close
Connect with us

Hi, what are you looking for?

ဆောင်းပါး

နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးကြောင့် နှစ်ခြမ်းခွဲရတော့မယ့် လုံဝသင်္ခ

လုံဝသင်္ခရွာဟာစစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လဟယ်မြို့နယ်မှာ တည်ရှိတာဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်စည်းမျဉ်းက ရွာလယ်ခေါင်ကနေ ဖြတ်သန်းသွားတာပါ။

(မြန်မာနိုင်ငံဘက်မှာ တစ်ခြမ်း အိန္ဒိယနိုင်ငံဘက်မှာတစ်ခြမ်းဖြစ်​နေတဲ့ လုံဝသင်္ခ ရွာ၊ ဘောလုံးကွင်းနဲ့ အိမ်တစ်လုံးထဲမှာနိုင်ငံတစ်ခြမ်းပိုင်​​နေတဲ့ ရွာအကြီးအကဲတို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ- AP ၊ CJ )

-ထက်ဖြိုး​ရေးသားသည်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အိုးထရက်ဖို့ဒ် (Old Trafford)၊ ဘာစီလိုနာအသင်းရဲ့ ကမ့်နူး (Camp Nou) နဲ့ ရီရဲလ်မက်ဒရစ်အသင်းတို့ရဲ့ ဆန်တီယာဂို ဘာနေဗျူး အစရှိတဲ့ ကမ္ဘာကျော်ဘောလုံးအားကစားကွင်းကြီးတွေ အကြောင်းကို ဘောလုံးဝါသနာအိုးတိုင်း သိကြပါလိမ့်မယ်။

ကွင်းထဲမှာအံ့မခန်းအားပေးနေကြတဲ့ပရိသတ်တွေ၊ ခမ်းနားထည်ဝါလှတဲ့အနုပညာမြောက် ဗိသုကာလက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဘောလုံးကွင်းကြီးတွေဟာ အလွန်အင်မတန် ကြီးကျယ်ခမ်းနားလွန်းလှပါတယ်။ အဲဒီဘောလုံးအားကစာကွင်းကြီးတွေထဲ ကိုယ်တိုင်းမရောက်ဖူးရင်တောင် တီဗွီဖန်သားပြင်ပေါ်မှာ မြင်ရတဲ့ မြင်ကွင်းတွေနဲ့တင် ဘယ်လောက်တောင် ကြီးကျယ်ခမ်းနာလိုက်သလဲဆိုတာ ပေါ်လွင်နေပါပြီ။

ဒါပေမဲ့လည်း အဲဒီကမ္ဘာကျော်ဘောလုံး အားကစားကွင်းကြီးတွေ ပိုင်ဆိုင်မထားဘဲ ကမ္ဘာပေါ်က ဘယ်ဘောလုံးကွင်းမှာမှ မရှိနိုင်တဲ့ အံ့ဩမင်သက်စရာ ထူးခြားတဲ့ ဘောလုံးကွင်းတစ်ခုဟာ မြန်မာနိုင်ငံရဲ့ ဝေးလံခေါင်သီလှတဲ့ နယ်စပ်ဒေသက ရွာလေးတစ်ရွာမှာ တည်ရှိနေတယ်ဆိုတာကိုတော့ သိရှိသူ နည်းကြပါလိမ့်မယ်။

Public Service Announcement

Public Service Announcement

ဘောလုံးကွင်း

အဲဒါကတော့မြန်မာ-အိန္ဒိယနယ်စပ်စည်းပေါ်မှာ ကွက်တိကျရောက်နေတဲ့ လုံဝသင်္ခရွာက ဘောလုံးကွင်းလေးပဲ ဖြစ်ပါတယ်။လုံဝသင်္ခရွာဟာစစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လဟယ်မြို့နယ်မှာ တည်ရှိတာဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်စည်းမျဉ်းက ရွာလယ်ခေါင်ကနေ ဖြတ်သန်းသွားတာပါ။

ဒီဘောလုံးကွင်းလေးထဲမှာဘောလုံးကန်နေတဲ့ ရွာကလူငယ်တွေဟာ ဂိုးတစ်ဖက်ကို ဂိုးသွင်းလိုက်ရင် မြန်မာနိုင်ငံ ဘက်ခြမ်းကို ဂိုးသွင်းလိုက်တာဖြစ်ပြီး နောက်ထပ် ဂိုးတစ်ဖက်ကို သွင်းလိုက်ရင်တော့ အိန္ဒိယနိုင်ငံဘက်ခြမ်းကို သွင်းလိုက်တာမျိုးပါ။ နယ်စပ်မျဉ်းဟာ ဘောလုံးကွင်းရဲ့ အလျားလိုက် ခပ်စောင်းစောင်အနေအထားနဲ့ ဖြတ်သွားပြီး ဂိုးတစ်ဖက်က မြန်မာဘက်ခြမ်းနဲ့ တစ်ဖက်က အိန္ဒိယဘက်ခြမ်းမှာ ရှိနေတာပါ။

