-အောင်စိတ် ရေးသားသည်။
ရွှေပြည်သာမြို့နယ်မှာဖွင့်ထားတဲ့ နေရွှေဝင်းအထည်ချုပ်စက်ရုံရဲ့ကြေငြာသင်ပုန်းအရှေ့ မှာ အလုပ်သမားတွေတရုန်းရုန်းနဲ့ဖြစ်နေပြီး HRဌာနက ကပ်သွားတဲ့ကြေညာစာကို တိုးဝှေ့ဖတ်ရှုနေ ကြပါတယ်။
စက်ရုံကမထင်မှတ်ပဲ လုပ်ငန်းအခြေအနေအ ရလူလျှော့ကြောင်း နဲ့ အနားပေးခံရတဲ့သူတွေရဲ့နာမည်စာရင်းထုတ်ပြန်အသိပေးထားတာပါ။ ခဏအကြာမှာစုအုံနေတဲ့အလုပ် သမားတွေဆီက မကျေလည်တဲ့ရေရွတ်သံ၊ ပြောဆိုသံတွေပွင့်အံထွက် လာပါတယ်။
” လိုအပ်ချက်ရှိလို့ လူလျှော့တာမဟုတ်ဘူး၊ ရည်ရွယ်ချက်ရှိရှိ နဲ့ သမဂ္ဂဝင်တွေကိုတမင်ရွေးအလုပ်ထုတ်တာ “လို့ စက်ရုံရဲ့အသိပေးထားတဲ့အကြောင်းအရာအပေါ် အလုပ်သမားတယောက်က မှတ်ချက်ပြုပါတယ်။

Public Service Announcement
နေရွှေဝင်းစက်ရုံကမေလ ၉ ရက်မှာအလုပ်သမား ၁၉ ဦးကို အလုပ်ထုတ်ကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။ အဲဒီထဲမှာ အလုပ်သမားသမဂ္ဂခေါင်းဆောင် နဲ့ သမဂ္ဂအဖွဲ့ဝင် ၁၀ ဦးအထိပါနေတဲ့အတွက် သမဂ္ဂဖြိုခွဲတဲ့လုပ်ရပ်အဖြစ် အလုပ်သမားတွေကယူဆကြတာဖြစ်ပါတယ်။
အဲဒီနောက် အလုပ်ထုတ်ခံရတဲ့သူတွေကို စက်ရုံအနေနဲ့ လုပ်ငန်းခွင်ပြန်ဝင်ခွင့်ပေးဖို့ ကျန်တဲ့သမဂ္ဂအဖွဲ့ဝင်တွေကစတင်တောင်းဆိုခဲ့ကြပါတယ်။အဲဒီလိုတောင်းဆိုပေမယ့်နောက်ဆုံးမှာတောင်းဆိုသူ ၈၀ ကျော်ကိုပါစက်ရုံကအလုပ်ထုတ်လိုက်ပါတယ်။ဒါကြောင့် နေရွှေဝင်းစက်ရုံရဲ့အလုပ်သမားသမ ဂ္ဂအပေါ်ထားတဲ့ယူဆချက်က ပိုခိုင်မာသွားစေခဲ့ပါတယ်။
နေရွှေဝင်းစက်ရံမှာ အလုပ်သမားသမဂ္ဂဝင်တွေအလုပ်ထုတ်ခံရလို့မကြာခင်ပဲ မေလ၂၉ ရက်က ရွှေပြည်သာမြို့နယ်မှာပဲဖွင့်ထားတဲ့ Bontech အထည်ချုပ်စက်ရုံ သမဂ္ဂဥက္ကဌကို အလုပ်ခန့်ထားမူသဘောတူစာချုပ် (EC) ချိုးဖောက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ် ထုတ်မူထပ်ဖြစ်ခဲ့ပြန်ပါတယ်။
အဲဒီစက်ရုံမှာ သမဂ္ဂ ဥက္ကဌ မတိုင်ခင်က သမဂ္ဂ အတွင်းရေးမှူးနဲ့ ဘဏ္ဍာရေးမှူးတို့ရှေ့ဆင့်၊နောက်ဆင့် အလုပ်ထုတ်ခံခဲ့ရတာပါ။
