသေဟင်းပဲ။ ဆန်ဆိုလည်း ဘဝတလျှောက်မစားဖူးတဲ့ဆန်ကြမ်းတွေ ချက်ကျွေးတယ်။ အိမ်သာတက်ရေချိုးလည်း အချိန် ၅ မိနစ်ပဲပေးတယ်။ “ မပြီးရင် အရိုက်ခံရတယ်။ အထိုးခံရတယ်” လို့ သူကဆိုတယ်။

▪︎မင်္ဂလာဆောင်မယ့် သတို့သားပါ ပေါ်တာဆွဲခံရ

အဲဒီနောက် သူတို့ကို ဟိုပုံးသင်တန်းကျောင်းကိုပို့တယ်။ သင်တန်းကျောင်းမှာလည်း ပေါ်တာဆွဲခံရတဲ့ စိတ်မကောင်းစရာ အတွေ့အကြုံတွေ ကိုသူရအောင် ထပ်ကြားခဲ့ရတယ်။ “ တချို့က သားသမီးမွေးနေ့ မွေးနေ့ကိတ်လေးဝယ်ပြီး ပြန်လာချိန်ပေါ်တာဆွဲခံလိုက်ရတာ။ တချို့ကလည်း သတို့သားဝတ်စုံ တိုက်ပုံအင်္ကျီနဲ့ စုဆောင်းရေးထဲရောက်လာတာ” လို့ ကိုသူရအောင်က ပြောပြတယ်။

ဒါ့အပြင် အစားထိုး စစ်မှုထမ်းပေးဖို့ ပိုက်ဆံနဲ့ ကြေးစားဝင်တဲ့သူတွေ၊ ရိုက်မှုခိုးမှုနဲ့ ထောင်ကျမခံတော့ဘဲ စစ်တပ်ထဲရောက်လာသူတွေလည်းရှိတယ်လို့ သိရတယ်။

▪︎စစ်တပ်ရဲ့ အကြမ်းလုပ်ရပ်တွေ

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့တာတွေ သူတို့မျက်မြင်တွေ့ခဲရတယ်။ ပေါက်မြို့နယ်၊ သရဖီရွာအနီးမှာ ရိက္ခာယာဥ်တန်းကို PDFက ရှော့တိုက်ဒုံးနဲ့ လှမ်းပစ်တဲ့အချိန် စစ်ကြောင်းက ပြန်ကွေ့ပြီး သရဖီနဲ့လယ်ကိုင်းရွာကို မီးရှို့ခဲ့တယ်လို့ ၎င်းတို့က ပြောပြတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေလည်း ရှိတယ်လို့ သူတို့က ပြောပြတယ်။

“ တပ်ကြပ်တစ်ဦးက ဘယ်ရွာမှာ ကောင်မလေးနှစ်ယောက်ကို မုဒိမ်းကျင့်ခဲ့တယ်ဆိုတာပြောတယ်။..အဲ တပ်ကြပ်ကြီးက ကောင်မလေးမြင်ရင်မရဘူး။ တအားတဏှာရူးတယ်။” လို့ အလင်းဝင်သူတစ်ဦးက ပြောတယ်။

ဒါတင်မကသေးပါဘူး။ စစ်ကောင်စီကိုထောက်ခံတဲ့ ပျူရွာတွေမှာလည်း အမျိုးသမီးတွေကို စစ်သားတွေက ခေါ်ယူပေါင်းသင်းတာတွေရှိတယ်လို့ ၎င်းတို့က ပြောပါတယ်။ တချို့ကောင်မလေးတွေဆိုရင် စစ်သားမယားဖြစ်တဲ့သူဖြစ်” လို့ အလင်းဝင်တပ်သားတစ်ဦးက ပြောပြတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ရွာတွေက ပြည်သူတွေအိမ်ဝင်စီးပြီး ရိက္ခာတွေကိုလည်း သယ်ယူတယ်လို့ ၎င်းတို့က ပြောပြတယ်။ “ ဆန်ဆီအကုန်သယ်တယ်။ သယ်လို့မနိုင်ရင် ဆန်အိတ်တွေ ဖောက်ထားခဲ့တယ်။ ပျုစောထီးရွာတွေရောက်ရင် ရောင်းစားတယ်။ ဆားတစ်ပိဿာတစ်အိတ်ကို ၂ သိန်းတဲ့။” လို့ ကိုသူရအောင်က ဆိုပါတယ်။

အဲဒါကြောင့် နဂိုကတည်းကမှ ဝင်ချင်လို့ ဝင်လာတာမဟုတ်တဲ့၊ ပေါ်တာအဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေဟာ ကာကွယ်ရေးအဖွဲ့တွေဆီ အလင်းဝင်လာခဲ့တာဖြစ်ကြောင်း ပြောပြကြတယ်။

“ ပြည်သူတွေရဲ့အပြုံးကအစ ကွာတယ်။ ကိုယ့်ကိုတွေ့လိုက်လို့ ခွေးယူနီဖောင်းကြီးနဲ့မို့ မပြုံးချင်ပြုံးချင်နဲ့ ပြုံးလိုက်တာကအစ” လို့ ကိုသူရအောင်က ပြောပါတယ်။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

"မီးတောက်တွေကလည်း များလိုက်တာ။ အမေတို့ ပြေးဖို့ပြင်လိုက်အုန်းမယ်"

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က စတင်စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ စတင်ဖြစ်ပွားနေကြောင်း ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ အလုံးလိုက် စျေးဖြတ်ပြီးရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။