“ကျနော်တို့က တစ်ရွာတည်းဆိုတော့ မြန်မာခြမ်း၊ အိန္ဒိယခြမ်း မခွဲခြားဘူးလေ”လို့ ဘောလုံးကန်တဲ့အခါ အတူတူကန်ကြတဲ့အကြောင်း လုံဝသင်္ခရွာသား ကိုဂတ်ဖားက ပြောပါတယ်။

အိမ်တစ်လုံးထဲမှာနိုင်ငံတစ်ခြမ်းပိုင်​​နေတဲ့ ရွာအကြီးအကဲ

ဒါပေမယ့် သူတို့ကိုယ်တိုင်က ခွဲခြားခြင်းမရှိပေမဲ့လည်း မကြာခင်မှာ အဲဒီရွာလေးကို နှစ်ခြမ်းခွဲပစ်မယ့် နယ်စပ်ခြံစည်းရိုးကြီးကလုံဝသင်္ခရွာလယ်ခေါင်ကနေ ကာရံပိတ်ဆို့တော့မှာဖြစ်ပါတယ်။

အိန္ဒိယဗဟိုအစိုးရက နိုင်ငံတော်လုံခြုံရေးအတွက်လို့ အကြောင်းပြပြီး နှစ်နိုင်ငံနယ်စပ်စည်းခတ်နေတာပါ။ အခုဆိုရင် မြန်မာဘက်က တမူးမြို့နယ်နဲ့ထိစပ်နေတဲ့ မဏီပူရပြည်နယ် နယ်စပ်စည်းကို အတန်အသင့် ခြံစည်းရိုးခတ်လို့ ပြီးစီးနေပြီဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထိစပ်မြို့နယ်တွေဖြစ်တဲ့ လေရှီး၊ လဟယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာလည်း ခြံစည်းရိုး ကာရံနေပြီဖြစ်ပါတယ်။

နန်းယွန်းမြို့နယ်မှာဆိုရင် နယ်စပ်ခြံစည်းရိုး သုံးပုံနှစ်ပုံ ခြံစည်းရိုးကာရံပြီးဖြစ်လို့ မကြာခင် လုံဝသင်္ခရွာတည်ရှိတဲ့ လဟယ်မြို့နယ်ထဲ ရောက်ရှိတော့မှာပါ။

ဒီခြံစည်းရိုးသာ အပြီးသတ် ခတ်လိုက်မယ်ဆိုရင် သမိုင်းအစဉ်အဆက် ရာစုနှစ်ပေါင်းများစွာ တစ်မြေတည်း၊ တစ်ရွာတည်း အတူနေထိုင်ရှင်သန်လာခဲ့တဲ့ လုံဝသင်္ခရွာလေးဟာ ရွာလယ်ကနေ နှစ်ခြမ်းကွဲသွားတော့မှာ ဖြစ်ပါတယ်။ ဘောလုံးကွင်းလေးလည်း ပျက်စီးသွားမှာဖြစ်ပါတယ်။

လုံဝသင်္ခရွာထဲက ဖြတ်သွားတဲ့ နယ်စပ်စည်းပေါ်မှာဆိုရင်ဘောလုံးကွင်းတစ်ခုတည်းမဟုတ်ပါဘူး။ ဘုရားကျောင်းနဲ့ ရွာရဲ့နာမည်ကျော် စော်ဘွားကြီးအိမ်ဟာလည်းနယ်စပ်စည်းပေါ်မှာရှိနေပြီး ခြံစည်းရိုးကြောင့် မကြာခင်ပျက်စီးပါတော့မယ်။ ဒါ့အပြင် မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ စာသင်ကျောင်းတွေပါ အပိုင်းပိုင်း ခွဲခြားခံရတော့မယ့် သောကလှိုင်းတွေက နယ်စပ်မျဉ်းပေါ်မှာ ရိုက်ခတ်လို့ နေပါတယ်။