ဒါ့အပြင် ၂၀၂၅ ခုနှစ်အောက်တိုဘာ လဝန်းကျင်ကလည်း အရင်ရှိခဲ့တဲ့သမဂ္ဂတဖွဲ့လုံးကို ရမယ်ရှာအလုပ်ထုတ်ခဲ့ဖူးတယ်လို့ အဲဒီစက်ရုံအခြေအနေကိုအနီး ကပ်စောင့်ကြည့်ကူညီပေးနေတဲ့သွေးစည်း ညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) အသိပေးထားပါတယ်။
ဒါ့အပြင်လှိုင်သာမြို့နယ်က Galaxy (Myanmar) အထည်ချုပ်စက်ရုံမှာလည်း ဇွန်လ၁ရက်က သမဂ္ဂခေါင်းဆောင်နဲ့အဖွဲ့ဝင် ၆၀ကျော်လောက် အလုပ်ရပ်နားခံရပါတယ်။
Galaxy (Myanmar)စက်ရုံမှာဖြစ်တဲ့ဖြစ်ရပ်မှာတော့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ သမဂ္ဂအဖွဲ့ဝင်တွေရှိတဲ့စက်လိုင်းကိုရွေးပိတ်ကာ တခြားစက်လိုင်းမပြောင်းချင်ရင် အလုပ်ထွက်ဖို့ စက်ရုံဖက်ကရွေးချယ်ခွင့်ပေးခဲ့ပါတယ်။
အဲဒီနောက် တခြားစက်လိုင်းပြောင်းရင် သက် ဆိုင်တဲ့စက်လိုင်းခေါင်းဆောင်က သဘောတူလက်ခံမှရမယ်လို့ ကန့်သတ်ခဲ့ပြီး တဖက်မှာတော့ စက်လိုင်းခေါင်းဆောင်တွေကို ဘယ်သူမှလက်မခံဖို့ကြိုမှာထားတာကြောင့် အလုပ်ထွက်ဖို့ပဲရှိတော့တာလို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့အလုပ်သမားတယောက်ကပြောပါတယ်။
“ကိုယ့်သဘောနဲ့ကိုယ် အလုပ်ထွက်အောင်လို့အကွက်ဆင်တာ။ သမဂ္ဂအဖွဲ့မှာပါတဲ့သူတွေများတဲ့စက်လိုင်းကိုပဲ ရွေးလုပ်သွားတာဆိုတော့လေ၊ ရည်ရွယ်ချက်ကအသိသာကြီး ” လို့ သမဂ္ဂအဖွဲ့ဝင်လည်းဖြစ်တဲ့ အလုပ်သမားတယောက်က ပြောပါတယ်။
အခုလို အလုပ်သမားသမဂ္ဂရှိနေတာကိုမလို လားတဲ့စက်ရုံတွေက အရင်ဆုံးအင်အားလျှော့ချကာ နောက်ပိုင်းမှာဦးဆောင်သူမရှိတော့ပဲအဆုံးသတ်သွားတဲ့အခြေအနေရောက်အောင်လုပ်တပုံစံတည်းလုပ်လာတာဖြစ်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။
