ကဖေး/People’s Spring
“ မီးတောက်တွေကလည်း များလိုက်တာ။ အမေတို့ ပြေးဖို့ပြင်လိုက်အုန်းမယ်”
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရဲ့မလှမ်းမကမ်းမှာရှိတဲ့ မြစ်ခြေမြို့က အမျိုးသမီးတစ်ဦးက အဝေးတနေရာမှာ အလုပ်လုပ်နေတဲ့ သူ့သမီးစိတ်သက်သာရအောင် မီးလောင်ပြင်အနီးကနေ ထွက်ပြေးခါနီး အားတင်းပြောလိုက်တဲ့စကားသံပါ။
အားပေးစကားပြောတဲ့ မိခင်ရဲ့ရှေ့ ခပ်လှမ်းလှမ်းမှာတော့ နေအိမ် တွေမီးဟုန်းဟုန်းတောက်လောင်နေပြီး ကောင်းကင်ပေါ် မီးခိုးတွေ အလိပ်လိုက်အလိပ်လိုက်တက်နေပါတယ်။မေလ၂၈ ရက်နေ့က ဒီမြင်ကွင်းကို မိသားစုစားဝတ်နေရေးအတွက် အဝေးတစ်နေရာမှာအလုပ်လုပ်နေရတဲ့သမီးဖြစ်သူကလည်း လူမှုကွန်ယက်ကတစ်ဆင့်မြင်တွေ့ရပါတယ်။ မိသားတစုလုံးလုပ်အားနဲ့ ကုတ်ခြစ်စုဆောင်းပြီး ဆောက်ထားတဲ့အိမ် မိနစ်ပိုင်းအတွင်းမီးလောင်တိုက်သွင်းခံရတာကို ထိုင်ကြည့်နေရတဲ့မိခင်ဖြစ်သူရဲ့ဝမ်းနည်းပူဆွေးမှုကို သမီးဖြစ်သူက အခုလိုရင်ဖွင့်ရှာပါတယ်။

Public Service Announcement

“ ငါ့သမီး အမေတို့အတွက် စိတ်မပူနဲ့တော့တဲ့။ မကျန်လည်း ဘာတတ်နိုင်မလဲတဲ့။သူ့စိတ်တွေ လျှော့ချလိုက်တယ်ထင်ပါတယ်။ လေသံတိုးတိုးလေးနဲ့ရယ်”
တစ်နေရာစီရှိနေကြတဲ့ သားအမိအပြင် လူနှစ်သောင်းနီးပါးရဲ့ အိုးအိမ်တွေကို မီးလောင်တိုက်သွင်းနေသူတွေကတော့ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့လက်သည်တရားခံ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုပဲဖြစ်ပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာပါတဲ့ မြစ်ခြေမြို့လေးဟာယူနက်စကိုစာရင်းဝင်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပုဂံနဲ့ ဧရာဝတီမြစ်ခြားပြီးတည်ရှိပါတယ်။ပုဂံနဲ့ ၆မိုင်၊၇မိုင်ခန့်သာ ဝေးပါတယ်။ စက်လှေတွေနဲ့တစ်မျိုး၊ လှည်းနဲ့တစ်ဖုံ ပုဂံဘုရားဖူးလာခဲ့တဲ့ အတိတ်က အေးချမ်းတဲ့အခြေအနေတွေဟာဟာ အခုဆိုရင် လုံးဝပျက်စီးသွားပြီဖြစ်ပါတယ်။
လက်ရှိမှာ မြစ်ခြေမြို့ကိုစစ်ကောင်စီက အညှိုးတကြီးတိုက်ခိုက် ဖျက်ဆီးနေပါတယ်။အင်အား ၄၀၀ ကနေ ၅၀၀နီးပါးရှိတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာ မေလ၁၀ရက်နေ့ကနေစတင်ပြီး မြစ်ခြေမြို့ကို ဧရာဝတီမြစ် ကြောင်းကနေဝင်ရောက်လာခဲ့တာပါ။တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး ဒေသခံတွေအထိမနာအောင် စစ်ရေးကို အကန့်အသတ်နဲ့ဖော်ဆောင်နေရချိန်မှာ စစ်တပ်ကတော့ မြို့ကိုပစ်မှတ်ထားဖျက်ဆီးဖို့အထိ သွေးဆာနေပါတယ်။