မြန်မာနိုင်ငံဘက်မှာ တစ်ခြမ်း အိန္ဒိယနိုင်ငံဘက်မှာတစ်ခြမ်းဖြစ်​နေတဲ့ လုံဝသင်္ခ ရွာ

လုံဝသင်္ခရွာဟာမြန်မာဘက်ခြမ်းမှာအိမ်ခြေ ၃၀၀ ခန့်နဲ့ အိန္ဒိယဘက်ခြမ်းမှာ အိမ်ခြေ ၇၀၀ ခန့်ရှိပါတယ်။ လုံဝသင်္ခရွာကနေ လဟယ်မြို့ပေါ် ဆိုင်ကယ်နဲ့ သွားမယ်ဆိုရင် တစ်ရက်ခရီးသွားရပြီး ခြေလျှင်သွားမယ်ဆိုရင်တော့ ငါးရက်ခရီးသွားရပါတယ်။ ကားလမ်း မရှိပါဘူး။

“အရင်က လုံဝကနေလဟယ်ထိလမ်းတစ်ကြောင်းထိုး ဖောက်ထားတယ်။ ဒါပေမယ့် ပြုပြင်မှုမရှိတော့ ကိုယ်တိုင်ပဲ ဆိုးတဲ့နေရာလေးတွေ လုပ်ပြီးတော့ သွားနေရပါတယ်”လို့ ကိုဂတ်ဖားက ပြောပါတယ်။

ဒါပေမယ့် အိန္ဒိယဘက်ခြမ်းကို သွားမယ်ဆိုရင်တော့ လမ်းတွေကောင်းမွန်ပြီး လုံဝသင်္ခရဲ့ တစ်ဖက်ခြမ်းဟာ နာဂလန်းပြည်နယ်ထဲ ပါဝင်နေတာဖြစ်ပါတယ်။

စာသင်ကျောင်းဆိုရင်လည်း မြန်မာကျောင်းရော၊ အိန္ဒိယကျောင်းရော နှစ်ကျောင်းရှိပြီး မြန်မာဘက်ခြမ်းမှာဆိုရင် မူလွန်ကျောင်းဖြစ်တဲ့ ခုနှစ်တန်းအထိဖွင့်လှစ်ထားပါတယ်။ အိန္ဒိယဘက်ခြမ်းကျရောက်တဲ့ ဘက်မှာတော့ အိန္ဒိယအစိုးရဖွင့်လှစ်ထားတဲ့ ကိုးတန်းအထိ ရှိပါတယ်။

မြန်မာကျောင်းမှာ၂၀၂၄ ခုနှစ်မတိုင်ခင်အထိ ဆရာ၊ ဆရာမဦးရေ ငါးယောက်၊ ခြောက်ယောက်လောက် ရှိတတ်ပေမယ့် ၂၀၂၄ ခုနှစ်မှာတော့ ပညာရေးဝန်ကြီးဌာနက ဆရာမတစ်ဦးတည်းပဲ ချပေးတော့တာလို့ ဆိုပါတယ်။ ဒါ့ကြောင့် ကျောင်းဖွင့်တယ်ဆိုရုံပဲရှိခဲ့ပြီး ၂၀၂၅ ခုနှစ်မှာတော့ ကျောင်းလုံးဝ ဖွင့်လှစ်နိုင်ခြင်းမရှိတော့ပါဘူး။ ဒီနှစ်မှာလည်း ကျောင်းဖွင့်ဖို့ မသေချာသေးဘူးလို့ ကိုဂတ်ဖားက ပြောပါတယ်။

အိန္ဒိယခြမ်းမှာတော့ မြန်မာကျောင်းနဲ့ဆန့်ကျင်ဘက်ပါ။ ဆရာ၊ ဆရာမလည်း အလုံအလောက်ရှိပြီးကျောင်းလည်းပုံမှန်ဖွင့်ပါတယ်။မြန်မာကျောင်း ခုနှစ်တန်းပြီးရင်တေ့ လုံဝသင်္ခရွာနဲ့ တစ်ရက်ခရီးခြေလျင်သွားရတဲ့ယမ်းကြုန်းရွာအထက်တန်း

ကျောင်းကို သွားတက်ကြရပြီး လုံဝသင်္ခရွာရဲ့ အိန္ဒိယဘက်ခြမ်းမှာ ကိုးတန်းအောင်ပြီးရင် Mon မြို့ကို သွားရောက်တက်ကြတာတွေရှိသလို တခြားအိန္ဒိယကျေးလက် ကျောင်းတွေမှာလည်း သွားတက်တာတွေလည်းရှိပါတယ်။ Mon မြို့နဲ့ လုံဝသင်္ခရွာဟာ ကားလမ်းတိုက်ရိုက်ပေါက်သလို လမ်းလည်းကောင်းမွန်ပြီး ကားနဲ့ သုံနာရီပဲစီးရပါတယ်။