အဲဒီလို သမဂ္ဂဖြိုခွဲတဲ့လုပ်ရပ်က အိုင်အယ်လ်အို (အပြည်ပြည်ဆိုင်ရာအလုပ်သမားရေး ရာအဖွဲ့/ILO)ရဲ့ လွတ်လပ်စွာအသင်းအပင်းဖွဲ့ စည်းခွင့်ရှိရမယ်ဆိုတဲ့ ပြဌာန်းချက်နဲ့ဆန့်ကျင်နေပါတယ် ။အခုလိုဖြစ်ရပ်တွေကြောင့် လည်း မြန်မာအကြမ်းဖက်စစ်အုပ်စုကို အိုင်အယ်လ်အို က အပြင်းထန်ဆုံးအရေး ယူဖို့ဆုံးဖြတ်ထားခဲ့ တာရှိပါတယ်။
မြန်မာစစ်အုပ်စုကိုအရေးယူဖို့ ၂၀၂၅ဇွန်လ ၅ရက်မှာဆုံးဖြတ်ခဲ့တာဖြစ်ပြီး တနှစ်နီးပါးရှိလာချိန်မှာ ချိုးဖောက်၊ကျူးလွန်မှုတွေကအ ရှိန်တန့်မသွားပဲ ဆက်လက်ကျူးလွန်နေတာတွေကြောင့် အိုင်အယ်လ်အိုရဲ့အရေးယူမူနဲ့ အ ရေးပါမူကအလုပ်သမားတွေအတွက် မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့ရပါတယ်။
မြန်မာနိူင်ငံမှာ အာဏာသိမ်းမှုဖြစ်ပြီးနောက် ပိုင်း လွတ်လပ်စွာအသင်း အပင်းဖွဲ့စည်းခွင့်စည်းခွင့်ဆိုင်ရာပြဌာန်းချက် (၈၇)အပြင် အဓမ္မလုပ်အားခိုင်းစေမူဆိုင်ရာပြဌာန်းချက် (၂၉)ကိုပါ ဆိုးဆိုးရွားရွားကျူးလွန်နေလို့ အမြင့်ဆုံးအရေးယူနိူင်တဲ့ ပုဒ်မ (၃၃)ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အိုင်အယ်လ်အိုအဖွဲ့အနေနဲ့ အဖွဲ့ဝင်နိူင်ငံတွေကို ပုဒ်မ ၃၃ သုံးအရေးယူလေ့သိပ်မရှိခဲ့ပဲ နှစ် ၁၀၀ ကျော်သက်တမ်းတလျှောက်မှာ အခုအရေးယူမူအပါအဝင်မှ ၃ကြိမ်ပဲရှိခဲ့ဖူးတာပါ။မြန် မာက ဒုတိယအကြိမ်မြောက်အရေးယူခံရတာ ဖြစ်ပါတယ်။
စစ်အစိုးရလက်ထက်ပဲဖြစ်တဲ့ ၂၀၀၀ခုနှစ်တုန်းကလည်း ILO ကမြန်မာအပေါ် ပထမအကြိမ် အရေးယူခဲ့ပါတယ်။ အလုံးစုံပိတ်ဆို့အရေးယူမှုနဲ့ အိုင်အယ်လ်အိုအဖွဲ့ဝင်နိူင်ငံတွေက ဆက်ဆံရေးဖြတ်တောက်ခဲ့မှုတွေကြောင့် စစ်အုပ်စု နဲ့ ခရိုနီတွေဘေးကြပ်၊နံကြပ်ဖြစ်ကာ အခက်အခဲပေါင်းစုံနဲ့ လုံးခြာလည်နေတဲ့ စစ်အစိုးရအနေအဖို့ ၂၀၁၀ ရွေး ကောက်ပွဲနဲ့ အာဏာလွှဲပြောင်းခဲ့ရတဲ့အခြေအ နေရောက်သွားခဲ့တယ်လို့ အဲဒီကာလမှာက တည်းက အလုပ်သမားအရေးလုပ်ခဲ့သူတွေက ဆိုပါတယ်။