စစ်တပ်စစ်ကြောင်းတွေက သွေးဆာနေတဲ့ဘီလူးတွေပဲလို့ ဒေသခံတွေကပြောပါတယ်။ မေလ ၁၃ရက်က စပြီး အကြမ်းဖက်မီးရှို့ဖျက်စီးမှုတွေစတင်ခဲ့ပြီး ကလေးငယ်အချို့အပါအဝင် အရပ်သားပြည်သူ၁၂ဦးထက်မနည်းကိုသတ်ဖြတ်သွားတယ်လို့ မြို့ခံတွေကပြောပါတယ်။ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဖိုကုန်း၊ဆွဲကြီးနဲ့ ရွာသာအေးရပ်ကွက်အပါအဝင် ကျေးရွာဆယ်ခုထက်မနည်းကို မီးရှို့ဖျက်ဆီးလို့ ဒေသခံ ၂၀၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
“ လူသေအလောင်းငါးလောင်းကိုဘုန်းကြီးကျောင်းထဲမှာတွေ့တယ်။သူတို့သတ်ဖြတ်ခဲ့တာနဲ့ လက်နက်ကြီးနဲ့ပစ်လို့သေဆုံးတာ ၁၂ယောက်ထက်မနည်းရှိတယ်” လို့ ပခုက္ကူမြို့နယ်၊ လူသားချင်းစာနာထောက်ထားရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံကိုစိုးထွဋ်ဝင်းက ပြောပါတယ်။

မြို့ငယ်လေးဖြစ်တဲ့မြစ်ခြေကို စစ်ကောင်စီက မြို့ဖျက်ဖို့အပြင် ဒေသခံတွေ လုံးဝနေလို့မရအောင်ပါ အစီအစဉ်တကျလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။မြို့ကိုဦးတည်ပြီးစီးနင်းတိုက်ခိုက်နေသလို မြို့ထဲဘက်ကိုဝင်လာတဲ့လမ်းကြောင်းတွေကိုလည်းဖြတ်တောက်ပြီးဒေသခံတွေကို ရိက္ခာဖြတ်တောက်ထားပါတယ်။
ဒါ့အပြင်မြို့ထဲကဈေးကိုလည်းမေလ ၂၆ရက်က မီးရှို့ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။ ဒေသခံ အရပ်သား ၆၀ခန့်ဟာလည်း စစ်တပ်ကြောင်းမှာလူသားဒိုင်းအနေနဲ့ဖမ်းဆီးထားပါတယ်။ဖမ်းဆီးခံထားရသူတွေရဲ့ကံကြမ္မာဟာစိုးရိမ်နေရတာကလွဲလို့မျှော်လင့်ချက်နည်းပါးနေပြီလို့ ဒေသခံတွေကပြောပါတယ်။
“ ရိက္ခာဖြတ်တယ်။အိမ်တွေကိုမီးရှို့ဖျက်ဆီးပြီးလူသတ်တဲ့ကိစ္စတွေကိုတောက်လျှောက်လုပ်နေတယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
မြစ်ခြေမြို့ကို မီးလောင်တိုက်သွင်းနေတဲ့ တချိန်တည်းမှာပဲစစ်တပ်ကနိုင်ငံတကာနဲ့လူထုကို မျက်လှည့်ပြဖို့ ကြိုးပမ်းနေပြန်ပါတယ်။မီးလောင်ပြင်နဲ့ မိုင်အနည်းငယ်သာကွာဝေးတဲ့ ပခုက္ကူမြို့ပေါ်မှာ ဇာတ်ပွဲတွေစင်ပြိုင်နွှဲခိုင်းထားပါတယ်။ နာမည်ကြီး သီဟိုဠ်ရှင်ဘုရားပွဲကို ကျင်းပနေပြီး စမ်းရေမိုး ဇာတ်အပါအဝင် တခြားဇာတ်အဖွဲ့တွေကို ရုံပြိုင်ဖွင့်ခိုင်းထားတာပါ။