“လွန်ခဲ့တဲ့ကာလကနေ အခုချိန်ထိ ဟိုဘက်ဒီဘက်မှာနီးစပ်ရာမိသားစုတွေဆီမှာကျနော့်သားကျောင်းထားပေးပါဦး၊ ကျနော့်သမီးလေး ကျောင်းထားပေးပါဦး။ ဒီလိုကအစ လုပ်ကြရတာ”လို့ ညီညွတ်သော တန်ရှန်းနာဂကောင်စီဥက္ကဌ ဦးချစ်ယောင်းက ပြောပါတယ်။

ပညာရေးအတွက်သာမကကျန်းမာရေးအတွက် ဆေးရုံဆေးခန်းကအစမြန်မာပြည်ဘက်ကို သွားရောက်ဖို့မလွယ်တဲ့အခါ နယ်စပ်ကြောမှာရှိနေတဲ့ နာဂရွာတွေဟာ ချက်ချင်းဆိုသလို အိန္ဒိယဘက်ကို သွားရောက်ကုသနိုင်ပါတယ်။

လုံဝသင်္ခရွာခံပြည်သူတွေဟာ စိုက်ပျိုးရေးလည်း လုပ်ကိုင်ကြပြီး စပါးနဲ့ တခြားသီးနှံတချို့လည်း စိုက်ပျိုးကြတဲ့အပြင် အိန္ဒိယဘက်ခြမ်းကနေ ကုန်ပစ္စည်းတွေဝယ်ယူလာပြီး နှစ်နိုင်ငံနယ်စပ်ဈေးမှာ ရောင်းဝယ်တာတွေ လုပ်ကိုင်ကြတယ်လို့ဆိုပါတယ်။

လက်ရှိကာလမှာ မုံရွာဘက်ကနေဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကုလားပဲကစလို့ အဝတ်အထည်နဲ့ တခြားကုန်ပစ္စည်းတွေ ချင်းတွင်းမြစ်ကနေတစ်ဆင့် ခန္တီးဘက်ကို တိုက်ပွဲတွေကြောင့် ရောက်မလာတော့ပါဘူး။ ဒါ့ကြောင့် နာဂဒေသ ပြည်သူတွေဟာ မြန်မာပြည်ထဲက ခန္တီးမြို့ကို ဆင်းလာပြီး လာဝယ်လို့မရတော့တာကြောင့် လုံဝသင်္ခလို နယ်စပ်ဈေးရှိတဲ့ ရွာတွေကို အားကိုးလာကြရပါတယ်။

တကယ်တမ်းတော့ လုံဝသင်္ခအပြင် ဒီနယ်စပ်မျဉ်းတစ်လျှောက်မှာ အလားတူ နှစ်နိုင်ငံနယ်စပ်မျဉ်းပေါ်မှာ တည်ရှိနေတဲ့ တခြားရွာနှစ်ရွာလည်း ရှိနေပါသေးတယ်။ အဲဒီရွာတွေက လုံဝသင်္ခရွာရဲ့ ရွာခွဲတစ်ခုဖြစ်တဲ့ Longwa Wasa နဲ့ ITC, Dand ရွာတို့ဖြစ်ပါတယ်။ ITC, Dan ရဲ့ အပြည့်အစုံက International Trade Cenre , Dan ရွာ ဖြစ်ပြီး လဟယ်မြို့နယ်ထဲမှာ ရှိကြတာပါ။

“အိန္ဒိယ-မြန်မာနယ်နိမိတ် ခြံစည်းရိုးက နာဂတွေရဲ့ နှလုံးသားကို အလယ်တည့်တည့် ခြမ်းပစ်သလိုဖြစ်နေပါတယ်”လို့ ITC, Dan ရွာသားဖြစ်တဲ့ ကိုစန်းကွေက ပြောပါတယ်။

ဒါ့ကြောင့် အိန္ဒိယအစိုးရအနေနဲ့ နယ်စပ်စည်းမခတ်ဖို့ ကိုစန်းကွေတို့လို နယ်စပ်စည်းပေါ်က ရွာတွေအပြင် အိန္ဒိယနဲ့ မြန်မာဘက်ခြမ်းက နာဂတိုင်းရင်းသားတွေဟာ ဆန္ဒပြကန့်ကွက်နေကြတယ်လို့ ကိုစန်းကွေက ဆိုပါတယ်။