အခုချိန်မှာလည်း အိုင်အယ်လ်အိုက အရေးယူဖို့ဆုံးဖြတ်ချက်ချထားပေမဲ့ လုပ်ငန်းခွင်တွေမှာကျူးလွန်မှုတွေ ဆက်ရှိနေတာပါ။အခုလို ကျူးလွန်မှုတွေကိုဟန့်တားထိန်းကြောင်းတာမရှိသေးတဲ့အတွက် ဂရုစိုက်စရာမလိုတဲ့ပုံစံမျိုးနဲ့ အကဲစမ်းတုံ့ပြန်တဲ့နည်းလမ်းကိုစစ်အုပ်စုဖက်က အသုံးပြုလာတာတွေရတယ်လို့ အလုပ်သမားညွန်ကြားရေးဦးစီးဌာနမှာ ညွန်ကြားရေးမှူးအဆင့်နဲ့အငြိမ်းစားယူထားသူတယောက်က ကောက်ချက်ချပါတယ်။
” နဖူးတွေ့၊ဒူးတွေ့မခံရသေးတော့ အကဲစမ်းတာ ဘယ်လောက်လုပ်နိူင်မှာလဲပေါ့။ သူတို့တောင့်ခံနိူင်တဲ့အရေးယူတာမျိုးဆိုရင်ဆက်တင်းမာမယ်။ တကယ်ထိရောက်အောင်လုပ်လာရင် အလျှော့ပေးဆက်ဆံမယ်ဆိုတဲ့ လမ်း ခင်းထားတာ”လို့ သူကပြောပါတယ်။
ဒါအပြင် အဓမ္မလုပ်အားခိုင်းစေမူမြောက်တဲ့ ပေါ်တာဆွဲတဲ့လုပ်ရပ်တွေကို အိုင်အယ်လ်အိုကသတိပေးထားပေမဲ့ အခုရက်ပိုင်းမှာတင် ရန်ကုန်မြို့လိုနေရာမှာ လူငယ်တွေပေါ်တာဆွဲခံရတာတွေဆက်တိုက်ဖြစ်နေခဲ့ပြီး အရပ်ဝတ်နဲ့လိုက်ဖမ်းသူတွေလည်း အထိန်းအကွပ်မရှိလုပ်ခွင့်ရနေခဲ့တာကိုကြည့်ရင်တားမြစ်ချက်ကိုအလေးထားကြောင်း တမင်လုပ်ပြနေတဲ့သဘောတွေ့ရတယ်လို့ ဆိုပါတယ်။
အိုင်အယ်လ်အိုရဲ့အရေးယူတာကို ၂၀၀၀ ခုနှစ်မှာကြုံဖူးထားတဲ့စစ်အုပ်စုအနေနဲ့ နောက်တကြိမ်အရေးယူခံရချိန်မှာ အတွေ့အကြုံရှိထားပြီးဖြစ်လို့ စိုးရိမ်ပူပန်စိတ်လျော့နေသလို လို အပ်လာရင် တုံ့ပြန်ချေပမဲ့ဖို့ပြင်ဆင်မူတွေလုပ်နေတာလည်း ရှိပါတယ်။
အလုပ်သမားအရေးလုပ်တဲ့အဖွဲ့အစည်းတွေကို နည်းမျိုးစုံဖိနှိပ်နေတဲ့စစ်အုပ်စုက Yellow Union လို့ဆိုတဲ့ အမည်ခံသမဂ္ဂအဖွဲ့အစည်းတွေ ၊ စစ်အုပ်စုအလိုကျဖွဲ့ထားတဲ့အဖွဲ့တွေကိုထုတ်ပြပြီး လွတ်လပ်စွာဖွဲ့စည်းခွင့်ပေးထားတယ်လို့ အိုင်အယ်လ်အိုနဲ့နိူင်ငံတကာကိုလှည့်ဖြားဖို့ အကွက်ဆင်ထားတာဖြစ်ပါတယ်။
ဒါ့အပြင်တစ်နှစ်တာအတွင်း စစ်ကောင်စီကနေရွေးကောက်ပွဲအတုလုပ်ပြီး အသွင်ပြောင်းအစိုးရဖွဲ့ကာနိူင်ငံတကာကို ပုံမှားရိုက်ဖို့လုပ်ခဲ့သလို အလုပ်သမားသမဂ္ဂခေါင်းဆောင်အချို့ကို အကျဥ်းထောင်ကနေလွှတ်ပေးပြီး အိုင်အယ်လ်အိုရဲ့အသိအမှတ်ပြုခံရအောင်ကြိုးပမ်းတဲ့ လုပ်ရပ်တွေလည်းရှိခဲ့ပါတယ်။