တကယ်တော့ ခေတ်အခါကောင်းစဥ်က ပခုက္ကူသီဟိုဠ်ရှင်ဘုရားပွဲတော်ရောက်ပြီဆိုရင် မြစ်ခြေဒေသက ပြည်သူတွေဟာ မြို့ပေါ်တက်လာပြီး ပွဲကြည့်ကြ စျေးဝယ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ မြစ်ခြေနဲ့ ပခုက္ကူက ဆိုင်ကယ်နဲ့ဆို နာရီဝက်လောက်မောင်းရင် ရောက်တာ” လို့ ဒေသခံတစ်ဦးက ပြောပြတယ်။
အခုတော့ သီဟိုဠ်ရှင်ကို အရောက်မလာနိုင်တော့တဲ့ မြစ်ခြေဒေသက ပြည်သူတွေဟာ ပွဲခင်းထဲမှာ လက်ခုပ်လက်ဝါးတီးပြီး အားမပေးနိုင်တော့ဘဲ အသက်လုကာ ပြေးလွှားနေကြရတယ်။ မြစ်ခြေမြို့မီးလောင်ပြင်က ဒေသခံတွေရဲ့ အော်ဟစ်အကူအညီတောင်းသံ၊ အာခေါင်ခြစ်ငိုကြွေးနေတဲ့ ကလေးငယ်တွေရဲ့အသံ၊ စစ်အုပ်စုရဲ့ ညာသံပေးအမဲဖျက်သံတွေဟာ နတ်သံနှောနေတဲ့ မိုက်ခဲဇာတ်မင်းသားတွေရဲ့ အသံဗလံတွေကြားမှ ပျောက်ဆုံးနေပါတယ်။
“ စမ်းရေမိုးတို့၊ အောင်ဇဗ္ဗူတို့ဟာစစ်တပ်နဲ့ အလိုတူအလိုပါ ပြိတ္တာတွေဖြစ်တယ်” လို့ မြစ်ခြေမြို့ ခံ လူငယ်တစ်ဦးကနာနာကျည်းကျည်းပြောပါတယ်။
စစ်ရှောင်တွေကို လိုက်လံကူညီနေတဲ့ ကိုစိုးထွဋ်ဝင်းကတော့ စစ်အုပ်စုရဲ့ ရက်စက်မှုကို အခုလို ရှူမြင်ပါတယ်။
“ ဒီစစ်ရဲ့ဆိုးကျိုးတွေကချမ်းသာတာတွေ၊မချမ်းသာတာတွေ၊ ပညာတတ်တာတွေ၊ ပညာမတတ်တာတွေနဲ့မဆိုင်တော့ဘူး။ ဖြစ်နေတာက လူမဆန်စွာမီးရှို့နေတာတွေ၊ လူမဆန်စွာအကြောင်းမဲ့သတ်ဖြတ်နေတာတွေ ဖြစ်တယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံစစ်ဖြစ်နေတာလဲမဟုတ်ဘူး။စစ်တပ်က တိုင်းပြည်နဲ့ မြို့ရွာကို ဖျက်ဆီးနေတာ” လို့ ဆိုပါတယ်။

အခုဆိုရင်စစ်တပ်က မြစ်ခြေမြို့ကိုလေးဖက်လေးတန်ကနေ စစ်ကြောင်းထိုးနေပါတယ်။ ဒေသခံတွေကတော့ ပုဂံအပါအဝင် မြို့ရဲ့ အရပ်လေးမျက်နှာဘက်ကို ကစဉ့်ကလျားထွက်ပြေးနေကြရပါတယ်။ စစ်တပ်စစ်ကြောင်းတွေက မြို့ထဲနဲ့ မြို့ပတ်ချာလည်ကို အသုတ်လိုက် ဆက်ဝင်လာနေပါတယ်။ အာနန္ဒာစေတီလို အထင်ကရစေတီကြီးတွေရဲ့အေးမြတဲ့အရိပ်ဟာ မြစ်ခြေမြို့ကို ယခင်ကလို သက်ရောက်မှုမရှိတော့ဘဲ မြို့ရဲ့ အနာဂတ်ဟာ ကောင်းကင်ပေါ်တက်သွားတဲ့ မီးခိုးလုံးတွေလို မှောင်မိုက်နေပြီလို့ ဒေသခံတွေက ပြေးရင်းလွှားရင်းရင်ဖွင့်ပါတယ်။စစ်အုပ်စုက အညိုးတကြီးဖျက်ဆီးခံနေရတဲ့အပေါ် မြစ်ခြေမြို့ခံတစ်ဦးက အခုလို စိတ်ပျက်လက်ပျက် မေးခွန်းထုတ်ပါတယ်။
“ သွေးတွေထွက်နေမှအနာလို့ထင်နေကြတဲ့လူ့အသိုင်းအဝိုင်းကို မီးခိုးငွေ့ကထွက်တဲ့ ဒဏ်ရာတွေကို ကျွန်တော်တို့ဘယ်လိုပြရမလဲ” ။ ။


















