လုံဝသင်္ခရွာက နာဂစော်ဘွားကြီး တိုးညုင်းက လုံဝသင်္ခရွာရဲ့ အုပ်ချုပ်ရေး အကြီးအကဲဖြစ်တဲ့အပြင် သူအုပ်ချုပ် ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ရွာတွေဟာ အိန္ဒိယနဲ့ မြန်မာနှစ်ဖက်စလုံးမှာရှိပါတယ်။မြန်မာဘက်ခြမ်းမှာ နာဂစော်ဘွားကြီးတိုးညုင်း အုပ်ချုပ် ထိန်းသိမ်းစောင့်ရှောက်တဲ့ ရွာပေါင်း ၃၀ ရှိပြီး အိန္ဒိယဘက်ခြမ်းမှာ ရွာပေါင်း ၂၀ ကျော်ရှိပါတယ်။

“မျဉ်းကြောင်းပေါ်မှာ အိန္ဒိယ-မြန်မာနယ်စပ်မှာ ခြံစည်းရိုးခတ်လိုက်လို့ရှိရင်တော့ မြန်မာပြည်ခြမ်းမှာရှိတဲ့ ညီအစ်ကိုတွေက ရွာပေါင်း ၃၀ ကျော်ရှိတဲ့ဟာကျတော့အစားအသောက်လည်းငတ်လောက်တယ်”လို့ လုံဝသင်္ခရွာသားကိုဂတ်ဖားကပြောပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အိုးထရက်ဖို့ဒ် (Old Trafford)၊ ဘာစီလိုနာအသင်းရဲ့ ကမ့်နူး (Camp Nou) နဲ့ ရီရဲလ်မက်ဒရစ်အသင်းတို့ရဲ့ ဆန်တီယာဂို ဘာနေဗျူး တို့လို ကွင်းတွေမှာ ဘောလုံးပွဲပြီးဆုံးသွားတဲ့အခါ ကစားသမားတွေနဲ့ ပွဲကြည့်ပရိသတ်တွေဟာအိမ်ကိုအေးဆေးပြန်ကြပါတယ်။

မကြာခင် ခြံစည်းရိုးကြီး ရွာထဲကဖြတ်သန်းသွားတော့မယ့် မြန်မာ-အိန္ဒိယ နယ်စပ်မျဉ်းပေါ်က ဝေးလံခေါင်သီတဲ့ နာဂဒေသ လုံဝသင်္ခရွာမှာရှိတဲ့ ဘောလုံးကွင်းလေးရဲ့ ပွဲသိမ်းခရာမှုတ်သံဟာ နာဂတွေရဲ့ နှလုံးသားကို အပိုင်းပိုင်းပြတ်သွားစေတော့မှာ ဖြစ်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

မင်းအောင်လှိုင်ခရီးစဥ်ဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး အိန္ဒိယအစိုးရအနေနဲ့ သေချာစွာပြန်လည်စဥ်းစားသင့်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးပြော

သတင်း

အိုက်စလန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရာထူးယူထားသူက EU ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံထားတဲ့ စစ်တပ်ရဲ့စီးပွားရေး လုပ်ငန်း‌တွေနဲ့ဆက်စပ်သူဖြစ်ကြောင်း Justice For Myanmar(JFM)ကတိုင်ကြားခဲ့ပြီးနောက် အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီရာထူးကို ရုတ်သိမ်းလိုက်ပါတယ်။

သတင်း

တစ်နှစ်နီးပါးကြာပိတ်ထားခဲ့ရတဲ့ကရင်ပြည်နယ်၊မြ၀တီမြို့ရှိထိုင်း-မြန်မာအမှတ်(၂)ချစ်ကြည်ရေးတံတားကိုဒီနေ့(မေလ ၂၈ ရက်)နေ့မနက်ပိုင်းမှာပြန်လည်ဖွင့်လှစ်လိုက်ပြီလို့မြ၀တီမြို့ခံတွေရဲ့ပြောချက်အရသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်အပေါ် နယူးဒေလီရောက် မြန်မာတွေက ငြိမ်းချမ်းစွာဆန္ဒပြဖို့ ခွင့်ပြုချက်ကို ရဲတပ်ဖွဲ့ဒုတိယမဟာမင်းကြီးဆီ တောင်းဆိုလိုက်ပါတယ်။