close
Connect with us

Hi, what are you looking for?

ဆောင်းပါး

သားငယ်ပြည့်စုံပါစေ

သူ့နာမည်က ပြည့်စုံအောင်တဲ့။ အသက်က ၈ နှစ်ပဲရှိသေးတယ်။ အရှေ့ဒဂုံ ၁၃ ရပ်ကွက်က ကျူးတဲတွေထဲ နေရတဲ့ သူ့သားကလေးကို အမေက နောင်တချိန် ပြည့်ပြည့်စုံစုံနေရအောင် ပြည့်စုံအောင်လို့ ပေးခဲ့သလားပဲ။ တကယ်တော့ ပြည့်စုံအောင်တို့ မပြည့်စုံပါဘူး။ အဖေရယ်၊ အမေရယ်၊ မောင်နှမ ၃ ယောက်ရှိတဲ့ သူတို့ ဘဝဟာ နုံချာလှပါတယ်။

(ပြည့်စုံအောင်တို့သားအမိ ကားတိုက်ခံရပြီးနောက် တွေ့ရစဥ် ဓာတ်ပုံ-ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်း Facebook)

Scorpio/People’s Spring

သူ့နာမည်က ပြည့်စုံအောင်တဲ့။ အသက်က ၈ နှစ်ပဲရှိသေးတယ်။ အရှေ့ဒဂုံ ၁၃ ရပ်ကွက်က ကျူးတဲတွေထဲ နေရတဲ့ သူ့သားကလေးကို အမေက နောင်တချိန် ပြည့်ပြည့်စုံစုံနေရအောင် ပြည့်စုံအောင်လို့ ပေးခဲ့သလားပဲ။ တကယ်တော့ ပြည့်စုံအောင်တို့ မပြည့်စုံပါဘူး။ အဖေရယ်၊ အမေရယ်၊ မောင်နှမ ၃ ယောက်ရှိတဲ့ သူတို့ ဘဝဟာ နုံချာလှပါတယ်။

အများတကာ မိခင်တွေလိုပါပဲ အမေက ပြည့်စုံအောင်ကို ပညာတတ်ကြီးဖြစ်စေချင်ပုံရတယ်။ မေတ္တာသင်္ဂဟပရဟိတအသင်းမှာဖွင့်တဲ့ နွေရာသီစာသင်ဝိုင်းမှာ ထားပေးတယ်။ ဒီနှစ်ကျောင်းဖွင့်ရင် ကျောင်းစထားပေးမယ်တဲ့။

ပြည့်စုံအောင်က ညဆို အမေနဲ့အတူ ပလုံကောက်ထွက်တယ်။ အမှန်တော့ ပလုံကနေ့ခင်းကောက်လို့ရတာပဲ။ မနက်ခင်းစောစောလည်း ကောက်လို့ရတာပဲ မှန်ပါတယ်။ ဒါပေမဲ့ ရန်ကုန်လို မြို့ကြီးမှာပလုံကောက်ရတာ ရိုးရှင်းမနေခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

တကယ်တော့ အများသူငါမြင်နေရတဲ့ အမှိုက်ကန်တွေမှာ ပလုံက ကောက်ချင်တိုင်းကောက်မရပါဘူး။ စည်ပင်အချိတ်အဆက်တွေနဲ့ ဘယ်သူကဘယ်ကန်ဆိုတာ ရှိပြီးသား။ အမှိုက်ကန်အတွက် ငွေစကြေးစ ပေးလိုကပေးရနဲ့။

မရှိလို့မှ ပလုံကောက်စားရတဲ့ ပြည့်စုံအောင်တို့အတွက် အမှိုက်ကန်ပေါ်တက်ခွင့်ရဖို့က အဝေးကြီးပေါ့။ ဒါ့ကြောင့် ညကြီးအချိန်မတော်ထပြီး ပလုံကောက်ကြရတယ်။