လက်ရှိအချိန်မှာ စစ်အုပ်စုဖက်ကအရေးယူခံရမှာကို သက်သောက်သက်သာ ရှိနေတဲ့အပြင် ပြန်အကဲစမ်းတုံ့ပြန်နေချိန်မှာ သမိုင်းအစဥ်အလာကြီးခဲ့တဲ့ အိုင်အယ်လ်အိုလိုအဖွဲ့ကြီးတခုအတွက် အခန့်မသင့်ရင်နားရွက်ဆံထွေးစွတ်ခံရမဲ့ကိန်းဆိုက်နိူင်တဲ့ အနေအထားဖြစ်နေပါတယ်။
အိုင်အယ်လ်အိုမှာ အဖွဲ့ဝင်နိူင်ငံပေါင်း ၁၈၅နိူင်ငံရှိပြီး ကမ္ဘာ့ကုလသမဂ္ဂ(UN)ထက်အဖွဲ့ဝင် ၈ နိူင်ငံနည်းပေမဲ့ ကုလအဖွဲ့ဝင်နိူင်ငံအားလုံးနီးပါးကသူ့ရဲအဖွဲ့ဝင်အဖြစ်ရှိနေခဲ့ကာ ကမ္ဘာလုံးဆိုင်ရာအဖွဲ့ဝင် အင်အားဒုတိယအများဆုံးအဖွဲ့ကြီး တခုအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။
အိုင်အယ်လ်အိုရဲ့သက်တမ်းက ကုလသမဂ္ဂ (UN)ထက်၂၆ နှစ်ပိုစောပြီး သက် တမ်းအရင့်ဆုံးနိူင်ငံတကာအဖွဲ့ဖြစ်ခဲ့ပေမဲ့၁၉၄၆မှာတော့ကုလရဲ့အထူးသီးခြားအဖွဲ့တခုဖြစ်ခဲ့ပါတယ်။
ကုလသမဂ္ဂကို ကမ္ဘာ့နိူင်ငံအစိုးရတွေနဲ့ပေါင်းဖွဲ့ထားတာဖြစ်ပြီး အကြောင်းအရာတခုခုပေါ် ပေါက်ရင် အဖွဲ့ဝင်နိူင်ငံတွေဆွေးနွေး၊မဲခွဲဆုံး ဖြတ်တဲ့နည်းလမ်းနဲ့ ဖြေရှင်းတာဆိုပေမဲ့ဗီဒိုအာဏာအသုံးပြုခွင့်လို သတ်မှတ်ချက်တွေကြောင့် နစ်နာမူနဲ့အမှန်တရားရှာမရတဲ့ရပ်ဝန်းတခုအဖြစ်ရူမြင်လာ ကြပါတယ်။
အိုင်အယ်လ်အိုအနေနဲ့က အလုပ်သမားအဖွဲ့လို့နာမည်ခံထားပေမဲ့ အလုပ်ရှင်ကိုယ်စားပြုသူတွေနဲ့ အစိုးရကိုကိုယ်စားပြုသူတွေကိုပါထည့်ထားတာဖြစ်ပြီး အလုပ်သမားအရေးပြ ဿနာအခြေခံတဲ့ကိစ္စတွေ သုံးပွင့်ဆိုင်ဆုံး ဖြတ်တာ ဖြစ်ပါတယ်။
အဲဒီလို ဆုံးဖြတ်တာက သူ့လူ၊ကိုယ့်လူဆိုပြီး ဗီဒိုအာဏာနဲ့ပယ်ချလေ့ရှိတဲ့ကုလသမဂ္ဂထက်စာရင်ရိုးရှင်းပေမဲ့ လက်တွေ့ကျတဲ့ အရေးယူမူဖြစ်ဖို့ကအဖွဲ့ဝင်နိူင်ငံတွေရဲ့အပေါ်မှာမူတည်နေပါတယ်။