အဲဒီ မေ ၃၀ရက်ညက ပြည့်စုံအောင်အတွက် ဘဝတစ်သက်စာ မေ့မရတော့မယ့်ညပေါ့။ ည ၁၂ နာရီလောက်မှာ ဒဂုံမြို့သစ်မြောက်ပိုင်း ဦးဝိစာရလမ်းပေါ်မှာ အမေနဲ့ ပလုံတွေကောက်ရင်း လှည်းကလေးကို တွန်းလာခဲ့တယ်။ တွန်းလာရင်း ကားတစ်စီးက သူတို့နှစ်ယောက်လုံးကိုကော လှည်းကလေးကိုကော အရှိန်ပြင်းပြင်းဝင်တိုက်သွားတယ်။

လမ်းပေါ်မှာ ပြည့်စုံအောင်တို့ခက်ခက်ခဲခဲ ကောက်လာတဲ့ ဘူးခွံပုလင်းခွံတွေ ပြန့်ကျဲသွားတယ်။ အရှိန်ဟာ ဘယ်လောက်ပြင်းတယ်မပြင်းတယ် သူတို့လှည်းကလေးဟာဇောက်ထိုးဖြစ်သွားပြီးလှည်းဘီးတွေဟာ မိုးပေါ်ထောင်နေခဲ့တယ်။ ပြည့်စုံအောင်လည်း ဒဏ်ရာအနည်းငယ်ရပေမဲ့ လူးလဲထပြီး အမေ့ကိုကြည့်လိုက်တော့ အမေဟာ လှည်းဘေးနားမှာ ခွေခွေလေး လဲနေခဲ့တာ။ အ​မေအသက်တော့ ရှိသေးတယ်။

ပြည့်စုံအောင်ဟာ ခြောက်ကပ်နေတဲ့၊ လူသွားလူလာကင်းနေတဲ့ လမ်းမကြီးပေါ်မှာ “ကယ်ကြပါဦး၊ ကျွန်တော့်အမေကို ကယ်ကြပါဦး”လို့ အော်တယ်။ အာဏာသိမ်းပြီးကတည်းက ညမှောင်တာနဲ့ လူခြေတွေတိတ်သွားခဲ့တဲ့၊ အခုနောက်ပိုင်း ပေါ်တာဆွဲဖမ်းဆီးမှုတွေ၊ ရာဇဝတ်မှုတွေကြောင့် လူသူမထွက်တော့တဲ့ အဲဒီအချိန်၊ ပြည့်စုံအောင်ရဲ့ အော်သံကို ဘယ်သူကြားမလဲ။

အချိန်ခဏ အကြာမှာတော့ ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းကနေကား ၃ စီးနဲ့လာခေါ်ပေးခဲ့တယ်။ မြောက်ဥက္ကလာဆေးရုံအရောက်မှာတော့ အမေ အသက်မရှိတော့ဘူး။ အမေ့ကို အိမ်ပြန်ခေါ်လို့မရတော့ဘူးတဲ့။ ရင်ခွဲရုံမှာထားခဲ့ရမယ်တဲ့။ အဲဒီညက ပြည့်စုံအောင် အမေကော လှည်းကလေးကောမပါဘဲ အိမ်ပြန်လာခဲ့ရတယ်။

နောက်တစ်ရက် အမေ့ကို သင်္ဂြိုလ်မယ်တဲ့။ နာရေးချမယ်ပေါ့။ ဒါပေမဲ့ ဘာလို့ရယ်မသိဘူး အမေ့အလောင်းကို သင်္ဂြိုလ်ဖို့ ထုတ်မရသေးဘူးတဲ့။ ထောက်ခံစာတွေလိုတယ်တဲ့။

အလောင်းထုတ်ဖို့ ရဲစခန်းထောက်ခံစာလိုတယ်တဲ့။ဒါနဲ့ လူကြီးတွေ ယာဉ်တိုက်မှူဖြစ်တဲ့ မြောက်ဒဂုံရဲစခန်းမှာသွားယူကြတယ်။ မြောက်ဒဂုံစခန်းကလည်း သေသူက အရှေ့ဒဂုံမှာနေလို့ အရှေ့ဒဂုံစခန်းမှာ ယူရမှာလို့ပြောလိုက်ပြန်တယ်တဲ့။ ဒါနဲ့ပဲ အရမ်းဝေးတဲ့ အရှေ့ဒဂုံစခန်းကို သွားကြရပြန်တယ်။အရှေ့ဒဂုံစခန်းရောက်တော့လည်း ရပ်ကွက်လူကြီးထောက်ခံစာယူရမယ်ဆိုတော့ ရပ်ကွက်ထဲပြေးပြီး အုပ်ကြီးဆီ တခေါက်ပြန်ပြေးရပြန်ရော။

အမေ့အလောင်းထုတ်ရဖို့အရေး ထောက်ခံစာပတ်ယူနေရတာနဲ့တင် အဲနေ့က မီးသင်္ဂြိုလ်ဖို့ အချိန်မမီတော့လို့ ၃ ရက်နောက်ဆုတ်လိုက်ရတယ်။

၃ ရက်ပြည့်လို့ ပြန်သွားကြတော့ ရဲစခန်းဆီက ထောက်ခံစာမဟုတ်ဘဲ ယာဥ်တိုက်မှုမို့ ယာဥ်ထိန်းဆီက ယူရမယ်တဲ့။ အမေ့အလောင်း ထုတ်ပေးလို့မရဘူးတဲ့။ ဒါနဲ့ လူမှုကူညီရေးအသင်းကတာဝန်ရှိသူတွေ အကူအညီနဲ့ ယာဥ်ထိန်း ထောက်ခံစာ နောက်ဆုံးရခဲ့တယ်။ အလောင်းသွားထုတ်တော့မရသေးဘူးတဲ့။

ဧည့်စာရင်းစာအုပ်လည်းလိုတယ်တဲ့။ နောက်ပြီး အမေက ပထမအိမ်ထောင်ရှိဖူးလို့ဆိုပြီး ပထမအိမ်ထောင်က ယောကျာ်းနဲ့ မွေးထားတဲ့သမီးပါ ခေါ်လာရမယ်တဲ့။ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတွေ အကူအညီနဲ့ နောက်ဆုံးတော့ အေးခဲနေတဲ့ အမေ့ရုပ်အလောင်း ထုတ်ခွင့်ရခဲ့ပါတယ်။

ဒီနေ့(ဇွန် ၂) ပြည့်စုံအောင်ကို ကျောင်းထားပေးတဲ့ ဇွန် ၁ ရက်နေ့။ ပြည့်စုံအောင် ကျောင်းဝတ်စုံလေး ဝတ်ထားခဲ့တယ်။ ဒီမြင်ကွင်းကို သိပ်မြင်ချင်တဲ့အမေကတော့ မြင်သွားခွင့်မရခဲ့ဘူးပေါ့။အမေက ကျီစုသုဿန်မှာ ရောက်နေခဲ့ပြီ။

ပြည့်စုံအောင် နှုတ်ခမ်းလေး တင်းတင်းစေ့ထားတယ်။ တင်းထားတဲ့ကြားကမျက်ရည်တွေ ဝဲတက်လာတယ်။ အမေ့အလောင်းထားတဲ့နေရာကို လှမ်းကြည့်ရင်း သူ့မျက်နှာမှာ အားငယ်ရိပ်တွေ၊ မျှော်လင့်ချက်မဲ့မှုတွေ ပေါ်လွင်နေတယ်။

အမေ့ကို ပြည့်စုံအောင် ဦးချကန်တော့ခဲ့တယ်။ အမေ့ကို သင်္ဂြိုလ်ပြီးတော့ သုဿန်ကနေ ပြန်လာခဲ့တယ်။ လူမှုကူညီရေးအသင်းကားပေါ်ရောက်တော့ ပြည့်စုံအောင် မှေးခနဲအိပ်ပျော်သွားတယ်။ သူပင်ပန်းနေပြီလေ။ ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပလုံလောက်တဲ့ တွန်းလှည်းကို ကားဝင်တိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှူကူညီရေးအဖွဲ့တာဝန်ရှိသူကအသိပေးထားပါတယ်

သတင်း

နေပြည်တော်တွင် ဆိုင်ကယ်ဖြင့် ပလုံကောက်သော မိသားစုအား ကားတစ်စီးက တိုက်မိရာ ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားသည်။