မြန်မာစစ်အုပ်စုအနေနဲ့က အာဏာသိမ်းပြီးကတည်းနေအခုအချိန်အထိ နိူင်ငံတကာမှာဝင်ဆန့်လို့မရပဲ ကမ္ဘာ့နိူင်ငံအများစုကအသိအ မှတ်မပြုတဲ့အနေအထားနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒါကြောင့်အိုင်အယ်လ်အိုအဖွဲ့ဝင်နိူင်ငံတွေရဲ့ သံတမန်ဖြတ်တောက်မှုကို အထူးအထွေကျင့်သုံးစရာမလိုအောင် ကြုံနေရပြီးဖြစ်ပါတယ်။
စီးပွားရေးဖြတ်တောက်မူမှာတော့ အကျိုးစီး ပွားကိုအလေးထားလာတဲ့ မျက်မှောက်ခေတ်မှာစိန်ခေါ်မူကြီးတယ်လို့ ပြည်တွင်းအထည်ချုပ်ငန်းအကြံပေးအဖြစ်ဆောင်ရွက်ခဲ့သူတယောက်က မှတ်ချက်ပြုပါတယ်။
“အာဏာသိမ်းပြီးတော့ အနောက်နိူင်ငံတွေက စီးပွားရေးလုပ်ငန်းတွေထွက်သွားမယ်ပြောခဲ့ကြပြီး အခုအချိန်အထိတော်တော်များများပြည်တွင်းမှာဆက်ရှိနေကြတုန်းပဲ။ အဲဒီလိုအပြောနဲ့အလုပ်မညီခဲ့ရင်အရေးယူမူကအလကားဖြစ်သွားမှာ”လို့သူကပြောပါတယ်။
အိုင်အယ်လ်အိုအနေနဲ့ လုပ်လို့ရတဲ့နည်းလမ်းတွေနဲ့ဖိအားပေးအရေးယူတာတွေ တဆင့်ချင်းလုပ်ဆောင်နေတာရှိပေမဲ့မြန်ဆန်ထိရောက်တဲ့အရေးယူမူတွေလုပ်ဖို့ဆက်ပြီးတွန်းအားပေးသွားရမယ်လို့ မြန်မာနိူင်ငံစက်မှုလက်မူနှင့်ဝန်ဆောင်မူလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF)ရဲ့အထွေထွေအတွင်းရေးမှူးချုပ်ကိုသက်နှင်းအောင်က ပြောပါတယ်။
“အိုင်အယ်လ်အိုအပြင် အဖွဲ့ဝင်နိူင်ငံတွေအနေနဲ့ မြန်မာစစ်အုပ်စုရဲ့လှည့်စားတာမယုံ ကြည်ပဲ ထိရောက်တဲ့အရေးယူမူပေးဖို့ကို တစိုက်မက်မက်အာရုံစိုက်စေလိုပါတယ် “လို့ သူကပြောပါတယ်။
မြန်မာစစ်အုပ်စုကို ၂၀၀၀ ခုနှစ်မှာသင်ခန်းစာကောင်းကောင်းပေးနိူင်ခဲ့တဲ့ အိုင်အယ်အလ်အဖွဲ့ကြီးအနေနဲ့နောက်တကြိမ်မှာ စစ်အုပ်စုနဲ့ထိပ်တိုက်တွေ့ချိန်မှာ အရေးယူမူတွေတုန့်နှေးနေခဲ့ပြီး အားစမ်းရင်းနဲ့တနှစ်တာအချိန်ကုန်ဆုံးသွားခဲ့ပါတယ်။
ရက်စက်ကြမ်းကြုတ်တဲ့အာဏာသိမ်းစစ်အုပ်စုကို ထိထိရောက်ရောက်အရေးယူဖို့ရာမှာ မျက်နှာပျက်ခံမှာလား၊ မှတ်ကျောက်ထပ်တင်မှာလားဆိုတဲ့ အဖြေကအိုင်အယ်လ်အိုအဖွဲ့ကြီး ဆီမှာပဲရှိနေပါတယ်။ ။






















































